>Maung Maung Wan – Articles

>

နလံထဧရာဝတီကို ဒေါသပွားနေသူများ
မောင်မောင်ဝမ်း
အောက်တိုဘာ ၅၊ ၂၀၁၁



မြန်မာလူထုရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ ဧရာဝတီကို အဖတ်ဆယ်ဘို့ လူထုရဲ့ဆန္ဒတွေပွင့်အန်ထွက်လာကြတာ အားလုံးအသိ ပြည်တင်းလျှင် မင်းမခံနိုင်ဆိုသလို လူထုဆန္ဒကို အထိုက်အားလျှော်စွာ မျက်ခြေမပြတ်ဘူးလို့ဆိုနိုင်တဲ့ လက်ရှိအစိုးရသစ် သမ္မတဦးသိန်းစိန်ကတော့ ဒီကိစ္စအပေါ် ရပ်ဆိုင်းလိုက်ဆိုင်းလိုက်ခြင်းကို အားလုံးနီးပါးသော ပြည်သူလူထုကြီးကလည်း ကြိုဆိုခဲ့ကြတယ်။ တတိုင်းပြည်လုံးနီးပါး ၀မ်းမြောက်ခဲ့ကြရတယ်။

သို့သော် ၀မ်းမြောက်မှုတွေက သိပ်မကြာလိုက်ဘူး စိတ်ပျက်စရာ၊၀မ်းနည်းစရာ၊ဒေါသထွက်စရာ တွေက နောက်ဆက်တွဲပါလာတော့တယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ တိုက်ပွဲတွေက စိတ်အစဉ်ကို ခါးသီးစေခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေမလွတ်မြောက်သေးတာက မချင့်မရဲဖြစ်စေခဲ့တယ်။ တရုတ်အစိုးရရဲ့ဒေါသနဲ့တုန့်ပြန်သံတွေဟာ တမျိုးသားလုံးကိုသတိရှိဘို့ လှုံ့ဆော်နေတယ်။ ဒါတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ ကိုင်တွယ်တတ်ဘို့လိုပါတယ်။ မိမိနိုင်ငံတွင်းပြသနာတွေကအရေးကြီးသလို ပြည်ပရန်ကလည်း အထူးကို သတိကြီးကြီးထားရမှာပါ။

အရင်ဆုံးကတော့ ပြည်တွင်းမှာ အဓိကကျတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဘို့ လိုပါလိမ့်မယ်။
နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးလိုက်ရင် ….
ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အမြန်ဆုံးငြိမ်းသတ်နိုင်မယ်ဆိုရင် ….
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန်ဆောင်ရွက်မယ်ဆိုရင် …
လူ့အခွင့်ရေးချိုးဖောက်နေမှုများကို အမြန်ဆုံးရပ်တန့်လိုက်မယ်ဆိုရင်…..

တမျိုးသားလုံးရဲ့သွေးစည်းညီညွတ်မှု့အားဟာ တော်တော်ခိုင်မာလာနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါတွေဟာ လုံးဝကိုအချိန်ဆွဲလို့မရတဲ့ အကြောင်းအရာတွေဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လတ်တလောမှာ ပြည်ပရန်က အရေးကြီးနေပြီမဟုတ်ပါလား။ ယခုဆို လျှင် တရုတ်အစိုးရရဲ့တုန့်ပြန်ချက်မှာမြန်မာကိုမှတ်လောက် အောင်သင်ခန်းစာပေးရမယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ ဘယ်လိုတွေနဲ့ သင်ခန်း စာပေးချင်တာပါလဲ။ သင်တို့သင်ခန်းစာပေးတိုင်း မြန်မာတွေက ခေါင်းငုံ့ခံမယ်လူမျိုးတွေလို့ ယုံကြည်နေပါသလား။ မြန်မာတွေဟာ အမျိုးသားရေးနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံတတ်တဲ့လူမျိုးတွေဆိုတာ သင်တို့သိပါလေစွ။

သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် ယင်းကိစ္စအပေါ် တရုတ်အား အလျှော့ပေးဆက်ဆံနေမည်ဆိုပါလျှင် ရရှိပြီးသား လူထုထံမှအမှတ် များ လျှောကျသွားမည်ဖြစ်ယုံမက မယုံမကြည်မှုများသည် ယခင်ကထက် ပိုမိုဆိုးဝါးသွားနိုင်ပါသည်။ လက်ရှိအခြေနေတွင် အစိုးရအနေဖြင့်လမ်းကြောင်းနှစ်ကြောင်းအနက် တခုခုကိုရွေးချယ်ရပေတော့မည်။ မြန်မာလူထု အကျိုးစီးပွားနဲ့ထောက်ခံမှု့ကိုယူမလား ။တရုတ်အစိုးရ၏ အပြုံးစတချက်ကို ရင်ဝယ်ပိုက်မည်လား။ နှစ်ခုစလုံးပြိုင်ရွေးလို့ မရစကောင်းပါ။ ကမ္ဘာပေါ်တွင် တရုတ်အစိုးရ၏အထောက်အပံ့ကြောင့် တိုင်းပြည်ထူထောင်လာသောနိုင်ငံ မတွေ့ဘူးသေးပါ။

တခြားတဘက်တွင်သတိထားသင့်သည်မှာ ယခုကိစ္စသည်. တရုတ်အစိုးရ၏ မနှစ်မြို့စရာကောင်းသော နိုင်ငံတကာဆက်ဆံရေး ပေါ်လစီ ကို ကန့်ကွက်ခြင်းဖြစ်သည် လူမျိုးရေးဆန့်ကျင်မှု မဟုတ်ပါ။ ဒါကိုသဲသဲကွဲကွဲ ခွဲမြင်စေလိုပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်လူထုကိုခွဲမြင် တတ်ဘို့လိုပါလိမ့်မယ်။ တကယ်တန်းက တရုတ်နိုင်ငံကြီးသည် တိုးတက်ပါသည်လို့ဆိုပေမယ့် သန်းပေါင်းများစွာသောလူထုကြီးက ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ခါးသီးလှတဲ့ ကွန်မြူနစ်အစိုးရရဲ့ရက်စက်မှု့တွေကို နေ့တဓူဝ ကြုံနေဆဲပါ။ ယခုကိစ္စသည် တရုတ်လူမျိုး ဆန့်ကျင့်ရေးမဟုတ် တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသောလုပ်ရပ်အားမနှစ်မြို့ခြင်းသာဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏မြန်မာနိုင်ငံအပေါ် စီးပွားရင်းနှီးမြှုပ်နှံမှု့များကိုဆန့်ကျင်ခြင်းလည်းမဟုတ်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဈေးကွက် စီးပွားရေးကို အကောင်ထည်ဖော်ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် လွန်စွာမှအရေးပါ ပါသည်။ ဈေးကွက်စီးပွားရေးစနစ်ကိုအကောင် ထည်ဖော်ဆောင်ရွက်နေသောကြောင့်ပြည်ပရင်းနှီးမှုများကို လက်ခံရမည်ဆိုသော်ငြားလည်း မိမိတို့ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အမွေအနှစ်များကိုထိပါးလာမည်ဆိုလျှင် မည်မျှပင်အကျိုးအမြတ်ရှိနေပါစေ လက်မခံသင့်ပါ။

တရုတ်မို့ဆန့်ကျင်ခြင်းလည်းမဟုတ်။ အကယ်လို့ အမေရိကံနိုင်ငံမှ ပုဂံရှေးဟောင်းအမွေအနှစ်နေရာများကို ဟော်တည်တွေ ကစား ကွင်းတွေ တည်ဆောက်မည်ဟုကြံရွယ်ခဲ့လျှင်လည်း လက်ခံလိမ့်မည်မဟုတ်ပါ။ (ပြင်သစ်ရေနံကုမ္ပဏီကြီးကိုဆန့်ကျင်ခဲ့ခြင်းကသက် သေ ရှိပါသည်)။ မိမိတို့လူထုသာလျှင်မက အစိုးရကိုယ်တိုင်က မူအရဆန့်ကျင်ခြင်းအပေါ် တရုတ်အစိုးရမှ မြန်မာအား ကောင်းကောင်း သင်ခန်းစာပေးရမည်ဟု မျက်မာန်ရှခြင်းသည် လက်ခံနိုင်စရာအကြောင်းမရှိပါ။ အမျိုးသားရေးဂုဏ်သိက္ခာအရ တွန်းလှန်သွားမည်ဖြစ်သည်။

အားလုံးကိုလေးစားစွာဖြင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts