>talks with Zargana – part 2

>

ဇာဂနာနှင့်အင်တာဗျူးများ – အပိုင်း ၂
YPI, DVB, VOA
အောက်တိုဘာ ၁၄၊ ၂၀၁၁

(ဓာတ်ပုံ-AP)

နိုင်ငံရေးနဲ့ အနုပညာကို ဆက်လုပ်သွားမယ် ဆိုတဲ့ ဇာဂနာနှင့် အင်တာဗျူး

Yangon Press International အောက်တိုဘာ ၁၂


နိုင်ငံကျော် စွယ်စုံ အနုပညာရှင် ဇာဂနာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းဖြစ်ပွားစဉ် သံဃာ့များအား ဆွမ်းကပ်သည့် ကိစ္စဖြင့် တကြိမ်ခေါ်ယူ စစ်ဆေးခြင်းခံရသည်။ ထို့နောက် လအနည်းငယ်အကြာ နာဂစ် မုန်တိုင်း ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည်။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရပြီး အီလက်ထရွန်နစ် အက်ဥပဒေ၊ နိုင်ငံတော် အစိုးရအား အကြည်ငြိုပျက်အောင် လုပ်ဆောင်မှု အစရှိသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၅၉ နှစ် ချခဲ့သည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၃၅ နှစ်သို့ ပြောင်းလဲသွားသည်။ ယမန်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာခဲ့သည်။ ယခု အင်တာဗျူးမှာ နေအိမ်သို့ ရောက်ရှိပြီး နာရီပိုင်းအကြာတွင် ပြုလုပ်ထားခြင်း ဖြစ်သည်။

YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။
ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီ ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်းဓာတ်ပုံ ပါလို့ တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာ တင်ရဦးမှာလား၊ မုန်တိုင်းတိုက်တဲ့အလုပ်ကို ခဏ ရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့ တဲ့၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ၊ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ ဒီတော့ ဒီအမှုက သဘာဝ မကျတော့ဘူး၊

နောက် အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီ အင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာ ဘယ်လောက်ကောင်းလဲဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဖူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြော တဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး တဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

YPI အထဲမှာနေခဲ့တဲ့ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ။

ဖြေ အထဲမှာတော့ ဒီလိုပါပဲ၊ အရင်တုန်းက အခြေအနေနဲ့ ခုအခြေအနေနဲ့ တော်တော် ကွာသွားပါပြီ၊ ဒီနေ့ ခေတ်က တော်တော် ပြုပြင် ပြောင်းလဲသွားပြီ။ အရင့်အရင် ခေတ်ကနဲ့တော့ တော်တော် တိုးတက်နေပြီ၊ အနီးဆုံး တိုးတက်မှုကို ပြောရရင် ကြိုက်သလောက် လမ်းလျှောက်ခွင့်ရှိတယ်။ တနေ့မှာ ၂၄ နာရီ ရှိရင် ၂၄ နာရီလုံး အခန်းထဲမှာ ပိတ်နေရတယ်။ အခုတော့ ၁၂ နာရီလောက် လမ်းလျှောက်ခွင့် ရသွားပြီ။

YPI ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ရော ဘယ်လိုတွေပေးခဲ့လဲ။

ဖြေ အဲဒါတော့ အရင်ရောက်ခါစက သိပ်အဆင်မပြေဘူး၊ အခုနောက်ပိုင်း ဆရာဝန်တွေထားပြီ၊ အဲဒီမှာပဲ ဆရာဝန်တွေရှိတယ်။ ကျွန်တော်ဆို အဲဒီထောင်က ဆေးလာကုပေးတဲ့ ဆရာဝန်တွေရဲ့ ဆေးနဲ့ တော်တော်တည့်တယ် လို့ပြောလို့ရမယ်။ ကျန်းမာရေး ဒီနောက်ပိုင်း တစ်နှစ် တစ်နှစ်ခွဲအတွင်း ကောင်းပါတယ်။

YPI နိုင်ငံရေး အရပြောင်းလဲမှု ရှိတယ်လို့ မြင်လား

ဖြေ ပြောင်းလဲမှု ရှိသလားတော့ ပြောရင်တော့၊ ကျွန်တော့ စိတ်ထဲ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ မနေ့ကထိ ပြောင်းလဲမှု ရှိသလိုလို ထင်တယ်။ ဒီနေ့တော့ မထင်တော့ဘူး၊ ဒီနေ့ မနက် လူလွှတ်တဲ့ အပေါ် မူတည်ပြီး ကြည့်လိုက်တော့ ပြောင်းလဲချင်ရင် ဒီလို မလုပ်ပါနဲ့ ဒါက တွန့်တိုလွန်းတယ်။ လွှတ်စရာရှိရင် လွှတ်လိုက်ပါ အားလုံး၊ ဘာဖြစ်လို့လဲ၊ သဘောထားကြီးပါ၊ အာဏာရှိတဲ့သူက သဘောထားကြီးပါ၊ အာဏာမရှိတဲ့ သူက ဘာလို့ သဘောထားမကြီးလို့ ရလဲ၊ သူက သဘောထား မကြီးသမျှကာလပတ်လုံး ကျွန်တော်တို့လည်း ဘယ်လို နားလည်ရမလဲ။ အဲတော့ ပြောင်းလဲချင်လား၊ တကယ်ပြောင်းလဲချင်တယ် ဆိုရင် အကုန်လွှတ်ပေးလိုက်ပါ၊

အကုန်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်တို့က ပြောရင် နိုင်ငံရေးနဲ့ ကျတဲ့ကောင်မို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါလို့ ပြောတယ် ထင်မယ်။ မဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် အကုန်လွှတ်ပေးလိုက်ပါ။

YPI အပြင်ပြန်ရောက်တော့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ လောလောဆယ်တော့ ယတိပြတ် မဆုံးဖြတ်ရသေးဘူး၊ နိုင်ငံရေးနဲ့ အနုပညာ အလုပ်က နကိုကတည်းက ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့်၊ ဒီအလုပ်နှစ်ခုကျွန်တော် လုပ်သွားမှာပါ။ အဲဒီအတွက် လောလောဆယ် ထပ်ပြီး ဦးစားပေးလို့ပြောရရင် ပထမ နိုင်ငံရေးပဲ၊ ဒုတိယက အနုပညာပဲ၊

သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့ အသက်ကို အ​ပေါင်ထား​ပါမယ်
ဒီမိုကရက်တစ်မြန်မာ့အသံ – အောက်တိုဘာ ၁၂


နိုင်ငံ​ကျော် ဟာသအနုပညာရှင်၊​ လူမှုကူညီ​ရေး​လုပ်ငန်း​လုပ်​ဆောင်သူ သရုပ်​ဆောင် ဒါရိုက်တာ ​မောင်သူရ (ခေါ်) ဇာဂနာ ဒီက​နေ့ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့ ကချင်ပြည်နယ်မြစ်ကြီး​နား​ထောင်က ပြန်လွတ်ပါတယ်။

မြစ်ကြီး​နား​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၈ ဦး​ရှိတဲ့​အနက် သူအပါအဝင် သုံး​ဦး​သာ လွတ်​မြောက်တယ်လို့ သူက ​ပြောပါတယ်။ ပြန်လည်လွတ်​မြောက်လာတဲ့​ ကိုဇာဂနာကို ​မေး​မြန်း​ထား​ပါတယ်။

မြစ်ကြီး​နား​ထောင်က ထွက်တယ်ဆို​တော့​ လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေကို ​ပြောပြ​ပေး​ပါလား​။

“​ကောင်း​ပါတယ်။ ဒီ​နေ့က ​လေယာဉ်​ပေါ် စမ​ရောက်ခင်ကတည်း​က အခုချိန်ထိ မြန်မာပြည်က ပြုပြင်​ ပြောင်းလဲလာ​တော့​ စတုတ္ထမဏ္ဍိုင်များ​နဲ့ တိုး​နေ​တော့​ ​ခေါင်း​တွေလည်း​ ကိုက်၊​ လည်ပင်း​တွေလည်း​နာ ဖြစ်ကုန်တာပဲ။”

အခု ဒီတကြိမ် ​ထောင်က​နေထွက်တဲ့​အချိန်က အရင်ကလို စစ်အစိုး​ရ​ခေတ် မဟုတ်​တော့​ဘူး။ သမ္မတဦး​သိန်း​စိန် အုပ်ချုပ်တဲ့​ခေတ် ​ရောက်ပြီဆို​တော့​ ပိုပြီး​ လွတ်လပ် ပွင့်​လင်း​လာမှာ​ပေါ့​။

“အဲဒီလိုကြီး​တော့​ ဟုတ်တယ်လို့ မ​ပြောချင်ဘူး​။ ဘာလို့လဲဆို​တော့​ ​ထောင်က လွတ်တာ​လေး​တခုကိုပဲ ကြည့်​ပြီး​ ပိုပြီး​ လွတ်လပ် ပိုပြီး​တော့​ ပွင့်​လင်း​လာတယ်လို့ ​ကောက်ချက် မဆွဲနိုင်ဘူး​။ ကျ​နော်က​တော့​ သိပ်ပြီး​ ထူး​ခြားတဲ့​ ​ပြောင်း​လဲမှုကို မ​တွေ့​ရ​သေး​ဘူး​လို့ ​ပြောချင်တယ်။”

(ဓာတ်ပုံ-AP)

ကိုဇာဂနာတို့ အကျဉ်း​ထောင်ထဲမှာ အရင်တုန်း​ကလိုမဟုတ်ဘဲနဲ့ စာအုပ်စာ​ပေ​တွေ ဖတ်ခွင့်​ရတယ်၊​ ရုပ်မြင်သံကြား​တွေ ကြည့်​ခွင့်​ရ​တော့​ အပြင်​လောကမှာ ဖြစ်ထွန်း​ တိုး​တက်မှု​တွေ အကုန်သိတယ်လို့ ယူဆနိုင်လား​။

“အဲဒီလို​တော့​ ယူဆနိုင်ပါတယ်။ အထဲမှာ သတင်း​စာဖတ်ရတယ်။ ဂျာနယ်လည်း​ ဖတ်ရတယ်။ တပတ်ကို ဂျာနယ် ၁၂ ​စောင်၊​ ၁၃ ​စောင် ဖတ်ရတဲ့​အတွက် ဂျာနယ်ထဲက ဖြစ်​ပေါ်​ပြောင်း​လဲတာ​တွေ၊​ ဓာတ်ပုံ​တွေ သတင်းတွေ ဖတ်ရတယ်။ အဲဒီအတွက်​ကြောင့်​ အို​ကေပါတယ်။ တီဗွီက​တော့​ လွတ်သာလာတယ် မကြည့်​ရပါဘူး​။”

ထောင်ထဲက မထွက်လာခင်အချိန်ထိ မြန်မာပြည်နိုင်ငံ​ရေး​ တိုး​တက်မှု​တွေ အ​ပေါ်မှာ ဘယ်လိုများ​ ​ကောက်ချက် ဆွဲချင်ပါသလဲခင်ဗျ။

“မ​နေ့က ထိ​တော့​ ​ပြောင်း​လဲမှုကို ဦး​တည်​နေတယ်လို့ အန်တီက​ပြောတယ်​လေ။ ပြုပြင်​ပြောင်း​လဲ​နေပါပြီလို့ သူမ​ပြောဘူး​ တဲ့​။ ပြုပြင်​ပြောင်း​လဲ​နေတယ်လို့ သူထင်တယ်လို့ ပြုပြင်​ပြောင်း​လဲတဲ့​ လမ်း​ကြောင်း​ဘက်ကို သွား​နေတယ်လို့ ထင်တယ်လို့ သူက​ပြောတယ်။ မ​နေ့ကထိ​တော့​ အဲလိုပဲယုံတယ်။ ဒီ​နေ့မနက်​တော့​ မယုံချင်​တော့​ဘူး​။ ပြုပြင်​ပြောင်း​လဲ​နေတာ ဟုတ်မှ ဟုတ်ရဲ့လား​လို့ သံသယ ဝင်သွား​တယ်။ ဘာ​ကြောင့်​လဲ ဆို​တော့​ ​ထောင်ထဲမှာရှိတဲ့​ လူ​တွေကို ဘာ​ကြောင့်​ မလွှတ်တာလဲ အဲဒါကို နား​မလည်ဘူး​။ အခု လွှတ်လိုက်တယ်ဆိုတာ မဖြစ်စ​လောက်​လေး​ လူနည်း​နည်း​လေး​ပဲ။ ဗမာပြည် ​ထောင်ထဲမှာရှိတဲ့​ လူ​တွေအကုန်လုံး​ကို လွတ်​စေချင်တယ်။ ယုတ်စွအဆုံး​ ဗိုလ်ချုပ်ခင်ညွန့်​ကိုပါ လွှတ်​ပေး​စေချင်တယ်။ ဘာလို့လဲ ဆို​တော့​ ဦး​သိန်း​စိန် လက်ထက်မှာ ဖမ်း​ထား​တဲ့​လူ​တွေ မဟုတ်ဘူး​။ ဦး​သိန်း​စိန်လက်ထက်မှာ ပြစ်ဒဏ် ချမှတ်ခံထား​ရတဲ့​သူ​တွေလည်း​ မဟုတ်ဘူး​။ တပ်မ​တော်​ထောက်လှမ်း​ရေး​က လူ​တွေ​ရော အ​ကောက်ခွန်က လူ​တွေ​ရော အကုန်လုံး​ လွှတ်​ပေး​လိုက်ပါ။ တိုင်း​ပြည်ကို ပြန်ပြီး​တော့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ကို လိုချင်တယ်ဆိုရင် ဒီလူ​တွေကို ဘာလို့ ဒီ​လောက်ထိ ထား​မှာလဲ။ ဘာလို့ တို့တိတို့တိ လုပ်​နေမှာလည်း​။ ဒီ​ပေါ်မှာမူတည်ပြီး​တော့​ ​ပြောင်း​လဲမှုဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့ အလွန်ခက်သွား​ပါတယ်။ ကျ​နော့်​ကို လွှတ်​ပေး​တဲ့​အတွက် ​ပြောင်း​လဲသွား​ပါပြီလို့ မ​ပြောပြနိုင်ဘူး​။”

ဒီဟာနဲ့ပတ်သက်ပြီး​တော့​ လွှတ်​တော်​တွေမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလည်း​ လွှတ်​ပေး​ဖို့ဆိုတဲ့​နေရာမှာ ဝန်ကြီး​တ​ယောက်က​နေ အား​လုံး​လွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲဆိုပြီးတော့​ ပြန်လည်​ မေး​ခွန်း​ထုတ်ပါတယ်။ အဲဒီအစိုး​ရ ဝန်ကြီး​ရဲ့ စိုး​ရိမ်ပူပန်မှုက တကယ်​ရော မဖြစ်နိုင်ဘူး​လား​။ ကိုဇာဂနာတို့ရော ဘယ်လိုမြင်ပါလဲ။

“အဲလိုဆိုရင် ကျ​နော်ကလည်း​ ပြန်​ပြောစရာ စကား​ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး​တော့​ ​ပြောကြမယ်ဆိုရင် ကျ​နော် သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့ အသက်ကို အ​ပေါင်ထား​ပါမယ်။ အဲဒီလူ​တွေလွှတ်လိုက်လို့ တိုင်း​ပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျ​နော့်​ကို အရင် သတ်လိုက်ပါ။ ကျ​နော့်​ဘက်က ပြန်စိန်​ခေါ်တာပဲ။ ​ကြေး ထပ်မယ် ဆိုရင် အပြတ်ထပ်၊​ အသက်ကို ထပ်တယ်။”

ဒီတ​ခေါက်ပြန်လည်လွတ်​မြောက်လာချိန်မှာ အရင်ကလို မဟုတ်ဘဲနဲ့ သမ္မတ​ခေတ်၊​ ဒီမိုက​ရေစီအစိုး​ရဆိုတာကို သူတို့အစိုး​ရက ​ကြေညာ​နေတယ်။ အဲဒီအခါမှာ ပြည်ပမှာရှိတဲ့​ အယူအဆ မတူသူ​တွေလည်း​ ပြန်လာမယ်ဆိုရင် လာခွင့်​ပြုတယ် ဆိုပြီး​ ကမ်း​လှမ်း​နေတဲ့​အချိန်နဲ့ကြုံတော့​ ပြည်ပမှာရှိတဲ့​မြန်မာပြည်သား​တွေကို ကိုဇာဂနာအ​နေနဲ့ ဘယ်လိုအမြင်ရှိလဲ။ ချက်ချင်း​ပြန်လာသင့်​လား​။ ဘယ်လိုသုံး​သပ်လဲ။

“တခွန်း​တည်း​ပဲ တိုတို​လေး​ပြောရမယ်ဆိုရင် ​စောင့်​ကြည့်​ကြပါဦး​လို့ ​ပြောချင်တယ်။”

အပြင်​လောကမှာ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေမှာ ဘယ်လိုမျိုး​ ပါဝင်မယ်လို့ ပြင်ဆင်ထား​ပါသလဲ။

“ကျ​နော့်​ရဲ့ စိတ်ကူး​ပေါ့​။ အသက်အရွယ်ကလည်း​ ရလာ​တော့​ လူငယ်​တွေရဲ့ လက်ထဲကို ဒီနိုင်ငံ​ရေး​နဲ့ ပတ်သက်တဲ့​ နား​လည်တဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ကျွမ်း​ကျင်တဲ့​ လူငယ်​တွေ အ​မြောက်အမြား​ ​ပေါ်ထွန်းလာဖို့ အတွက် အဓိက ပညာ​ရေး​ပိုင်း​ကို အား​ပေး​ပြီး​တော့​ အဲဒီဘက်မှာ ကိုယ်စွမ်း​ ဉာဏ်စွမ်း​ရှိသမျှ ဝင်လုပ်​ပေး​ချင်တယ်။ လူငယ်​တွေကို အဓိက ပြုစုပျိုး​ထောင်​ပေး​ချင်တယ်။ ဒါပါပဲ။”

ကိုဇာဂနာက​နေ မြစ်ဆုံ​ရေကာတာ စီမံကိန်း​နဲ့ ပတ်သက်လို့ ဘယ်လိုအမြင် ရှိပါသလဲ။

“အခုလည်း​ ပြီး​သွား​ပြီပဲ။ အခုချိန်မှာ​တော့​ မ​ဝေဖန်ချင်​တော့​ဘူး​။ လုပ်သင့်​ လုပ်ထိုက်တဲ့​လူ​တွေလည်း​ လုပ်ပြီး​ပြီ။ ကျ​နော်တို့လည်း​ နား​လည် မတတ်ကျွမ်း​ပါဘူး​။ သို့သော် ဆန္ဒ​လေး​တခုအ​နေနဲ့ပဲ လုပ်​ပေး​ခဲ့​တာ။ အဲ​တော့​ လုပ်ကြတဲ့​သူ​တွေအတွက်လည်း​ ဝမ်း​သာပါတယ်။”

ကိုဇာဂနာ​ရေ အခု ဒီသမ္မတကြီး​ရဲ့ ကမ်း​လှမ်း​ချက်အရဆိုရင် ကိုဇာဂနာရဲ့ တပည့်​တွေကိုလည်း​ ​ပြောလို့ရပါတယ်။ သီး​လေး​သီး​ သီး​ညီ​နောင်​တွေက တချို့က ဗမာပြည်ကို ပြန်သွား​တယ်။ တချို့က​တော့​ ကျန်​နေခဲ့တယ်။ အဲ​တော့​ ဘယ်လိုမျိုး​ တပည့်​လက်သား​တွေအ​ပေါ်မှာ ဇာတ်နဲ့ပတ်သက်လို့ ဘယ်လိုများ​ ဆက်လက်​ဆောင်ရွက်ပါမလဲ။

“အသီး​နှစ်သီး​ရော ​ဂေါ်ပြား​ရော ရှိတယ်။ ၂ သီး​လုံး​က ပုပ်​နေ​တော့​ ​ဂေါ်ပြား​ကော်တာ​ပေါ့​။ ဒီသ​ဘောပါပဲ။ ကျနော် သူတို့နဲ့လည်း​ မ​ဆွေး​နွေး​ရ​သေး​ဘူး​။ တခြား​လူ​တွေနဲ့သာ စကား​ပြော​နေရတာ။ သူတို့ကိုလည်း​ ပွင့်​ပွင့်​လင်း​လင်း​ ​မေး​စရာရှိတာ ​မေး​ရဦး​မယ်။ ကျ​နော် မကြိုက်ဆုံး​စကား​က သူတို့ရဲ့ အင်တာဗျူးထဲမှာ ပါတဲ့​ ပြည်ပမှာရှိတဲ့​ နိုင်ငံ​ရေး​သမား​တွေနဲ့ ပတ်သက်ပြီး​တော့​ သူတို့ပြောတဲ့​ စကား​ကို ကျ​နော် မကြိုက်ဆုံး​ပဲ။ အဲဒါနဲ့ပတ်သက်ပြီး​တော့​ သူတို့ကို ပွင့်​ပွင့်​ လင်း​လင်း​ ​မေး​ရမယ်။ ကျ​နော့်​စိတ်ထဲမှာ မ​ကျေနပ်ရင်လည်း​ သူတို့ကို အ​မွေဖြတ်ဖို့ ဝန်မ​လေး​ပါဘူး​။”

ဇာဂနာပြောသော လွှတ်တော်အမတ်ရဲ့ အိုင်ကျူ
VOA အသံလွှင့်ဌာန၊ အောက်တိုဘာ ၁၂


ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗွီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံးဟာသ။

“အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တယ်။ အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ အိုင်စတိုင်းရေ၊ ကျနော်ကတော့၊ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲ နှုတ်ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန် ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့။

ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲ ရှိတယ် အိုင်စတိုင်း ဆိုပြီးတော့။ ဟာ ကောင်းပြီဗျာ တဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့ တဲ့။

နောက်တယောက် ထပ်ပြောတယ်၊ ကျနော်ကတော့ ၁၂၀ ဘဲ ရှိတယ်ဗျ တဲ့။ ဟာ ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ် တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်၊ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေ တဲ့၊ ကျနော်ကတော့ အိုင်ကျူ ၅၀ ပဲ ရှိပါတယ်ဗျား။ ဟား….. ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲ တဲ့။”

ဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံး ဟာသ တခုဖြစ်ပါတယ်။

ဇာဂနာနှင့်အင်တာဗျူးများ – အပိုင်း ၁ တွင် RFA မဇ္ဈိမ ဧရာဝတီ BBC The Voice Eleven Media Group တို့နှင့် ဇာဂနာ၏ အမေးအဖြေများကို စုစည်းထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts