>Pan Thu Nge – Wisdom and Mindfulness for Suu

>

ဉာဏ်နဲ့ ကြည့်၊ သတိနဲ့ ရံ
ပံသုကူ ရှင်ငယ် ( ဥတ္တရ ဒီပ )
အောက်တိုဘာ ၇၊ ၂၀၁၁
“ သတိဆို ပိုသည်မရှိ ” ဆိုတဲ့ စကားဟာ ဘုရားစကားတော်ကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ စကားပါ၊ ဘယ်လောက်လောကမှာ အရေးပါတယ်ဆိုတာ ဆင်ခြင်ဉာဏ်ရှိသူတိုင်းသဘောတူမှာပါ၊ အောင်မြင်လိုသူတိုင်း ဆုံးရှူံးမှုကို မလိုလားသူတိုင်း လက်ကိုင်ပြုရတဲ့တရားပါ၊ သတိကြီးလို့ အန္တရာယ်က ရှောင်ကွင်းနိုင်ပြီး သတိတစ်ချက်လစ်သွားလို့ ဆုံးရှူံးရတဲ့သာဓကတွေလည်း ၀န်းကျင်မှာ ဒုနဲ့ဒေးပါ၊ သတိရဲ့ အရေးပါတဲ့ ကဏ္ဍကို စာဖွဲ့လို့တောင် မကုန်နိုင်လို့ဆိုလိုက်ချင်ပါတယ်။
အရှင်တို့ ကိုးကွယ်ရာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ဒေသနာတော်မှာ သတိဟာ နေရာတိုင်းမှာလို ပါဝင်ခဲ့ပါတယ်၊ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တွေ့ရှိချက်အရသတိမကင်းကြဖို့ ဘုရားရှင်က အကြိမ် ကိုးရာကျော်မျှ မိန့်ခဲ့တယ်လို့ ဆိုပါတယ်၊ ပရိနိဗ္ဗာန်စံခါနီးမိန့်တော်မူတဲ့ စကားဟာလည်း “ အပ္ပမာဒေန သမ္မာဒေထ” ပါပဲ၊ အဓိပ္ပာယ်က သတိနဲ့ပြည့်စုံကြစေလိုမှာတော်မူတာပါပဲ။
“ အပ္ပမာဒေါ အမဒံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ” မမေ့မလျော့ခြင်းဟာမသေတဲ့ အကြောင်း၊ မေ့လျော့ခြင်းကတော့ အကြိမ်ကြိမ်သေစေတဲ့ အကြောင်းရယ်လို့လည်း ဟောတော်မူခဲ့ပါတယ်၊နောက် ယုံကြည်ချက်လို့ ခေါ်တဲ့ သဒ္ဓါ၊ ကြောင်းကျိုးစဉ်းစား ဉာဏ်လိုခေါ်တဲ့ ပညာ၊ ဇွဲ လုံ့လလို့ခေါ်တဲ့ဝိရီယ စသည်တို့သာ ပိုကောင်းပိုမယ် “ သတိဆို ပိုသည်မရှိ ” လို့ ဆိုပါတယ်။
သတိရဲ့ အခန်းကဏ္ဍကို အခုလို ရှည်ရှည်ဝေးဝေးပြောလိုက်တာကတော့မြန်မာပြည်ရဲ့ အခြေအနေဟာ ပြောင်းလည်းဖို့ အလွန်သိမ့်မွေ့တဲ့ အနေအထားကို ရောက်နေပြီဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကြောင့်ပါပဲ၊ သိမ့်မွေ့တဲ့အနေအထားဆိုတာ ဘော်ဒါလိုင်းတစ်ခုပေါ်ရောက်နေတဲ့ အနေအထားလို့ နာလည်းမိပါတယ်၊ ဟန်တစ်ချက် ယိမ်းတာနဲ့ တစ်ဖက်ကို တိမ်းသွားနိုင်တဲ့အနေအထားပေါ့၊ ဒါကြောင့် သတိ မလစ်ကြဖို့ သတိပေးချင်လို့ပဲ ဆိုပါတော့။
ပမာ လက်ဝှေ့ကြိုးဝိုင်း ရောက်သူဆိုပါတော့၊ တစ်ဖက်ယှဉ်ပြိုင်ထိုးသတ်သူရဲ့အလှုပ်အရွေ့က စပြီး သတိပြုနိုင်မှ အောင်ပွဲရအောင် ယှဉ်ပြိုင်နိုင်သလို၊ သတိတစ်ချက်လစ်သွားတာနဲ့ကြမ်းပြင်မှာ ဗုန်းဗုန်းလှဲ သွားနိုင်တယ်ဆိုတာလည်း သဘောပေါက်ကြဖို့ပါပဲ၊ အခုလူထူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိအစိုးရရဲ့ စိန်ခေါ်မှုအသစ် ကြိုးဝိုင်းထဲကို ရောက်နေတဲ့အနေအထားပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာ၊ အတွေးအခေါ်၊ ယုံကြည်ချက်၊ကိုယ်ကျင့်တရား၊ နိုင်ငံကိုချစ်မှု၊ လူထူအပေါ်အနှစ်အနာခံမှု စတဲ့ အရည်အချင်းတွေကို ယုံကြည်ပြီးသာဖြစ်ပေမယ့်၊တစ်ဖက်က စိန်ခေါ်သူတွေရဲ့ အနေအထားကို ပြန်သုံးသပ်တဲ့အခါ ကတိမတည်မှု၊ စကားအကျကောက်မှု၊မာန်ထောင်လွှားမှု၊ အင်အားသုံးမှု၊ အာဏာမက်မောမှု၊ နိုင်ငံတကာကို မထေမဲ့မြင်ပြုမှု၊ပြည်သူကိုရက်စက် ညှင်းပမ်းမှု စတဲ့ အရည်အချင်းတွေကလည်း ရှိဖူးခဲ့ကြတဲ့ သူတွေဆိုတော့သတိထားနိုင်မှ တန်ကာကျလိမ့်မယ်။
ဒီစကားကို အလွတ်ဆိုတာတော့ မဟုတ်ပါဘူး၊ လူထူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် မြန်မာပြည်ရဲ့ လွှတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဟာလည်းသတိတစ်ချက်လစ်သွားလို့ ကျဆုံးခဲ့ရတာ မဟုတ်လား၊ ဘယ်လောက်တိုင်းပြည်အတွက် နှစ်နာခဲ့သလဲ၊အဲဒီလို အဖြစ်စိုးမျိုး မဖြစ်စေချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း “ သတိဆိုပိုသည်မရှိ ” ဆိုတဲ့ ဘုရားစကားကို ထပ်ခါထပ်ခါ ပြောလိုက်ပါရစေ။
“ ပြည်သူအကျိုးရှိမယ်ဆို ဘယ်သူကအသုံးချ အသုံးချ ပေးဆပ်ဖို့အသင့် ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို သိလိုက်ရလေလေ သတိပိုကြီးဖို့လိုလေလေ ဟု မြင်မိပါတယ်၊ ပြည်သူတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဝန်းရံဖို့သတိနဲ့ ယှဉ်ပြီး ပြုလုပ်နေကြရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်ကိုသွားပြီးအရေးဆိုစဉ်မှာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ တက်ကြွတဲ့ လူငယ်ခေါင်းဆောင်တွေက စုဝေးအင်အားတွေပြကာထောက်ခံနေကြသလို နိုင်ငံရေးမျက်ခြေမပျက်ဘဲ နိုင်ငံရေးအသိ နိုင်ငံရေးသတိ အသင့်ရှိနေဖို့အရေးကြီးလှပါတယ်။
ဒါကြောင့် အရာရာကို ပညာဆင်ခြင်ဉာဏ်နဲ့ သုံးသပ်ဆင်ခြင်ပြီးပြုလုပ်ရန် သတိရှိဖို့လိုပါတယ်၊ အရာရာကို သံသယကြီးဖို့ မလိုသလို သံသယမဲ့နဲ့လည်း မရှုစေချင်ပါဘူး၊ခုဧရာဝတီကိစ္စကိုပဲ ဥပမာဆောင်ပါရစေ၊ ပြည်သူ့ဘဏ္ဍာတွေနဲ့ နေပြည်တော် အသစ်ကြီးတည်ပြီး စံစားခဲ့ကြတဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဧရာဝတီကိစ္စကိုလည်း ပြည်သူကို ဂရုမစိုက်ပဲ ထင်ရာ မြင်ရာလုပ်ခဲ့ကြတာပါပဲ၊စက်မှု ( ၁ ) ၀န်းကြီးဆိုသူရဲ့ စကားက သက်သေမဟုတ်လား။
ဒါကိုပြည်သူက မခံမရပ်နိုင်ဖြစ်ပြီး အုံကြွမည့်အရေးပေါ်လာတော့သူတို့ ကိုယ်ရှိန်သက်လိုက်တယ်လေ၊ သူတို့ ဂုဏ်တယူယူရှိကြတဲ့ လွှတ်တော်ကြီးရဲ့ အဆုံးအဖြတ်ကိုတောင်မခံယူတော့ဘူး၊ သမ္မတကြီးကိုယ်တိုင်ကပဲ လူထူအကျိုးကို လိုက်လျှောလိုက်ပြီပေါ့။ ဒါကိုဝမ်းသာအားရနဲ့ တခဲနက်မက ကြိုဆိုနေလိုက်ကြတာ၊ အရှင်တို့လည်း ကြိုဆိုသူတွေရဲ့ အထဲ ပါပါတယ်။
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်လေး အတိုင်းပါပဲ၊ ဘုရင်ကြီးတစ်ပါးက သူ့အမတ်ကြီးတစ်ယောက်ကို သူ့စီးတော်မြင်းအတောင်ပံပေါက်အောင်လုပ်ပေးဖို့ အမိန့်ပေးပါသတဲ့၊ ဒီတော့ အမတ်ကလည်း သုံးနှစ်လောက် အချိန်ရရင်တော့စီးတော်မြင်း အတောင်ပေါက်စေမယ်လို့ ၀န်ခံလိုက်ပါသတဲ့၊ ဒါနဲ့ အမတ်ကတော်က မြင်းဆိုတာအတောင်ပေါက်တဲ့ မျိုးမဟုတ်ဘဲ ဘာလို့ ၀န်ခံလိုက်တာလည်း မလုပ်နိုင်ရင် ရာဇဒဏ်သင့်တော့မှာပဲလို့စိုးရိမ်တကြီး ပြောတဲ့အခါ၊ မလုပ်နိုင်ပါဘူးလို့ ငြင်းလိုက်ပြန်ရင်လည်း ဒဏ်ခံရမည့်အတူမို့နောက်သုံးနှစ်ဆိုရင် မြင်းရယ်၊ ဘုရင်ကြီးရယ်၊ ငါရယ် ဒီသုံးယောက်မှာ တစ်ယောက်ယောက်ကတစ်ခုခုတော့ ဖြစ်မှာပေါ့ဟလို့ ပြောလိုက်ပါသတဲ့။
ခုလည်း ဒီပုံအတိုင်းပါပဲ၊ သမ္မတဟာ မြင့်နေတဲ့ နိုင်ငံရေးရေချိန်ကို နှိမ့်ဖို့ပဲလို့ မြင်မိတယ်၊ ဘာကြောင့်လဲဆို သူတို့ သက်တမ်းမှာ ရပ်ဆိုင်းတယ်ပဲဆိုတာလေ၊ နောက်တတ်လာမည့် သူတွေအတွက် ဆိုးမွေ ချန်ထားခဲ့တဲ့ သဘောမဟုတ်လား၊ အခုပဲ သူတို့ကုမ္မဏီတွေရဲ့အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ သူတို့ဆရာကြီးရဲ့ အသံထွက်လာပြီလေ။
သူတို့ ကိုယ်တိုင်လည်း ဒီအမွေဆိုးကို ဗိုလ်သန်းရွှေတို့ဗိုလ်မောင်အေးတို့က ထားခဲ့ကြတာ မဟုတ်လား၊ အဲဒါကို လွှတ်တော်ထဲမှာ အပျော့အမာ အုပ်စုတွေကွဲနေတယ်၊ပျော့တဲ့အုပ်စုက ဘယ်သူတွေ မာတဲ့အုပ်စုက ဘယ်ဝါတွေနဲ့ စိတ်ကူးနဲ့ ခဲပစ်နေလိုက်ကြတာ။
တကယ်တော့ မာသူတွေ ဧရာဝတီကိစ္စ ဆက်လုပ်မယ်လို့ ပြောဝံ့အောင်ကြိုးကိုင်သူကလည်း တစ်ယောက်ထဲ၊ ပျော့သူတွေ ဧရာဝတီကိစ္စ ရပ်ပါပြီလို့ ပြောနိုင်အောင်ကြိုးကိုင်သူကလည်း တစ်ယောက်ထဲပါပဲ၊ အဲဒီသူကတော့ အားလုံးသိတဲ့အတိုင်း ဒီဇာတ်ကို စီစဉ်ညွှန်ကြားခဲ့တဲ့ဗိုလ်သန်းရွှေပါပဲ။
ဒါ အာဃာတစကားမဟုတ်ပါဘူး၊ စာဖတ်သူတွေ ပြန်စဉ်းစားကြည့်ရင်ထင်ရှားပါလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်းကို “ ယက်တော ”  ဆိုတဲ့ အမေရိကန်တစ်ယောက် ကျူးကျော်ဝင်ရောက်တဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရက်စေ့နေတာတောင် လွှတ်မပေးချင်တော့ ထောင်ဒဏ်သုံးနှစ်စီရင်လိုက်ပါရော။
ဒါကို ပြည်သူလူထုမကျေနပ်လို့ အုံကြွမည့်အရေး မြင်တော့သူကပဲ သဘောထားကြီးသယောင်နဲ့ ဗိုလ်သန်းရွှေ ၀င်ပြီး အမှတ်ယူလိုက်ပုံက တစ်နှစ်ခွဲလျော့တယ်ဆိုတဲ့အမိန့်ကို ပြစ်ဒဏ်နဲ့လျော့ရက် တစ်ပြိုင်နက် ကြော်ငြာလိုက်တယ်လေ၊ အဲဒီအချိန်မှာ မခံမရပ်ဖြစ်နေတဲ့ပြည်သူလူထူက ဇဝေဇ၀ါဖြစ်သွားပြီး  “ အော်…….ဒီလောက်ဆို မဆိုးသေးဘူးဟ ”  ဆိုပြီး နိုင်ငံရေး ရေချိန် ကျသွားခဲ့တယ် မဟုတ်လား။ အဲဒီအချက်တွေကိုသုံးသတ်ပြီး ပြောလိုက်တဲ့ စကားပါပဲ။ ဒီနှစ်ချက်ကို ကြည့်သောအားဖြင့် ကြိုးဆွဲတဲ့လက်ကိုမြင်နိုင်ကြပါလိမ့်မယ်၊ ဒါကြောင့် သတိမြဲမြံဖို့ အကြိမ်ကြိမ် သတိပေးလိုက်ရခြင်းပါပဲ။
သို့သော်လည်း သူတို့ကိုယ်၌က ကမ္ဘာအရပ်ရပ်က ဖြစ်ရပ်တွေအချင်းအရာတွေကို မြင်တွေ့ရလို့ရယ်၊ သူတို့ဝန်ခံသလို တိုင်းပြည်ဆင်းရဲးတွင်း နက်နေပြီဆိုတာတကယ်သဘောပေါက်လို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုလို့ မရနိုင်မှန်းသိတာကြောင့်ရယ်၊ အကောင်းဘက်ကို ပြောင်းလဲလို နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
နိုင်ငံခြားရေးဝန်းကြီး အမေရိကန်အရာရှိတွေနဲ့ စကားဆိုခိုက်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာရယ်၊ သမ္မတက ဧရာဝတီကိစ္စ ကြောငြာတာရယ် အချိန်ကိုက်လုပ်ရှားလိုက်တာကတော့ အရင်ကလည်း ဗိုလ်သန်းရွှေလုပ်ခဲ့တဲ့နည်းနဲ့တော့ ထပ်တူပါပဲ၊ သို့သော်လည်း ဒီဖြစ်ရက်တွေအပေါ် လူထူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကသတိနဲ့ချည်းကပ် ဆောင်ရွက်နေလေတော့ ပြည်သူလူထူကြီးအနေနဲ့လည်း မျက်စိနားအစွမ်းကုန်ဖွင့်ထားပြီးဝန်းကြရံကြ ချီတက်ရမည့် အချိန်လို့ ဆိုလိုက်ပါရစေ။
နောက်ပြီး လူထူအကျိုးရှိသည်အထိ အတူဆောင်ရွက်သွားမယ်၊အကျိုးမရှိလျှင် အခြားနည်းပြောင်းမယ်ဆိုတဲ့ အန်အယ်လ်ဒီရဲ့ အာဘော်ကိုလည်း သတိပြုမိဖို့လိုပါတယ်၊အဲဒါကြောင့် သိမ်မွေ့တဲ့ အချိန်မှာ ခိုင်မြဲတဲ့ သတိနဲ့ ဒေါ်အောင်ဆန်းစုကြည် ရှေးရှုနေတဲ့အပြောင်းအလဲကို ၀န်းရံနိုင်ကြဖို့ပါပဲ။
၉လပိုင်း ၃၀ရက် ( ည ၂နာရီ ၁၀မိနစ် )
(Photo – taken September 14th, 2011 – Myanmar Pro-Democracy leader Aung San Suu Kyi and Yangon Division government’s security and border affairs minister colonel Tin Win watch the Asean U-19 soccer match in Yangon (Soe Zeya Tun/Courtesy Reuters).)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts