>Burmese Monks in US, Canada & UK urged Burmese President to stop Dam Project on Irrawaddy


>

ဧရာဝတီအရေးပြည်ပရောက် မြန်မာသံဃာတော်များက သမ္မတကြီးထံ မေတ္တာရပ်ခံ
မိုးမခ၊စက်တင်ဘာ ၂၃၊ ၂၀၁၁
စက်တင်ဘာ ၂၁ ရက်စွဲဖြင့်ထုတ်ပြန်သော အမေရိကန်၊ ကနေဒါနှင့် အင်္ဂလန်ရောက် ဆရာတော်၊ သံဃာတော်များ၏ မေတ္တာရပ်ခံစာတွင်အမေရိကန်ရှိ ၀ါရှင်တန်ဒီစီသံရုံးမှတဆင့် သမ္မတကြီး ဦးသိန်းစိန်အား ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများရပ်တန့်ရန်၊ ဖျက်သိမ်းပေးပါရန် ပန်ကြားတောင်းပန်ထားသည်ကို တွေ့ရသည်။ ဆရာတော်သံဃာတော်များ၏မေတ္တာရပ်ခံ ပန်ကြားစာကို သည်နေရာမှာရယူနိုင်ပါသည်။
အမေရိကန်၊ ကနေဒါနှင့်အင်္ဂလန်ရောက် မြန်မာရဟန်းတော်၊ သံဃာတော်များ၏ မေတ္တာရပ်ခံစာတွင် မြန်မာပြည်သူတရပ်လုံး၏စားဝတ်နေရေး၊ ပတ်ဝန်းကျင် ရေမြေသဘာဝနှင့် မိုးလေ၀သ မျှတထိန်းသိမ်းရေး နှင့် ပြည်ထောင်စု၏အမွေအနှစ်ကို စောင့်ရှောက်ရေးတို့အတွက် လက်ရှိနိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့ကအလေးအနက်စဉ်းစားပြီး အများပြည်သူတရပ်လုံး၏ သဘောထားနှင့် ထပ်တူ ဧရာဝတီမြစ်ဆုံစီမံကိန်းများကိုရပ်တန့် ဖျက်သိမ်းပေးပါရန် ပန်ကြားကြောင်း ရေးသားထားသည်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိကျောင်းထိုင်ဆရာတော်တပါးဖြစ်သော မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက် ဆရာတော် ဒေါက်တာဓမ္မပီယ၏သဘောထားကို မေးမြန်းကြည့်ရာတွင် ဆရာတော်က အမေရိကန်ပြည်ထောင်စုရှိ ကျောင်းထိုင်ဆရာတော်၃၀ကျော်၊ သံဃာတော် ၅၀ ကျော်၊ ကနေဒါပြည်ရှိ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ အင်္ဂလန်ပြည်၏ကျောင်းတိုက် ၅ ကျောင်းမှ ဆရာတော်၊ သံဃာတော်များ စုစုပေါင်း ၇၀ နီးပါး၏ တညီတညွတ်တည်းသောသဘောဆန္ဒကို ခံယူပြီး ပန်ကြားစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာဘုန်းတော်ကြီးကျောင်းအသီးသီးက ဆရာတော်၊ သံဃာတော်များကလည်း မိမိတို့၏ ပရိသတ် ဒကာ၊ ဒကာမများကို တိုက်တွန်းရှင်းလင်း ပြောဆိုခြင်းများ ပြုလုပ်ကြမည် ဖြစ်ကြောင်း၊ မိမိတို့ ရပ်ရွာတွင်းရှိ မည်သည့်မြန်မာဘုန်းတော်ကြီးကျောင်းကိုမဆို လွတ်လပ်စွာ မေးမြန်း ဆွေးနွေးနိုင်ကြောင်း၊ သံဃာတော်များ၏ညီညွတ်သော ဆန္ဒကို ကြားသိနိုင်ပါကြောင်း ပြောကြားသည်။
          ယနေ့ နံနက် ဘီဘီစီ မြန်မာအသံလွှင့်ဌာန၏ မေးမြန်းခန်းတခုတွင်လန်ဒန်မြို့ လန်ဒန်ဝိဟာရကျောင်းထိုင် မုဒုံဆရာတော် ဦးကုသလကလည်း သံဃာတော်များ၏ မြန်မာပြည်သူတို့နှင့်အတူသဘောထားရှိကြောင်းကို အကျယ်တ၀င့်ပြောသွားသည်။ ပြည်တွင်းရှိ ဧရာဝတီအရေးလှုပ်ရှားသူများ၏ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ရှင်းလင်းပွဲများ ပြုလုပ်နေသကဲ့သို့ ပြည်ပရှိ မြန်မာဘုန်းတော်ကြီးကျောင်းများတွင်ဟောပြောပွဲ ဆွေးနွေးပွဲများ
ဆောင်ရွက်နိုင်လိမ့်မည် မျှော်လင့်မိကြောင်း အဆိုပါသတင်းကိုကြားသိရသူ မိုးမခမိတ်ဆွေတဦးက သူ၏ အမြင်ကို ပြောကြားသည်။ စင်္ကာပူသို့ နိုင်ငံတကာ ဓမ္မခရီးစဉ်အဖြစ်ရောက်ရှိနေသူ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂ၏ မြန်မာပြည်တွင်းတရားပွဲများတွင်လည်း ဆရာတော်ကဧရာဝတီမြစ်ကို စောင့်ရှောက်ရေးအတွက် ဟောကြားမှုများ ပြုလုပ်ခဲ့သည်ဟု စင်္ကာပူရောက် ဧရာဝတီအရေးလှုံဆော်နေသူတဦးက မှတ်ချက်ပေးသည်။
(photo – Myit Makha Media Facebook Page – The Sketch of A River Art  Exhibition  – Sept 22, 2011)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts