>Kamar Pale – Essay

>

ဧကရီမ၏ သစ္စာ၊ အငြိုးတကြီးမိုးနှင့် နှင်းသို့ လွမ်းချင်း
ကမာပုလဲ
အောက်တိုဘာ ၁၁၊ ၂၀၁၁


ဒီနေ့ နံနက်ခင်းမှာ ဆောင်းရဲ့ရနံ့ကို ရလိုက်သည်။ မြောက်ပြန်လေညင်းကလေးမှ တဆင့်ဖြစ်သည်။ တဒင်္ဂကလေး၊ အခိုက်အတန့် ကာလ အပိုင်းအခြားကလေးဆိုပေမယ့် ဆောင်းရဲ့ မြမြကလေး အေးနေပုံ၊ လေညင်းကလေးရဲ့ ယဉ်ကျေးသိမ်မွေ့ပုံ၊ ရရှိလိုက်တဲ့ ရနံ့ထဲမှာ မြပုရစ်ဖူး ကလေးများ၏ ဖူးသစ်ရှင်သန်မှုကို သေသေချာချာ ခံစားလိုက်ရပါသည်။

ထို တခဏ ဆောင်း၏ရနံ့ကလေးသည် ဧည့်သွား၊ ဧည့်လာ ဆန်နေသော်ငြား ကျနော့်ရင်ထဲ အေးမြနေခဲ့သည်။ စိတ်ကူးထဲမှာ တနေ့လုံး နေရာယူနေခဲ့သည်။ မုန်တိုင်းတွေ၊ မိုးကြီးတမတွေ အဆက်မပြတ် တိုက်ခိုက်ရွာသွန်းနေသည့် ထိုအရပ်သို့ ဆောင်း၏ အပျိုစင်မကလေး သည် မည်သို့သောခရီးကြမ်းကို ဖြတ်သန်းကျော်လွှား လွန်မြောက်လာပါသနည်း။

မနှစ်တုန်းဆီက ရာသီပျက်မိုးတွေအောက်မှာ ပျောက်ဆုံးခဲ့ရသော ဆောင်းသည် အနိုင်မခံ အရှုံးမပေးသည့်ခံစားချက်ဖြင့် သူရှိနေသည့် အကြောင်း မရောက်ရောက်အောင်လာကာ ကိုယ်ထင်ပြခဲ့လေသလား။ နွေ၊ မိုး၊ ဆောင်း ဟူသည့် သုံးရာသီ အလှည့်ကျ နေထိုင်လာခဲ့သည့် ထက်ရပ်ဝန်းကျင်တွင် ဆောင်းက သူ့အချိန်၊ သူ့နေရာအတွက် တိုက်ပွဲဝင်နေသည်လား …။

ကျနော် လက်ရှိရောက်ရှိနေသည့်အရပ်တွင် မုန်တိုင်းတွေဖြစ်၊ မိုးတွေ သဲသဲမဲမဲ ရွာသွန်းနေခဲ့ပါသည်။ ဆည်ရေတွေ ဖောက်ထုတ်ခဲ့ရသည်။ လမ်းမ ထိုထိုသည် ရေအောက်သို့ နစ်မြုပ်နေခဲ့သည်။ ခရီးသွားယာဉ်များ မသွားနိုင်၊ မလာနိုင်ဖြစ်နေသည်။ လမ်းတွေ ရေတိုက်စား ပျက်စီး ကုန်သည်။ အိမ်ခြေ၊ ယာခြေများကို ရေစီးက သယ်ဆောင်ဖျက်ဆီးပစ်ခဲ့သည်။ စိုက်သမျှ၊ ပျိုးသမျှ သီးနှံပင်ကလေးများသည်ကား …။

ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်ကျနေသော အိမ်နီးခြင်းနိုင်ငံ၏ မြို့တော်သည် ရေတို့ ဖုံးလွှမ်းမင်းမူနေခြင်းကို ခံနေရသည်။ မီဂါစီးတီး (Mega City) ဟုသတ်မှတ်ခံထားရသည့် ထိုမြို့တော်တွင် လူဦးရေ (၁၆) သန်းခန့် နေထိုင်နေသည်ဟု သိရသည်။ မုန်တိုင်းတခု တိုက်ခိုက် ပြီးနောက် နောက်ထပ်မုန်တိုင်းတခုက လာရောက်ဦးမည်ဟု ခန့်မှန်းသူတွေက အတိအကျဆိုနေပြန်သည်။ သဘာဝတရားသည် မည်သို့ သော အငြိုးမျိုးဖြင့် ကမ္ဘာမြေကို ရက်စက်ချင်နေပါသနည်း။

ဒီနှစ်၏ မတ်လ နွေခေါင်ခေါင်ရာသီထဲမှာပင် ဂျပန်တွင် ငလျင်ကြီးလှုပ်ခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာထဲမှ ဧရာမဆူနာမီ ရေလှိုင်းကြီးများ ဂျပန် နိုင်ငံ၏ ကမ်းခြေ မြို့ပြများပေါ် တက်လာဖျက်ဆီးသွားခဲ့သည်။ ငလျင်ဗဟိုချက်နှင့် နီးရာအရပ်တွင်ရှိသော နြူကလီးယား ဓာတ်ပေါင်းဖိုများ ဆက်တိုက်ပေါက်ကွဲပျက်စီးခဲ့သည်။ ထိုအရပ်သည် ရေဒီယိုသတ္တိများကြွကာ နြူကလီးယား ဓာတ်ငွေ့အဆိပ်တို့သင့်လျက်။ ဆိုင်ရာက ထိုအရပ်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။ လူများ၊ အဆောက်အဦများ၏ ပျက်စီးဆုံးရှုံးမှုကား မတွေးရက်လောက် အောင်ပင် ဖြစ်ခဲ့ရသည်။ တလောလေးကပင် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းကိုယ်တိုင်က ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုများ ဖောက်ပြန်ပျက်စီးနေပြီဖြစ်ကြောင်း ၀န်ခံစကားကို ပြောခဲ့သည်။ ဖန်လုံအိမ် အာနိသင်မှစ၍ လူတချို့၊ နိုင်ငံအချို့၏ လောဘ အကျိုးစီးပွားအခြေခံပေါ်တွင် ယခုလို ကမ္ဘာကြီး နာကျင်ပျက်စီးနေရကြောင်းကို ထောက်ပြ၀န်ခံလိုက်ခြင်းဖြစ်သည်။ သြစတေးလျ နိုင်ငံ တွင် တရားဝင်ပြောခဲ့ခြင်းဖြစ်ပါသည်။

ကွယ်လွန်သူ စာရေးဆရာကြီး ဆရာမြသန်းတင့်၏ (ထက်အောင် ကလောင်အမည်ဖြင့် ရေးခဲ့သည်ထင်ပါသည်) ဘာသာပြန် ရသစာတမ်း တပုဒ်တွင် “အက်ဆစ်မိုး၊ ခရမ်းလွန်ရောင်ခြည် နွေဦးနှင့် နြူကလီးယားဆောင်း” ဟု အမည်ပေး ရေးသားချက်ကို ဖတ်ခဲ့ရဖူးပါသည်။ မိုးသည် ကြည်လင်အေးမြသန့်ရှင်းနေသော မိုးစက်ကလေးတွေ မဟုတ်တော့ အဆိပ်သင့် အက်ဆစ်ရည်တွေ ဖြစ်နေသည်။ နွေဦး၏ နွေးမြနေခြည်သည်လည်း အိုဇုန်းလွှာအပေါက်မှတဆင့် ပူလောင်ပြင်းပြလှသည့် ခရမ်းလွန်ရောင်ခြည်တို့ ကဲလျက်၊ ဆောင်း၏ အေးမြမှု သည်ကား ကြောက်မက်ဖွယ်နြူကလီးယားအဆိပ်တို့သင့်နေပုံကို ကမ္ဘာကြီး၏ လက်တွေ့ဖြစ်ပျက်နေမှုများ၊ လူသားတို့ကိုယ်တိုင် လက် တွေ့ခံစားနေရမှုများမှ အဖြစ်မှန်အတိုင်း တင်စားရေးဖွဲ့လိုက်သည့် ရသစာတမ်းကလေးပင် ဖြစ်ပါသည်။

ဒီကြားထဲ ဗမာပြည်၏ သမိုင်းဝင် ဧကရီ မြစ်မင်းဧရာဝတီတွင် မြစ်ဆုံမှနေ ရေကာတာတွေ ဆောက်ဖို့ စီမံကြ၊ စာချုပ်လက်မှတ်တွေ ထိုးကြ လုပ်ကြပြန်သည်။ ဧရာဝတီတွင်သာမက သံလွင် တွင်လည်း ဆောက်ဦးမည်။ နောက် ချင်းတွင်း၊ စစ်တောင်း … လာပြန်ဦးမည်။ ဗမာပြည်၏ အာဏာချုပ်ကိုင်ထားသူများကလည်း ဦးနှောက် သစ်ခေါင်း၊ နှလုံးသားမဲ့၊ သူတို့ အာဏာတည်မြဲရေးကိုသာ ကြည့်မြင်လုပ်ကိုင်နေပါသည်။ ကိုယ်ကျိုးစီးပွားအဓိက တပါးနိုင်ငံ ကုမ္ပဏီများကလည်း နောက်ခံ အစိုးရများ အားကိုးဖြင့် မုဆိုးမအိမ်က မရှိမဖြစ် စိုက်ခင်း၊ ပျိုးခင်းကိုပင် မရှက်မကြောက် မျက်နှာပြောင်တိုက် ၀င်ရောက်ဖျက်ဆီးဖို့ ကြိုးစားနေကြသည်။ လူတန်းစား၊ လူ့အလွှာအသီးသီး၏ ဆန့်ကျင်ကန့်ကွက် မှုများ ကမ္ဘာအနှံ့ ညံနေအောင်ဆူသွားသည့်အခါကျမှ နတ်စကား ပြောကာ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ပါမည်ဟု ပြောသည်။ လူထုတိုက်ပွဲ၏ အောင်မြင်မှုတခုဟု ခံစားလိုက်ရသည်။ သို့သော် တိုက်ပွဲကား မပြီးသေး။ အဆုံးသတ်အောင်ပွဲသို့ မရောက်ရှိသေး။ အမှန်တရားအတွက် တိုက်ပွဲဝင် ခရီးကြမ်းကား ဆက်လက်ဆင်နွှဲနေရဦးမှာ သေချာသည်။

ခုလိုကာလမျိုးမှာ မီဒီယာဝေဖန်ရေးများကလည်း ဆူညံပွက်လောရိုက်နေသည်။ ကွန်ပြူတာနှင့် အင်တာနက်သုံးနိုင်ရင် လူတိုင်း ဝေဖန်စာ ရေးခွင့်၊ ရေးနိုင်သည့်ခေတ်မို့ ပိုလို့ပင်ဆူညံနေတော့သည်။ ဒီမိုကရေစီအခွင့်အရေးအရ ဝေဖန်ရေးရှိရပါမည်။ သို့သော် ဝေဖန်ရေးကို ဘယ်အခြေခံပေါ်တွင် သတ်မှတ်ရပ်တည် ဝေဖန်မည်လဲ။ ကိုယ့်ဆန္ဒစွဲ၊ ကိုယ့်အတ္တဖြင့် ပြောချင်ရာ ပြောရရင်ပြီးရော ဝေဖန်ကြမည်လား။ မိတ်ဖက်နှင့် ရန်ဖက်၊ ဘီလူးစည်းနှင့် လူ့စည်း မခွဲခြားတတ်တော့သည်လား ဒါမှမဟုတ် …

နံနက်ခင်းဆီက အမှတ်တမဲ့ လက်ခံရရှိလိုက်သည့် ဆောင်း၏ တိုရေရှားရေ အတွေ့အထိ အေးမြမှုကလေးတွင် နှင်း၏ရနံ့နှင့် နှင်း ၏ခြေသံကို ခံစားကြားယေင်နေမိပါသည်။ တကယ်ဆို ကမ္ဘာမြေအတွက် နှင်းရောက်ရှိနေရမည့်အချိန်တွင် နှင်းကို ငယ်ဘ၀ ကလေး တယောက်၏အလွမ်းမျိုးဖြင့် တမ်းတကြိုဆိုနေမိသည်။ လိုသည်ထက်ပိုကာ ရွာသွန်းနေသောမိုးကြီးတမတို့အနေဖြင့် ပတ်စာခွာ၊ ဖျာသိမ်းသင့်ပါပြီ။ ကျနော် နှင်းကိုလွမ်းသည်။ ထို့အတူ နွေဦးစစ်စစ်ကိုလည်း သူ့အချိန်ရောက်ရှိလာလျင် လွမ်းသည်။ ထိုသို့ပင် မိုးစက် ကလေးတွေအောက်မှာ လမ်းလျှောက်ရသည်ကိုလည်း လွမ်းမောကြည်နူးတတ်ပါသည်။

ကျနော် နှင်းကို တကယ့်ကို စွဲစွဲနစ်နစ် လွမ်းဆွတ်တမ်းတနေပါသည်။ ကျနော့်ထက် သစ်ပင်ကလေးများ၊ ပန်းပွင့်ကလေးများ၏ မျိုးဆက်သစ် မြပုရစ်ဖူးကလေးများကလည်း နှင်းကိုလွမ်းနေပါလိမ့်မည်။ မြေကမ္ဘာသည်လည်း နှင်းကို ကမ်းလင့်ကြိုဆိုနေမည်ကို …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts