>Maung Maung Wan – Article

>

လေမှာဝဲပျံ ခွပ်ဒေါင်းအလံ
မောင်မောင်ဝမ်း
စက်တင်ဘာ ၂၆၊ ၂၀၁၁


မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ အာဏာရှင်ဆန့်ကျင်ရေးသမိုင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကြိုး ပမ်းမှုသမိုင်းများတွင် ကျောင်းသားထု၏ကိုယ်စားပြု တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် ဒေသ ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင်လွင့်ထူခွင့်ပေးခဲ့သည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။

မူလက ခွပ်ဒေါင်းအလံတော်သည် ကျောင်းသားထု၏ကိုယ်စားပြု အထွတ်အမြတ်ထားရာ သင်္ကေတဖြစ် ခဲ့သော်လည်း သမိုင်း၏တောင်း ဆိုချက်အရ ပြည်သူလူထုတရပ်လုံး၏ နှလုံးသည်းပွတ်၊ တိုက်ပွဲဝင် နိမိတ်ပုံ အားမာန်ဖြစ်ခဲ့ပါသည်။

ခွပ်ဒေါင်းအလံတော်သည် ဒီမိုကရေစီနှင့်လူ့အခွင့်ရေးရရှိရန်ကြိုးပမ်းမူခရီးကြမ်း၏ အထွတ်အမြတ်ထားရာ ပုံရိပ်တခုလည်းဖြစ်သည်။
ခွပ်ဒေါင်းအလံတော်သည် အာဏာရှင်များကိုဆန့်ကျင်ရာ မတရားမှုကိုတော်လှန်ရာ၏ မိုးကြိုးသွား လက်နက်လည်းဖြစ်သည်။
ခွပ်ဒေါင်းအလံတော်ကိုဦးညွတ်ခြင်းသည် အာဏာရှင်ကိုဆန့်ကျင်ခြင်း၊ မတရားမှု့ကိုတွန်းလှန်ခြင်း ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကိုတာဝန်ယူခြင်းဟူသောအဓိပ္ပါယ်များဖြင့် ပြည့်နှက်နေယုံမက ပြည်သူလူထုတရပ်လုံးအား ဦးခိုက်လိုက်ခြင်းလည်းဖြစ်သည်။

ခွပ်ဒေါင်းအလံတော်ကို အသိမှတ်ပြုခြင်းသည် အထက်ဖော်ပြပါအချက်များကို အလေးထားခြင်းဟူသော သဘောထားဖြစ်ယုံမက မြန်မာ ပြည်သူလူထုအားတန်ဘိုးထားခြင်းလည်း ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါသည်။ ယင်းအတွက် အသိမှတ်ပြုပေးသော အမေရိ ကန်ပြည်ထောင်စုအစိုးရနှင့် အမေရိကန်နိုင်ငံ သူ၊ နိုင်ငံသားများအားလုံးကိုလည်း အထူးပင် ကျေးဇူးဥပကာရတင်ရှိပါသည်။

ယနေ့မြန်မာနိုင်ငံတော်သည် အာဏာရှင်များ၏လက်အောက်မှ မလွတ်မြောက်သေးသော နိုင်ငံတနိုင်ငံ ဖြစ် သည်။ ဒီမိုကရေစီနှင့် လူ့အခွင့် ရေး ဆိတ်သုဉ်းဆဲနိုင်ငံတနိုင်ငံဖြစ်သည်။

စစ်အာဏာရှင်များမှမွေးဖွားပေးလိုက်သော စစ်အသွင်ပြောင်းအရပ်သားအစိုးရသည် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အပြုသဘောဆောင်သောတွေ့ဆုံမှုများရှိလင့်ကစား အပြုသဘောဆောင်သော အကျိုးရလဒ်များ ယနေ့တိုင်ကောင်းမွန်စွာထွက်ပေါ်လာခြင်းမရှိသေးပါ။

သို့ဖြစ်ပါသောကြောင့် ယနေ့ကျရောက်သော သမိုင်းဝင်ခွပ်ဒေါင်းအလံလွှင့်ထူခြင်းအခမ်းအနားမှ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများ အနေဖြင့် အောက်ပါအချက်များကို တောင်းဆိုလိုက်ပါသည်။

  • ပြည်တွင်းစစ်များကိုရပ်စဲပြီး စစ်မှန်သောငြိမ်းချမ်းရေးကိုအမြန်ဆုံး အကောင်ထည်ဖော်ရန်၊
  • နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်။
  • အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန်အကောင်ထည်ဖော်ရန်နှင့်
  • ယနေ့လတ်တလောဖြစ်ပေါ်နေသော နိုင်ငံတော်၏သဘာဝအရင်းအမြစ်များနှင့် လူသားများအား ဒုက္ခဖြစ်ပေါ်စေနိုင်မည့် ဧရာဝတီမြစ်ပျက်စီး ရေး မည်သည့်စီမံကိန်းမဆို ရပ်တန့်ရန်တို့ဖြစ်သည်။

ဒါကတော့ ယနေ့ကျရောက်သည့် အလံတင်အခမ်းနားအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ ဘသဘောထားထုတ်ပြန်ကြေညာချက်၊ အမေရိကန်ဒေသတလွားဆီမှ နိုင်ငံရေး တော်လှန်ရေးအင်အားစုများ အင်တိုက်အားတိုက်ရောက်ရှိလာကြတယ်။ အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကစလို့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ တော်တော်စုံလို့။

အလံတော်ကိုလွှင့်ထူဖို့အချိန်ရောက်လာတော့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများရဲ့ ဂုဏ်ပြုတပ်ဖွဲ့ကနေရာယူလိုက်တယ်။ ဒီမို ကရက်တစ်အင်အားစုတွေက အသင့်အနေအထား။ အားလုံးက ငြိမ်သက်လျှက်။ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ခေါင်းဆောင် ကိုသန်းစိုးရဲ့ရဲ့တပ်ဖွဲ့အမိန့် ပေးသံက လေထုကိုဖောက်ခွဲရင်း …

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား …. အလေးပြု

အားလုံးရဲ့ဦးညွတ်မှု့မှာ ထွက်ပေါ်လာတဲ့ နိုင်ငံတော်သီချင်းသံက ကျက်သရေရှိလိုက်တာ။ ဒီအချိန်မှာ အားလုံး ဟာ စုံညီပီတိတွေနဲ့ ရင်ခုန် နေမယ်ဆိုတာကို ပြောနိုင်ပါတယ်လေ။

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းက လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျဉ်းကို မိန့်ခွန်းချွေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ – အမေရိကန်ဌာနခွဲ ဥက္ကဌ ကိုမျိုးသန့်က ခွပ်ဒေါင်း အလံတော်အကြောင်းကိုတင်ပြခဲ့တယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ဝမ်းက ဒီမိုကရက် တစ်အင်အားစုများရဲ့ သဘောထားကြေညာချက်ကို ဖတ်ကြားသွားခဲ့ပြီးနောက် ဆရာတော် ဦးပညာ ဇောတ (ရွှေဝါရောင်ဆရာတော်) ကလည်း ရွှေဝါရောင်နဲ့စပ်လျဉ်း တဲ့အကြောင်းအရာများကို ဟောပြောသွားခဲ့ပါတယ်။

နောက်မှာတော့ တက်ရောက်လာတဲ့ ဒေသအသီးသီးမှ ဒီမိုကရက်တစ်အင်အားစုများက ဂုဏ်ပြုအမှာစကားတွေ ပြောကြားပြီး ကျောင်း သားတပ်မတော် (ABSDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ၊ လူ့ ဘောင်သစ် ဒီမိုကရက်တစ်အပါဝင် အဖွဲ့အစည်းအသီးသီးက သ၀ဏ်လွှာများကိုဖတ်ကြားခဲ့ကြတယ်။

ခွပ်ဒေါင်းအလံတော်ကတော့ အမေရိကန်ပြည်ထောင်စု၊ နယူးရောက်ပြည်နယ်၊ ဘတ်ဖဲလိုး မြို့ရဲ့ကျက် သရေဆောင် မြို့တော်ခန်းမရှေ့ ကျောက်တိုင် ပန်းခြံဝန်းရဲ့တိုင်ထိပ်မှာ ကြွားကြွားဝံ့ဝံ …ငွားငွားစွင့်စွင့် …

အလံဆိုတာ မိမိယုံကြည်ချက်၊ ခံယုံချက်တွေကိုမြှုပ်နှံပူဇော်ခြင်းရဲ့သင်္ကေတလက္ခဏာတခုပါ။ ခွပ်ဒေါင်းအလံမှာ မြန်မာပြည်သူတွေရဲ့ ဒီမို ကရေစီနဲ့ လူ့အခွင့်ရေးငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးဆိုတဲ့ ယုံကြည်မှုတွေ ကိန်းဝပ်နေတယ်။ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့ ရဲ့ဝိဉာဉ်တွေရှင် သန်နေတယ်။ အာဏာရှင်မှန်သမျှ မတရားမှုမှန် သမျှကို ခြောက်လှန့်ဖယ်ရှားပစ်မဲ့ ခွန်အားသစ်တွေအမြဲလန်း ဆန်း နေတယ်။

မကြာခင်တနေ့ အမိနိုင်ငံတော်ရဲ့မြေပေါ်မှာ ခွပ်ဒေါင်းအလံတော်ကိုအမြင့်ဆုံးထိလွှင့်ထူနိုင်အောင် တို့ရဲ့မနက်ဖြန်တွေကို အကောင်ထည် ဖော်ကြပါစို့။

အားလုံးကိုလေးစားစွာဖြင့်

ရုပ်သံဖိုင်အား ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts