>Myo Myint Maung – “မြစ်မ ဧရာကယ်တင်ရေး” ပဏာမအဆင့်အောင်ပွဲသို့

>“မြစ်မ ဧရာကယ်တင်ရေး” ပဏာမအဆင့်အောင်ပွဲသို့  သူ့ချစ်သူများ၊ သူ့ပြည်သူများ တက်လှမ်းနိုင်ခဲ့ပြီ

မျိုးမြင့်မောင်
အောက်တိုဘာ ၁၊ ၂၀၁၁
သမ္မတဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့သည်။  အဆိုပါ အချက် ၁၀ ချက်ထဲတွင် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင်ရပ်ဆိုင်းထားမည်ဆိုသည့် အချက် ပါဝင်သည် ဟု လတ်တလောပေါ်ထွက်လာနေသော သတင်းများအရသိရှိရပါသည်။
“မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်” ဆိုသည့်အချက်မှာ ပုံမှန်ရွေးကောက်ပွဲသက်တမ်းတစ်ခု၏ အတိုင်းအတာ အရ ပြောရလျှင် (၅) နှစ်သက်တမ်းမျှသာဖြစ်သည်။နောင် (၅) နှစ်ကြာသည့်အခါတက်လာမည့် အစိုးရက ထိုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လုပ်ချင်လုပ်လိမ့်ဦးမည်ဆိုသည့်သဘောပင်ဖြစ်သည်။
 ဧရာဝတီကယ်တင်ရေးကိစ္စသည်အစိုးရသက်တမ်းလို (၅) နှစ်တစ်ကြိမ် “လွှတ်တော်တွင်း/လွတ်တော်ပ”  ဒီဘိတ်လုပ်ပြီး ဆောင်ရွက်ရန်သင့်/မသင့်ဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ပါ။
 ပြည်သူများဘက်ကလည်းဧရာဝတီကယ်တင်ရေးနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲသက်တမ်းတခု/ အစိုးရသက်တမ်းတစ်ခု ပြောင်းသွားတိုင်းမိမိတို့၏သဘောထားဆန္ဒကို ထပ်ခါထပ်ခါ အကြိမ်ကြိမ်ဖေါ်ပြရမည့် ပုံစံဖြစ်နေပါသည်။
ဧရာဝတီမြစ်ကယ်တင်ရေးဆိုသည်မှာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။
သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာပါအတိုင်းဆိုလျှင် ဧရာဝတီကိုကယ်တင်လိုသူများ၊ပြည်သူများဘက်က ပဏာမ အဆင့် အားဖြင့်သာအောင်ပွဲခံခဲ့ပြီဟုဆိုသင့်ပါသည်။ဆိုရပါမည်။
ဧရာဝတီကိုကယ်တင်လိုသူများ၊ ပြည်သူများ၏ ပဏာမ အဆင့်အောင်ပွဲဖြစ်ပါသည်။
လှိုင်းအိကလေး၊ လှိုင်းကြက်ခွပ်ကလေးသဏ္ဍာန်ဖြင့်စတင်ခဲ့သောဧရာဝတီချစ်မြတ်နိုးသူများ၊ ကယ်တင်လိုသူများ၊ အနုပညာ ရှင်များ၊ သက်ဆိုင်ရာဘာသာရပ်အလိုက်ပညာရှင်များလှုပ်ရှားမှုများသည်မြစ်ဖျားမြစ်ဆုံမှသည် မြစ်ညာ၊ မြစ်ကျေ၊ မြစ်ဝကျွန်းပေါ်၊ ပင်လယ်ဝအထိ လှုပ်ခတ်ရိုက်ခတ်လာခဲ့ပါသည်။
 ထိုကယ်တင်ရေးလှိုင်းခတ်သံသည်ပြည်သူများ၏ ရင်အစုံကို အသေအချာလှုပ်နှိုး၊ ရိုက်ခတ်ထိမှန်ခဲ့သဖြင့် “ဧရာဝတီကိုကယ် တင်ကြ”ဆိုသည့် ပြည်သူများပါဝင်လှုပ်ရှားလာခဲ့သော နဒီဧရာလှိုင်းလုံးကြီးဖြစ်လာခဲ့ရပါတော့သည်။
ပြည်သူများ၏နဒီဧရာလှိုင်းလုံးကြီး အောက်တွင် “ဧရာဝတီရောဂါ”ဟူသော အသံသည် တိုးတိမ်နစ်မြောက် ပျောက်ကွယ် သွားခဲ့ရပြီသည်။ “ဆက်လုပ်မှာပါ၊ ဘယ်တော့မှနောက်မဆုတ်ပါဘူး” ဆိုသည့် မောက်မာဝင့်ဝါမှုသည်လည်း (၅) နှစ်သက်တမ်း နောက် ဆုတ်ပေးလိုက်ရပြီဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ကလည်း“ ပြည်သူများ၏ဆန္ဒ ပြည်သူများ၏စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ”သည်နှင့်အညီ သူ၏သမ္မတသက်တမ်းကာလတွင် “ရပ်ဆိုင်းထားမည်” ဟူသောဆောင်ရွက်ချက်ကို လက်တွေ့ ပြသခဲ့ပေပြီ။
ဤသည်မှာ ဧရာဝတီနှင့်ဧရာဝတီကိုချစ်မြတ်နိုးသော သူ့ပြည်သူများ၏ပွဲဦးထွက် အောင်ပွဲပင်မဟုတ်ပါလား။
သို့သော် အောင်ပွဲသည် ပဏာမအဆင့်အောင်ပွဲသာလျှင်ဖြစ်ပါသေးသည်။
ဧရာဝတီမြစ်ကယ်တင်ရေးဆိုသည်မှာ စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်နှင့်အညီ စဉ် ဆက်မပြတ်ကယ်တင်နိုင်ရေး၊ ဧရာဝတီ၏ကံကြမ္မာကိုအကြိမ်ကြိမ်ထိပါးအကဲစမ်းမှုများ၏ ဘေးအန္တရာယ်အသွယ်သွယ်မှ လွတ်မြောက် နိုင်ရေးအတွက် နဒီဧရာလှိုင်းကြီးထက်အဆများစွာကြီးမားသောဧရာဆူနာမီလှိုင်းလုံးကြီးဖြစ်လာအောင် ဖန်တီးရပါလိမ့်မည်။ စည်းရုံး ရ ပါလိမ့်မည်။
 ဧရာဆူနာမီလှိုင်းလုံးကြီးဖြစ်လာအောင်ပြည်သူများ၊ ပညာရှင်များ၊ နယ်ပယ်အသီးသီးမှ လှုပ်ရှားတတ်ကြွသူများ၏ စဉ်ဆက် မပြတ်စည်းရုံးလှုပ်ရှားပညာပေးမှုများတဆင့်တိုးလုပ်ဆောင်ကြရပါလိမ့်မည်။ ရှေ့ခရီးဆက်ကြရလိမ့်ဦးမည်။
သို့အတွက် “မောင်ဝံသ” ဆန္ဒစောပြီး အဆိုပြုနေသလို “ပြည်သူ့သမ္မတကြီး” လို့ ခေါ်ဖို့လည်း စောလွန်းနေပါသေးသည်။
(Photo – RiverNetwork.org)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts