>News & Media

>

ပဉ္စမအကြိမ်မြောက်အဖြစ် ရသအလင်းဖောင်ဒေးရှင်းမှ ဆရာမောင်အောင်နီအား ဂုဏ်ပြုချီးမြှင့်
မိုးမခ
စက်တင်ဘာ ၄၊ ၂၀၁၁


စက်တင်ဘာလအတွင်းက ရသအလင်းဖောင်ဒေးရှင်း၏ ပဉ္စမအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအတွက် ဆရာမောင်အောင်နီကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဂုဏ်ပြုငွေပေးအပ်ခြင်းကို ရသအလင်း၏ကိုယ်စား ကဗျာဆရာ ကိုမှိုင်း (ဆေး-၂) နဲ့ ကဗျာ ဆရာနိုင်သစ်နီတို့က ဆရာမဒေါ်သန်းမြင့်အောင်နဲ့အတူ ဆရာမောင်အောင်နီရှိရာ အရှေ့ဒဂုံ ဆည်းဆာရိပ် နာမကျန်း သက်ကြီးဘိုးဘွားရိပ်သာကို သွားရောက် ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆရာမောင်အောင်နီဟာ လေဖြတ်နှစ်ခါဖြတ်ထားပြီး စောင့်ရှောက်သူမရှိတဲ့ ကဗျာဆရာအိုကြီးတစ်ဦးဖြစ်ပါတယ်။ ဆရာဟာ မိုးဝေခေတ်လောက်ကတည်းက ကဗျာရေးသားခဲ့ပြီး ၂၀၀၇ ခုနှစ်အထိတိုင်အောင် သူ့ကဗျာတွေ တွေ့နေရပါသေးတယ်။ သူဟာ သူ့ဖြတ်သန်းခဲ့တဲ့ ကဗျာဆရာဘ၀မှာတော့ ကဗျာရေးခြင်းကိုသာ ယုံကြည်စွဲလမ်းစွာ လုပ်ဆောင်ခဲ့ပြီး အနုပညာစိတ် ပြင်းထန်တဲ့ ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။ အခုတော့ သူဟာ ဆရာမဒေါ်သန်းမြင့်အောင် ဦးစီးတဲ့ဆည်းဆာရိပ်ရဲ့ အရိပ်အာဝါသအောက်မှာ အစောင့်ရှောက်ခံ အသက် (၆၈) နှစ်အရွယ် နာမကျန်းအဖိုးအိုတစ်ဦးအဖြစ် ရှိနေပါတယ်။

ဓာတ်ပုံထဲမှာမြင်ရတဲ့ သူ့မျက်ဝန်းတွေဟာ ပြုံးရယ်လို့နေပါတယ်။ သူဟာ ကဗျာဆရာတယောက်ဖြစ်ခဲ့တယ်ဆိုတာအတွက် ဂုဏ်ယူနေ တဲ့ပုံပါပဲ။ သူဟာ သူ့သိပ်မြတ်နိုးတဲ့ ကဗျာအနုပညာက သူ့ကို မမေ့မလျော့ရှိနေသေးတယ်ဆိုတာအတွက် ကြည်နူးမဆုံးရှိနေပုံရပါတယ်။

ရသအလင်းက ကဗျာရေးခြင်းဖြင့် မိမိယုံကြည်တန်ဖိုးထားရာအနုပညာကို နှစ်ပေါင်းများစွာ စူးစူးနစ်နစ် ဖန်တီးရေးသားခဲ့သည့် ခိုင်မြဲ တည်ကြည်သော ရပ်တည်ချက်တို့ကို လေးစားသောအားဖြင့် စင်ကာပူနိုင်ငံရှိ ကဗျာ ၊စာပေ၊ အနုပညာ ချစ်မက်လေးမြတ်သူများရဲ့ ရသ အလင်း ဖောင်ဒေးရှင်းမှ ကဗျာဆရာမောင်အောင်နီအား မြန်မာကျပ်ငွေ (၃) သိန်းကို လေးစားစွာဂုဏ်ပြုချီးမြှင့်အပ်ပါသည် ဆိုတဲ့ ဂုဏ်ပြုလွှာနဲ့ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ဆရာ မောင်အောင်နီကိုယ်တိုင် လက်မှတ်ထိုးပေးရှာတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ


ရသအလင်းကိုယ်စား တာဝန်ယူဆောင်ရွက်ပေးတဲ့ ဆရာ ကိုမှိုင်း(ဆေး-၂)၊ ဆရာနိုင်သစ်နီနဲ့ ဆည်းဆာရိပ်ဖိုးဖွားရိပ်သာ နာယက ဆရာမ ဒေါ်သန်းမြင့်အောင်


ဆရာကိုမှိုင်း (ဆေး-၂) နဲ့ ဆရာနိုင်သစ်နီတို့က ရသအလင်းကိုယ်စား ဂုဏ်ပြုပေးအပ်စဉ်

ဆရာမောင်အောင်နီရဲ့ ကဗျာတွေထဲက အလျဉ်းသင့်တဲ့ကဗျာလေးတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။

လမင်း နရီသံ
မောင်အောင်နီ
(ကဗျာဝေဖန်ရေး)

အဲဒီအချိန်
ကဗျာဆရာရဲ့ဇာတ်ကောင်
လမင်းဟာ
တလိမ့်ခေါက်ကွေး၊ ရေထဲလိမ့်ကျ
ကဗျာခေါင်းစီး “ရေတွင်”ပါတဲ့

လူသာသာ
အနိစ္စရေသေပေါ်လက်ပစ်ကူးတယ်
အောက်စီဂျင်ယဲ့ယဲ့ လှိုင်းပေါ်ဂယက်လှေစီးတယ်
ဘိလိယက်ကြမ်းပြင်က
မြစိမ်းရောင်ရေညှိပေါ်
လမင်း၊ ဒရောသောပါး ဒစ္စကို ကစားတယ်
အဲဒါ ကဗျာချစ်သူများမြင်ကြရဲ့
လုံးဝ ဘ၀င်မကျ
သင်္ခါရအရောင် ပြုံးယောင်ယောင်
လမင်း,သာရတာတောင် ရင်ထဲ “ကလိကလိ”နဲ့

ဆလင်းဒါတွင်းဝကျော် အပေါ်မော့ကောင်းကင်
ရာသီခွင် ပြောက်ကျားဖြစ်နေပြီလား
မိုးအိမ်မှာတိမ်တွေ ညွှတ်ကွင်းမိကုန်ပြီလား
ကောင်းကင်အိမ်ငှား အရောင်ပြောင်းပြန်ပြီလား
ကဗျာအရိပ် နိမိတ်ပုံချုံ့ချဲ့၊ တိုးလျှော့
“မာဆက်”လေနဲ့ အကြောပြင်ကြည့်တယ်
“မှန်း”ရစ်သံရင်ခုန်သွေးတိုးစမ်းကြည့်ရအောင်
လ,သာရတာတောင် ရင်ထဲ “ကလိကလိ”နဲ့

ရှားပါး. . .ဒီတစ်ခါ
ကဗျာပုံသဏ္ဍာန် သင်္ကေတကင်းစင်
အကြောင်းအရာ ကြည်လင်လေးနက်
စိတ်အာဟာရ ထမင်းဟင်းကောင်းကောင်းနဲ့
မြိန်ရေရှက်ရေရှိကြောင်းပါ ကဗျာဆရာ။ ။
(ကဗျာဆရာအောင်ဇင်မင်း. . .သို့)

မောင်အောင်နီ
(ရတီမဂ္ဂဇင်း ၊ ဒီဇင်ဘာလ၊ ၂၀၀၇ )

….. …. ….

ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ အမှတ် ၁ နဲ့ အမှတ် ၂ ဆိုပြီး တည်ရှိပါတယ်။ အမှတ် (၁) မစိုး ရိမ်ကျောင်းလမ်း မြိုးဟောင်းအလည်ရပ်ကွက်၊ သန်လျင်မြို့ အမှတ် (၂) အမှတ် ၈၀၃-၈၀၅၊ မဟော်သဓာလမ်း၊ ၁၂ ရပ်ကွက် အရှေ့ ဒဂုံမှာ တည်ရှိပြီး ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားများကို မိသားစုပုံစံနဲ့ ကြင်နာယုယထိမ်းသိမ်းစောင့်ရှောက်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ် တည်ထောင်ထားတာဖြစ်ပါတယ်။

တကယ်လို့ လှူဒါန်းချင်သူများရှိရင် ဆရာမ ဒေါ်သန်းမြင့်အောင်နဲ့အဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts