>Ant Maung – Poem

>

အကြောင်းအရင်းကို ရှင်းကြ
အံမောင်
စက်တင်ဘာ ၂၀၊ ၂၀၁၁


မနက်လင်းမှာ
အသံမိုးရွာ
စားစရာတလုပ်
ဝတ်စရာ တစုတ်အတွက်
မိဘမြကြုတ် သက်ရည်
ကုမ္မာရီ မိန်းကလေးများ
တစ်ရပ် တစ်ကျေးသွား
တစ်ရေ တစ်မြေသွား
မတရားအလုပ်တွေ လုပ်ရ
မတရား အဖိနှိပ်တွေခံရ
ခန္ဓာကိုယ် ပျက်ရ
ဘ၀ ပျက်ရ
တချို့ အသက်ပျက်ရ
ကြားရမသက်သာ။

ဒီလိုပဲ
ယောက်ျားကလေးတွေလည်း
ဆင်းရဲက လွတ်မလားလို့
ရေခြား မြေခြားသွား
မတရားတာတွေထိုးခုတ်ခံ
အသက်ကိုပေါင်နှံ
ကြွေးနဲ့အတိုး ထပ်တစ်ရာပြန်
ဘ၀တွေ ကျွမ်းသန္တာလန်
ပန်ရမယ့် ပန်းကြွေ။

ကလေးစစ်သားတဲ့
ကမ္ဘာတစ်လွှားဟစ်အော်
မတော်တာ မကြံကြပါနဲ့
မမှည့်သီး မဆွတ်ကောင်းပါဘူး။

စစ်ကြီးတွေတိုက်ကြလို့တဲ့
နှစ်လရှည် တည်ဆောက်ထား
ကိုယ့်အိမ်ကိုယ့်ရွာများကို စွန့်
လူညွှန့်ဖြတ်တဲ့နေရာတွေသွား
လူစင်စစ်က ငရဲသားကောင်ဖြစ်ကြ။

ကယ်ကြ ဆယ်ကြ ကူညီကြပါဦးတဲ့
တဟူးဟူးတိုက်တဲ့လေသံတွေ
ကမ္ဘာတစ်ဝန်း ရိုက်ခတ်နေ
စေတနာကို လေးစားပါရဲ့
ကူနိုင်သမျှလည်း ကူရမှာကွဲ့
ငရဲဝါးခံရတဲ့
ဒီဒုက္ခအပေါင်းရဲ့ ရင်းမြစ်
စိစစ်ကြပါရဲ့လား ဆရာတို့
ကမ္ဘာမှာ နေရာတကာမှာ
လူသတ္တ၀ါတွေ ဒုက္ခရောက်
ဘ၀ မှောက်ကြရတာဟာ
ဆင်းရဲခြင်းအကြောင်းရင်းတရားခံပါ
အဓမ္မတွေသာ အကြောင်းသင်းတရားခံပါ
အကြောင်းရင်းက ခံရှာရင်
ဝိုင်းလိမ်ရှာရောက်ပါလိမ့်မယ်
ကမ္ဘာရဲ့ ဒီရောဂါဆိုး
အနေနေရာရဲ့ ဒီရောဂါဆိုး
အရင်အမြစ်ထိ စစ်ထိုး
ကြိုးစားကုမှ ကင်းပျောက်ကြပါမှ
ပွစိနောက် ရောဂါလေးများ
ထွက်ပြေးသွားကြလိမ့်မယ်
တရားရဲ့အမြစ်ကို ရှာကြ
ပဋိပက္ခအရင်းကို ရှင်းကြ
အို .. အချင်းလူသားတို့ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts