မောင်စွမ်းရည်

Maung Swan Yi – Poem

တောင်သမန် ဆုတောင်း
မောင်စွမ်းရည်
မေ ၂၊ ၂၀၁၃


တောင်သမန် တောင်လေးလုံးကို
ရုံးစု ရုံးစုနဲ့  အပြုံတုကြီး ရောက်လို့လာ။
တောင်သမန် မယ်ဇယ်တန်းနဲ့
ကမ်းစပ်က သာ …။
ဒီကမ်းစပ် ဒီနေရာ
ရေပြာပြာနဲ့ ဂယက်လှိုင်း
ဒီအင်း  ဒီတံတားနဲ့
ဒီအနားမှာ ဒီဆွေချစ်တွေနဲ့
ဒီခေတ်မှာ ဒီစာအရေးတွေရော
ဒီနှစ်မှာ ဒီကဗျာ အတွေးတွေရော
အရေးသစ်စေဖို့
ကြွေးဟစ်သမိုင်း …။
ကင်းခြေများလိုပဲ
တံတားက တိုင်ထောင်ရာ
ကွေ့ယောင် ကောက်ယောင်နဲ့
တောင်သမန် အင်းပေါ်လွှား
တွားတဲ့ ပမာ။
တံတားကသာ
ကာရန်က မြူး
အသွား အလာ
စာဟန်က ထူး။
တံငါမောင် ပိုက်ကွန်ဖြန့်သည်သို့
ကဗျာမောင် ကာရန်ဆန့်ကာ
ဖြန့်သည့်စိတ်ကူး ..။ 
ဖွားသက်ရှည် သည်နေရာ
သဒ္ဓါတဲ့ သည်ကမ်း
သားသက်ဝေ သည်နေရာ
ကဗျာနဲ့ ကြည်လန်း။
သူ့မြေး သူ့မြစ်တွေနဲ့
သူ့ချစ်သူ ဆွေအပေါင်း
တောင်းဆုစခန်း
ပြည်သစ် ပြည်သာ
ညီညာစေသော
ငြိမ်းချမ်းစွာ ဖွံ့ဖြိုး 
တိုးတက်စေသော …။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts