>
လူငယ်များရဲ့ဧရာဝတီလှုံဆော်ပွဲကျင်းပ
တာရာဝေယံ၊စက်တင်ဘာ ၂၄၊ ၂၀၁၁
ယမန်နေ့က နာရေးကူညီမှုအသင်းနဲ့ ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများက ဧရာဝတီကာကွယ်ဖို့ လှုံဆော်ပွဲကို ရန်ကုန်တိုင်း၊ ဒဂုံမြောက်ပိုင်းမှာရှိတဲ့နာရေးကူညီမှုအသင်းမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့က ကျင်းပတဲ့ ပွဲမှာ ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းကို ရပ်တန့်ပြီး ဧရာဝတီကို ကာကွယ်ဖို့ ပြည်သူလူထုကို လှုံဆော်တဲ့ ကဗျာ၊ သီချင်း၊အက်ဆေး၊ စာတမ်းများ ရွတ်ဆိုဖတ်ကြားခဲ့ကြပါတယ်။
ဇေယျာသော်၊ လူဇော်သစ်
အနဂ္ဂ၊ ရန်ရန်ချမ်း၊ ရဲတိုက်၊ ဇေယျာသော်
ပွဲကို အနုပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးကလူငယ်များ အများအပြားတက်ရောက်ကြကာ ပရိသတ် တထောင်ကျော်ခန့် ရှိပါတယ်။ ကျန်းမာရေးအခြေအနေကြောင့်ပွဲတက်ရောက်ခြင်း မရှိတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ လူထုစိန်ဝင်းတို့ရဲ့ ဗီဒီယိုအမှာစကားများကိုဖွင့်လှစ်တင်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။
နေထက်နိုင်၊ ရွှေဇီးကွက်
ဆောင်းဦးလှိုင်၊ သားထွေး
ဦးအုန်း၊ ဦးသောဘိတ
ထိုနေ့က ပွဲမှာ မြန်မာစီးပွားရေးပညာရှင်ဦးမျိုးမြင့်၊ အင်န်အယ်ဒီဗဟိုကော်မီတီဝင် ဦးအောင်ကြည်ညွန့်တို့ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့ ဧရာဝတီကို ဘယ်လိုကာကွယ်လို့ရတယ် စတဲ့စာတမ်းများနဲ့ စာရေးဆရာမ သန်းမြင့်အောင်ရဲ့ စာစုတခုကို ဖတ်ကြားခဲ့ကြောင်းသိရှိရပါတယ်။
နေထက်နိုင်၊ တိုးနှောင်မိုး၊ ၀ိုင်ချို၊ဦးသောဘိတ၊ သူရဇော် စတဲ့ ကဗျာဆရာများက ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဇေယျာသော်၊ အနဂ္ဂ၊ရန်ရန်ချမ်း၊ ဆောင်းဦးလှိုင်တို့က ဟစ်ဟော့သီချင်းများနဲ့ လှုံဆော်ခဲ့ကြပါတယ်။
ဒေါ်ဒေ၀ီ
ကိုကီးဂျွန်၊ ကျော်သူ
ကျော်သူ၊ ကိုရဲလွင်
ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဧရာဝတီကို ကာကွယ်ရေးလှုပ်ရှားမှုမှာ လူငယ်ထုတရပ်လုံးက အမျိုးသားရေးတာဝန်တရပ်အနေနဲ့ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဧရာဝတီဟာ ကမ္ဘာတည်နေသ၍ တည်တံ့ရမယ့် မြစ်ကြီးတစင်းဖြစ်တာကြောင့်ဒီအရေးကိစ္စအပေါ်မှာ အစိုးရတဖွဲ့၊ လွှတ်တော်တရပ်၊ အဖွဲ့အစည်းတခုခုကပဲ ဆုံးဖြတ်လို့မရနိုင်တဲ့အကြောင်းယခုပွဲကို တာဝန်ခံစီစဉ်တဲ့ ၈၈ မျူိးးဆက်ကျောင်းသားအဖွဲ့က ကိုမြတ်သူက တင်ပြသွားကြောင်းသိရပါတယ်။
လှုံဆော်ပွဲမှာကိုရဲလွင်၊ သားထွေး၊ ကိုကီးဂျွန်တို့ ဂီတအဖွဲ့နဲ့ ကိုခင်ဝမ်းရဲ့ “ဧရာဝတီ”၊ထူးအိမ်သင်ရဲ့ “ရာဇ၀င်ထဲက သတို့သမီး”၊ ကိုရဲလွင်ရဲ့ “ငြိမ်းချမ်းရေး”စတဲ့သီချင်းများကို ပရိသတ်နဲ့အတူ ပူးပေါင်းသီဆို ဖျော်ဖြေကြရင်း ဧရာဝတီကို ကာကွယ်စောင့်ရှောက်ကြဖို့သန္နိဋ္ဌာန်တွေ ပိုမိုခိုင်မြဲလေးနက်စေခဲ့ကြောင်း သတင်းရရှိပါတယ်။