>Shipping halts after killing of Chinese crew ‎


>

ရွှေတြိဂံတွင် တရုတ် ၁၁ ဦး သေဆုံး၊ တရုတ်သင်္ဘော သွားလာမှု ရပ်ဆိုင်း
Shanghai Daily သတင်းဌာန
အောက်တိုဘာ ၁၁၊ ၂၀၁၁ မြန်မာ၊ ထိုင်း၊ လော နိုင်ငံတို့ ဆုံစည်းရာ ရွှေတြိဂံဒေသမြေပုံ နှင့် ခရီးသည်များ (ဓာတ်ပုံ – C. Frank Starmer ၀က်ဆိုက်)


မြန်မာ၊ ထိုင်း၊ လော နိုင်ငံတို့ ဆုံစည်းရာ ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်ကုန်သင်္ဘော ၂ စီး ယခင်တပတ်က ပြန်ပေးဆွဲခံရအပြီး တရုတ်သင်္ဘောများ သွားလာခြင်းကို ဆိုင်းငံ့ထားလိုက်ကြောင်း
ယူနန်ပြည်နယ် ရေကြောင်းသွားလာရေးဌာနက တနင်္လာနေ့တွင် ပြောလိုက်သည်။

သင်္ဘော ၂ စီးပေါ်မှ တရုတ်သင်္ဘောသား ၁၁ ဦး သတ်ဖြတ်ခံရကြောင်း၊ သတ်ဖြတ်သူများမှာ မြစ်တလျှောက် မူးယစ်ဆေးကုန်ကူးသူများဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့က ပြောသည်။ သင်္ဘောသား ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

မဲခေါင်မြစ်အတွင်း သွားလာနေသော နိုင်ငံတကာသင်္ဘော ၁၃၀ တွင် တရုတ်ကုမဏီတို့၏သင်္ဘောအရေအတွက်မှာ ၁၁၆ စီး ရှိသည်ဟု သိရသည်။

ယူနန်ပြည်နယ်အာဏာပိုင်တို့က တရုတ်သင်္ဘောသားများ လုံခြုံဘေးကင်းစွာ နေရပ်ပြန်ရေး၊ သင်္ဘောများကို အကာအကွယ်ပေးရေးတို့အတွက် စီစဉ်နေကြသည်။

Hua Ping နှင့် Yu Xing 8 အမည်ရှိ သင်္ဘော ၂ စီးကို ပြန်ပေးဆွဲသူတို့က မူးယစ်ဆေး အမြောက်အများသယ်ဆောင်ရာတွင် သုံးခဲ့ကြသည်။

ထိုင်း နယ်ခြားစောင့်ရဲနှင့် မူးယစ်ကုန်သည်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သင်္ဘောများ ပြန်လည် ရရှိခဲ့သည်။ သင်္ဘောပေါ်တွင် စိတ်ကြွဆေး အလုံးရေ ၉ သိန်းကျော် တွေ့ရသည်ဟု ဆိုသည်။

ထိုဖြစ်ရပ်သည် လက်စားချေမှုတခု ဖြစ်နိုင်ကြောင်း၊ မြန်မာအာဏာပိုင်တို့က သင်္ဘောတစီးကို ချောဆွဲပြီး မြစ်ကြောင်းတလျှောက် မူးယစ်ဆေးနှိမ်နင်းရာတွင် သုံးခဲ့ဖူးကြောင်း အမည်မဖော်သူ သင်္ဘောပိုင်ရှင်တဦးက အင်တာနက်တွင် ရေးသားဖော်ပြထားသည်။

ဘန်ကောက်ပို့စ်သတင်းစာတွင် ယမန်နေ့က ထိုင်းစစ်တပ်အရာရှိတို့ကို ကိုးကားဖော်ပြရာတွင် ပြန်ပေးဆွဲသူတို့သည် ရှမ်းလူမျိုး မူးယစ်ကုန်သည် နော်ခမ်း၏ အဖွဲ့ဝင်များ ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

နော်ခမ်းအဖွဲ့က မဲခေါင်မြစ်အတွင်း သင်္ဘောများကို ဆက်ကြေးတောင်းလေ့ရှိပြီး ဆက်ကြေးမပေးပါက သတ်ဖြတ်လေ့ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုအတွင်း Yu Xing 8 သင်္ဘောပေါ်မှ ပြန်ပေးဆွဲသူတဦး သေဆုံးပြီး အများအပြား လွတ်မြောက်သွားသည်။

နောက်တနေ့တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားတို့၏ ရုပ်အလောင်းတို့ကို တွေ့ရသည်။ တချို့မှာ လက်ထိပ်ခတ်ခံထားရပြီး မျက်နှာကို အ၀တ်ဖြင့် စည်းနှောင်ထားသည်။

မြစ်အတွင်း လုံခြုံမှုမရှိဟု သိထားသော်လည်း ဤကဲ့သို့သော ဖြစ်ရပ်မျိုး ပေါ်ပေါက်လာမည်ဟု ထင်မှတ်မထားကြောင်း Yu Xing 8 သင်္ဘောကို ပူးတွဲပိုင်ဆိုင်သူတဦးဖြစ်သည့် Guo Zhiqiang က ပြောသည်။

“ဓားပြတိုက်တာမျိုးတော့ အမြဲတမ်း ဖြစ်နေတာပဲ” ဟု သူက ပြောသည်။

Guo Zhiqiang က မဲခေါင်မြစ်အတွင်း သင်္ဘောပြေးဆွဲသည့်လုပ်ငန်းကို လွန်ခဲ့သည့် ၁၀ နှစ်ကပင် လုပ်ကိုင်နေသူဖြစ်သည်။

Guo Zhiqiang က သေဆုံးသူသင်္ဘောသားတို့၏ မိသားစုတို့ကို တွေ့ဆုံရန် ယူနန်ပြည်နယ်သို့ သွားနေသည်။

သူ၏သင်္ဘောသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော်လည်း သင်္ဘောသားတို့မှာ တရုတ်နိုင်ငံသားများဖြစ်သည်။ မိသားစုဝင်တို့က နာရေးအတွက် ထိုင်းနိုင်ငံသို့ သွားရန် စီစဉ်နေကြသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေ့က တစုံတဦး ပစ်ခတ်ခံရပြီး ရဲကိုချက်ချင်းအကြောင်းကြားရန် သင်္ဘောကပ္ပတိန်၏ သတင်းပို့ချက် လက်ခံရရှိကြောင်း၊ နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်သွားကြောင်း Guo Zhiqiang က ရှင်းပြသည်။

ပြန်ပေးဆွဲခံရသည့် သတင်းကို နောက်ပိုင်းတွင် ကြားသိရခဲ့သည်။

(Shanghai Daily သတင်းဌာန၏ အောက်တိုဘာ ၁၁ ရက်နေ့ သတင်းတပုဒ်ကို မိုးမခက ဘာသာပြန်သည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts