>Kyaw Thu – FFSS Yangon Activity

>

မထင်မှတ်သော ပီတိများ
ကျော်သူ
စက်တင်ဘာ ၃၊ ၂၀၁၁



၂၊ ၁၀၊ ၂၀၁၁ (တနင်္ဂနွေ) နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၁၈)၊ ၀ိသကြုံ (၂) လမ်း၊ စမ်းကြီးဝရပ်ကွက်နေ ဒေါ်သန်း အသက် (၇၃) နှစ် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ မင်္ဂလာဒုံမြို့နယ်ရှိ ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းမှ ဆက်သွယ်အကူအညီ တောင်းခံခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၏ ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းသည် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ တွင် စတင်တည်ထောင်ခဲ့ပြီး ကုသိုလ်ဖြစ် အများပြည်သူအတွက်ပြုလုပ်ပေးရာ၌ သေစာရင်း၊ သင်္ဂြိုလ်ခွင့်ပြုလက်မှတ်ရရှိရန် အသင်းမှပြုလုပ်ဆောင်ရွက်ပေး ခြင်း၊ နာရေးဖိတ်စာရိုက်ပေးခြင်း၊ မဏ္ဍပ်ဆောက်လုပ်ပေးခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခြင်း၊ ဓမ္မစကြာဝတ်ရွတ်အသင်းဖြင့် ဆောင်ရွက်ပေးခြင်း စသည့် နာရေးကိစ္စရပ်များကို (အခမဲ့) ပြုလုပ်ပေးခဲ့ရာ နာရေးပို့ဆောင်ရန် နိဗ္ဗာန်ယာဉ် အခက်အခဲကြောင့် နာရေးကူ ညီမှုအသင်း (ရန်ကုန်) အား အကူအညီ တဆင့်တောင်းခံခဲ့ပါသည်။ ထိုသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေးစိတ်ဓါတ် ပြည့်ဝ စွာ လူသားချင်းစာနာစိတ်မွေးဖွားကာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ လူမှုရေးအသင်းအဖွဲ့ အချင်းချင်း ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ခြင်းသည် ယခု ၂၊ ၁၀၊ ၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သူ ဦးရေပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းမှ အထူးအစီအစဉ်အဖြစ်ပြုလုပ်လိုကြောင်း ပြောကြားလာသည့်အတွက် မင်္ဂလာဒုံမြို့နယ်တွင် ၂၊ ၁၀၊ ၂၀၁၁ ရက်နေ့ နာရေးလမ်းကြောင်း (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် အထူးနိဗ္ဗာန်ယာဉ်ကြီးဖြင့်လည်း ကောင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်း သူ/သား (၃၀) ကျော်ဖြင့်လည်းကောင်း၊ ရှေ့ပြေးမော်တော်ယာဉ်ဖြင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာ နောက်ဆုံးခရီးအား ပို့ဆောင်ပေးခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကွယ်လွန်သူ ဒေါ်သန်း အသက် (၇၃) နှစ်၏ ကျန်ရစ်သူမိသားစုတို့အား သင်္ကန်းပရိက္ခရာနှင့်၊ အလှူငွေ (၅၀၀၀၀) ကျပ်၊ ဦးကျော်သူ+ဒေါ်ရွှေဇီးကွက် (မိသားစု) မှ အလှူငွေ (၁၀၀၀၀) ကျပ်၊ ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်းမှ အလှူငွေ (၁) သိန်းကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းအခမ်းအနားတွင် လှူဒါန်းမှုများပြုလုပ်ပြီးနောက် ပုညကာရီ (အခမဲ့) နာရေးကုသိုလ်ပြုအသင်း၏ အသင်းသားများတို့မှ ကွယ်လွန်သူ ဒေါ်သန်း၏ရုပ်အလောင်းအား ထမ်းပိုးကာ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အသင်းသူများထံသို့ လွဲအပ်ထမ်းပိုးပြီးနောက် နာရေးကူညီ မှုအသင်း (ရန်ကုန်) အသင်းသားများထံသို့ပို့ဆောင်ကာ နိဗ္ဗာန်ယာဉ်ပေါ်သို့တင်ဆောင်ပြီး ရေဝေးသုဿန်သို့ ပို့ဆောင်ကူညီ သင်္ဂြိုလ် ပေးခဲ့သည်။

ထိုသို့ လူမှုရေးအသင်းအဖွဲ့များ၏ ရိုးရှင်းသော ပူးပေါင်းဆောင်ရွက်ပေးမှုများသည် နာရေးရှင်များအဖို့ မမျှော်လင့်ထားသော အပူမီးများ ငြိမ်းအေးစေသလို၊ လူမှုရေးသမားများအတွက်လည်း မထင်မှတ်သော ပီတိများကို ရရှိစေခဲ့သည်။

မှတ်တမ်း ဓာတ်ပုံများ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts