>Q & A With Suu

>

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
စက်တင်ဘာ ၃၀၊ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

ကိုဘိုဘိုဇင် (မုံရွာမြို့)
မေးခွန်း ။ ။ မင်္ဂလာပါအမေ။ သားနာမည်ကတော့ မောင်ဘိုဘိုဇင်ပါ။ အမေစု စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ဆောင်ရွက်နိုင်ပါစေလို့ သားမေတ္တာများ ပို့သပေးလိုက်ပါတယ် အမေ။ အမေ့ကို မေးပါရစေ။ အခုလက်ရှိမြန်မာနိုင်ငံမှာ ဒေါ်လာဈေးတွေ လည်း ပြုတ်ကျ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးဈေးတွေလည်း ပြုတ်ကျပြီး၊ မြန်မာနိုင်ငံရဲ့ငွေဟာ အနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ် အမေ။ ပြီးတော့ မြန်မာနိုင်ငံရဲ့လူသုံးကုန်ပစ္စည်းတွေဟာ အခြားနိုင်ငံများနဲ့ယှဉ်ရင် ဈေးနှုန်းအနည်းငယ် ချိုသာပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ငွေရှာရတာ အင်မတန်ခက်ခဲပြီး၊ သုံးစွဲရတဲ့အခါမှာ သိပ်ကို လွယ်ကူနေပါတယ်အမေ။ အမေနဲ့ သမ္မတ ဦးသိန်းစိန်တို့ဆွေးနွေးပွဲမှာ ပြည်သူတွေရဲ့ စီးပွားရေးကျပ်တည်းမှုပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ပါသလားအမေ။ တကယ်လို့ ဆွေးနွေးခဲ့ တယ်ဆိုရင်လည်း နောင်အနာဂတ်လူငယ်တွေရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို သားတို့သိပါရစေအမေ။ အမေ့ကို အမြဲတမ်း အားပေး ထောက်ခံသွားမှာပါ။

အဖြေ ။ ။ ပြည်သူတွေရဲ့စီးပွားရေးပြဿနာတွေနဲ့ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ခဲ့တယ်ဆိုတာ သားကြားပြီးဖြစ်ပါလိမ့်မယ်။ စီးပွားရေးပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ တိုးတက်မှုရှိဖို့ဆိုတာ တော်တော်ကြိုးစားလုပ်ယူရမယ့်ကိစ္စပါ။ ဒါပေ မယ့် ပြည်သူတွေရဲ့ လိုလိုလားလား ပါဝင်လုပ်ဆောင်မှုနဲ့၊ ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ ဝိုင်းဝန်းကူညီမှုတို့ကို ရယူနိုင်မယ်ဆိုရင် အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာနိုင်ပါတယ်။ သားတို့လိုလူငယ်တွေ ပါဝင်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် အားမငယ်ပါနဲ့။ အင်တိုက်အားတိုက် ဝိုင်းပြီးကူညီနိုင်တဲ့ အခွင့်အရေးတွေ ပေါ်လာတဲ့အခါ တက်တက်ကြွကြွနဲ့ ပါဝင်စေချင်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။
…. …. ….

ကိုသားကိုဦး (ဗီယက်နမ်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါ အန်တီခင်ဗျာ့။ ကျနော် ဗီယက်နမ်နိုင်ငံကနေ ဆက်နေတာပါ။ ကျနော် အန်တီကိုမေးချင်တာလေး တစ်ခုလောက်ရှိလို့ပါ ခင်ဗျာ့။ သမ္မတကြီးဦးသိန်းစိန်ကနေပြီးတော့ ပြည်ပရောက်မြန်မာတွေကို အထဲကိုပြန်လာဖို့အတွက်ကို မိန့်ခွန်းတစ်ခုပြောသွားတာ ကျနော် တို့ ကြားရပါတယ်။ အဲဒီ အပေါ်နဲ့ပတ်သက်ပြီးတော့ အကယ်၍ ပြည်ပကနေပြီးတော့ ပြန်လာတဲ့ မြန်မာတွေရှိလို့ရှိရင်ကော အန်တီရဲ့ NLD ကနေပြီးတော့ ဘယ်လိုမျိုး သူတို့အတွက်ကို လုပ်ဆောင်ပေးနိုင်ပါသလဲ။ အဲနောက်ပြီးတော့ ပြန်မလာဘူး ဆိုလို့ရှိရင်ကော အဲဒီ ပြန်မလာ တဲ့သူတွေအတွက်ကို အန်တီ ဘယ်လိုမျိုးသတင်းစကားပါးချင်ပါသလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ့။

အဖြေ ။ ။ သားမေးတဲ့မေးခွန်းကို အန်တီရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ ဒုက္ခသည်တွေ ပြန်လာတဲ့အခါ ဘဝပြန်လည်ထူထောင်ရေး တွေကို ဆိုလိုတာလား။ ဒါမျိုးတွေကို NLD လို နိုင်ငံရေးအဖွဲ့ တစ်ခုတည်းကပဲလုပ်လို့ရတာ မဟုတ်ပါဘူး။ တစ်ခြားအဖွဲ့အစည်းတွေရော၊ အစိုးရရော၊ ပရဟိတစိတ်ရှိတဲ့ လူပုဂ္ဂိုလ်တွေရော အားလုံးပါဝင်ကြရမှာပါ။ ပြန်မလာနိုင်သေးတဲ့သူတွေဆိုတာ မိမိတို့အကြောင်းနဲ့ရှိလို့ ဖြစ်မှာပါ။ ပြန်လာမယ်၊ မပြန်လာဘူးဆိုတာကို အန်တီတို့က ပြောရမှာမဟုတ်ပါဘူး။ ကာယကံရှင်လူတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
…. …. ….

ဦးမောင်လတ် (စင်္ကာပူနိုင်ငံ)
မေးခွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ့။ ကျနော့် နာမည်မောင်လတ်ပါ။ ကျနော်တို့ ဧရာဝတီမြစ်နဲ့ပတ်သက်ပြီးတော့ အင်မတန်မှ ဝမ်း နည်းစရာဆိုးကျိုးတွေဆိုတာတော့ ကျနော်ကြားသိနေရပါတယ်။ အခုအချိန်မှာ အဲဒီဆိုးကျိုးတွေကို မျက်ကွယ်ပြုပြီးတော့ တရုတ်ကုမ္ပဏီက ရေကာတာကြီးကို အပူတပြင်း အမြန်ပြီးအောင် ဆောက်နေပါတယ်။ တကယ်လို့သာ ဒီရေကာတာကြီးပြီးသွားမယ်ဆိုလို့ရှိရင် သူတို့စီမံ ကိန်းအတိုင်း နောက်ထပ် ခုနစ်ခုပြီးသွားလို့ရှိရင် ကျနော်တို့ ဧရာဝတီမြစ်ဝှမ်းသာမက မြန်မာပြည်တစ်ခုလုံး အားလုံးကပါ ဝမ်းနည်းစရာ အဖြစ်တွေနဲ့ ကြုံတွေ့သွားနိုင်ပါတယ်။ အဲဒါကြောင့် အခုကျနော်တို့ အချိန်မှီနိုင်သေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကသာ ရှေ့ကဦး ဆောင်မယ်ဆိုလို့ရှိရင် ကျနော်တို့ လူထုအများကြီးပါဝင်လာနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ ဒီကျနော်တို့ ဧရာဝတီမြစ်ကြီးကို ကာကွယ်တဲ့နေရာမှာ ပိုမိုပြီးတော့ အကျိုးသက်ရောက်နိုင်လိမ့်မယ်လို့ ယုံ ကြည်လို့ ကျနော်တင်ပြရခြင်းဖြစ်ပါတယ် ခင်ဗျာ့။

အဖြေ ။ ။ ကျမ ဧရာဝတီကာကွယ်စောင့်ရှောက်ရေးပန်ကြားလွှာတစ်စောင် ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ဒီပန်ကြားလွှာကို ဧရာဝတီမြစ်အတွက် စိုးရိမ်ပူပန်နေသူတွေကလည်း ဖြန့်ဝေနေတယ်လို့ သိရပါတယ်။ ဒီအပြင် ယဉ်ကျေးမှုအရ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအရ၊ နိုင်ငံဂုဏ် သိက္ခာအရ ဧရာဝတီမြစ်ကိစ္စ ကို အလေးထားတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပြည်တွင်းမှာ တော်တော်များများ ပြောဆိုလုပ်ကိုင်နေကြ တာ ဦးမောင်လတ် ကြားမိမလား မသိပါဘူး။ အားလုံး စိတ်ထက်ထက်သန်သန်နဲ့ လုပ်ကိုင်တာဟာ အားရစရာ ဖြစ်ပါတယ်။ ပြည်ပကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်လို့ ထင်ပါတယ်။
…. …. ….

မဝေဝေ (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါ အန်တီစုရှင့်။ ကျမကတော့ ဝေဝေပါ။ ကျမမေးချင်တာလေးကတော့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကြောင့် တရုတ်နိုင်ငံ ကသာ လျှပ်စစ်ဓာတ်တွေကိုရရှိပြီးတော့ အကျိုးအမြတ် တွေ ရမယ်လို့ အားလုံးက နားလည်ထားပါတယ်ရှင့်။ မြန်မာနိုင်ငံအတွက်ကတော့ သဘာဝပတ်ဝန်းကျင်ပျက်စီး တာ၊ ဧရာဝတီကို မှီတင်း နေထိုင်ကြတဲ့သူတွေရဲ့ ဘဝတွေသာ ဆိုးကျိုးတွေနဲ့ရင်ဆိုင်ရမယ့် အခြေအနေတွေရှိ တယ်လို့ အားလုံးက စိုးရိမ်နေပါတယ်။ အဲဒါကတော့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေပေါ်မှာ မူတည်ပြီးတော့ ဖြစ်တဲ့ စိုးရိမ် စိတ်ပါရှင်။ နောက်တစ်ခုကကျတော့ တရုတ်ပြည်ရဲ့သြဇာက ဒီထက်ပိုပြီးလွှမ်းမိုးလာမယ်။ ပြီးတော့ အဲဒီအပြင်ကို မြန်မာပြည်ကို သူတို့ရဲ့ လက်အောက်ခံနိုင်ငံတစ်ခုအနေနဲ့ သိမ်းသွင်းလိုက်မှာကိုလည်း အားလုံးကစိုးရိမ်နေ ကြပါတယ်ရှင့်။ အဲသလိုမျိုးစိုးရိမ်စိတ်အပေါ်မှာ အန်တီစုရဲ့အမြင်လေးကို ပြောပြပေးပါရှင်။ ကျေးဇူးတင်ပါတယ်။

အဖြေ ။ ။ ဒီလိုစိုးရိမ်စိတ်တွေဟာ အင်မတန်မှသဘာဝကျပါတယ်။ ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် အဖက်ဖက်မှ စဉ်းစားပေးတဲ့ပြည်သူ တွေရှိခြင်းဟာ တိုင်းပြည်အနာဂတ်အတွက်လည်း ကောင်းပါတယ်။ ဒီမိုကရေစီကိုဦးတည်တဲ့ အစိုးရဆိုတာ ပြည်သူတွေရဲ့ မျှော်လင့်ချက် တွေ၊ စိုးရိမ်ကြောင့်ကြမူတွေကို လျစ်လျူမရှုပဲ တိုင်းပြည်အကျိုးမျှော်ကိုးပြီး တာဝန်သိသိ လုပ်ဆောင်ရမှာပါ။ ဒီလိုလုပ်မှပဲ အစိုးရနဲ့ ပြည်သူ အကြား ယုံကြည်မှုတွေ ဖြစ်ပေါ်လာပြီး နိုင်ငံအတွက် တကယ့်အကျိုးဖြစ်စေမယ့် အလုပ်တွေကို အောင်အောင် မြင်မြင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
…. …. ….

မထွေး (အမေရိကန်နိုင်ငံ)
မေးခွန်း ။ ။ မင်္ဂလာပါ။ ကျမနာမည် မထွေးလို့ခေါ်ပါတယ်။ကျမ အင်ဒီယားနားပြည်နယ်မှာနေပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်မှာ ဒေါ်စုရဲ့ ဆောင်းပါးကို စာပေစစ်ဆေးရေးအဖွဲ့က ကင်းလွတ်ခွင့်ပေးလိုက်ပြီး ဖော်ပြခွင့်ပြုလိုက်တာကို ဒေါ်စု ဘယ်လိုထင်မြင်ခံစားရပါသလဲ။ ကျေးဇူးတင်ပါတယ်။

အဖြေ ။ ။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မြဲဖို့ဆိုရင် စာပေရေးသားထုတ်ဝေဖြန့်ချီရေး လွတ်လပ်မှုလိုပါတယ်။ ဒါကြောင့် ကျမဆောင်းပါးမို့ရယ်လို့ မဟုတ်ပါဘူး။ ယခင်က ထုတ်ဝေပိုင်ခွင့် မရခဲ့တဲ့ စာပေအရေးအသားတွေကို တစ်ချို့အခု ထုတ်ဝေပိုင် ခွင့် ရလာတာကို ကြိုဆိုပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts