>Tu Maung Nyo – Doubts when needed and necessary

>

ဖြစ်သင့်ဖြစ်ထိုက်သော သံသယ၊ မယုံကြည်မှုနှင့် စိုးရိမ်မှုများ
တူမောင်ညို
စက်တင်ဘာလ ၁၈၊ ၂၀၁၁
လက်ရှိပေါ်ပေါက်နေသောဖြစ်စဉ်ဖြစ်ရပ်များအပေါ် ပြည်သူများကစိတ်ဝင်တစားရှိနေကြသည်။ မြက်ခြေမပြတ်
စောင့်ကြည့် လေ့လာနေကြသည်။ အထူးသဖြင့် လက်ရှိအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးနေကြသည့် ဖြစ်ရပ်သည် ပြည်သူ အားလုံး စိတ်ဝင်စားမှု၏ဗဟိုချက်မဖြစ်နေသည်။
ပြည်သူများကလက်ရှိအစိုးရအပေါ်သံသယနှင့်မယုံကြည်မှုများရှိနေပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေ အတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်အတွက်စိုးရိမ်နေကြပါသည်။
လက်ရှိအစိုးရအပေါ် သံသယနှင့်မယုံကြည်မှုများ
ပြည်သူများကလက်ရှိအစိုးရအပေါ် သံသယနှင့်မကြည်မှုများ ရှိနေကြခြင်းမှာ အကြောင်းမဲ့မဟုတ်၊ယခုလတ်တလော ကာလရောက်မှ ရုတ်တရက်ကောက်ခါငင်ကာပေါ်ပေါက်လာသောအကြောင်းအချက်များလည်းမဟုတ်ပါ။ တိကျခိုင်လုံသော အကြောင်းအချက်အမြောက်များရှိပါသည်။ဆောင်းပါးရှည်လျားနေမည်စိုးပါ၍ အနှစ် (၂၀) ကျော်အတွင်းက ခပ်ဝေးဝေး အကြောင်း အချက်များကိုခေတ္တချန်လှပ်ထားခဲ့ပြီး လတ်တလောအကြောင်းအချက်များအနက်မှ အဓိကကျသော အကြောင်းအချက် အချို့ကိုသာကွက်၍ဖေါ်ပြသွားပါမည်။
၁၉၉၀ ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို (နဝတ) စစ်အစိုးရက မြန်မာသိကမ္ဘာသိကျင်းပပေခဲ့ခြင်းဖြစ်ပါသည်။ ထိုရွေးကောက်ပွဲကို တစ်စုံတရာလွတ်လပ်မှုနှင့်တရားမျှတမှုရှိသော ရွေးကောက်ပွဲဟုလေ့လာသူများပြောကြပါသည်။ ထိုရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို မဲပုံအောပေးခဲ့ကြပြီး ပြည်သူများ၏ သဘောထား ဆန္ဒကို ထုတ်ဖေါ်ပြသခဲ့ကြပါသည်။
ထိုသို့အထင်အရှားထုတ်ဖေါ်ပြသခဲ့သော ပြည်သူများ၏သဘောထားနှင့်ဆန္ဒကို(နဝတ- နအဖ)စစ်အစိုးရက အသိအမှတ်မပြုခဲ့ပါ။ အသိအမှတ်မပြုခဲ့သည့်အပြင် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပစ်ခဲ့ပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း တရားဝင်ပါတီ အဖြစ်မှ ပယ်ဖျက်ခဲ့ကြပါသည်။
ယင်းသို့ပြည်သူများ၏ သဘောထားနှင့်ဆန္ဒကို ပြောင်ပြောင်တင်းတင်းအသိအမှတ်မပြု၊ဖျက်သိမ်းပစ်ခဲ့သော (နဝတ-နအဖ) စစ်အစိုးရနှင့်၎င်းစစ်အစိုးရ၏အမွေခံလက်ရှိသမ္မတဦးသိန်းစိန် အစိုးရအပေါ် ပြည်သူများက သံသယနှင့် မယုံကြည်မှုများရှိနေကြခြင်းမှာ ပြည်သူများဘက်က ဖြစ်သင့်ဖြစ်ထိုက်သောကိစ္စ၊ ရှိသင့်ရှိထိုက်သောကိစ္စသာဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ်စိုးရိမ်မှု
ထို့အပြင်လွန်ခဲ့သောအနှစ် ၂၀ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ချုပ်ချထားခဲ့သည်၊အစိုးရဝန်ကြီး ကိုယ် တိုင်က ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ရန်ပြုရန်လှုံ့ဆော်ခဲ့သည်။ဒီပဲယင်းအကြမ်းဖက်မှုတွင် လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်စစ်အစိုးရ တွေ့ဆုံဆွေးနွေးနေသည်ဟူသောဖြစ်ရပ်များပေါ်ထွက်ခဲ့ဖူးသော်လည်းဘာမျှရေရေရာရာမရှိခဲ့၊ အချိန်ဆွဲလှည့်စား ထွက်ပေါက်ရှာမှုများအဖြစ်သာ ဇာတ်သိမ်းသွားခဲ့သည်။ထိုသို့သော အကြောင်းအချက်များအပေါ်မူတည်၍ ပြည်သူ များက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍနှင့်အသက်အန္တရာယ်အတွက် စိုးရိမ်ကြခြင်းလည်းဖြစ်ပါသည်။
သံသယနှင့်မယုံကြည်မှုကို ပို၍ခိုင်မာစေသောလောလောဆယ်အကြောင်းအချက်များ
၂ ဖက်တွေ့ဆုံဆွေးနွေးနေကြသည်ဟုဆိုသော်လည်း၂ ဖက်လုံးက လက်ရှိ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ တိကျသောအကြောင်းအချက်ကို ထုတ်ဖေါ်ပြောဆိုနိုင်ခြင်းမရှိသေးပါ။
လက်ရှိ ၂ဖက်တွေ့ဆုံဆွေးနွေးနေမှု၏ ထင်သာမြင်သာမရှိမှုကလည်း ပြည်သူများ၏ တည်ရှိဆဲသံသယ၊ မယုံကြည်မှုများနှင့်စိုးရိမ်မှုကို ထပ်မံတိုးပွားများပြားစေပြန်ပါသည်။ ပြည်ထောင်စုဝန်ကြီးအချို့၏(လွှတ်တော်တွင်း/လွှတ်တော်ပ) ရင့်သီးမောက်မာသော အပြောအဆိုများကလည်း သံသယ၊မယုံကြည်နှင့် စိုးရိမ်မှုကို မီးထိုးပေးနေသည့်နှယ်ရှိပါသည်။
နိုင်ငံရေးအကျဉ်းသားများ  ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးခြင်းမရှိသေးသည့်ကိစ္စနှင့်နိုင်ငံရေးအကျဉ်းသားမရှိဟု
ဗြောင်ငြင်း ပယ်နေသည့်ကိစ္စများကလည်း ပြည်သူများ၏သံသယ၊မယုံကြည်မှုနှင့်စိုးရိမ်မှုကို ပို၍ပို၍ခိုင်မာလာစေပြန်ပါသည်။
ထိုသံသယနှင့်မယုံကြည်မှုများကိုပယ်ဖျက်ရမည်မှာပြည်သူများဘက်ကမဟုတ်ပါ။
လက်ရှိအစိုးရ၏တာဝန်သာဖြစ်မြဲဖြစ်ပါသည်။ သူတို့အစိုးရအဆက်ဆက် နှစ်(၂၀) ကျော်ကာလ အတွင်း လုပ်ကြံဖန်တီးခဲ့မှုများ ၏တိုက်ရိုက်အကျိုးဆက်ရလဒ်လည်းဖြစ်ပါသည်။
 သို့ပါ၍ “ဘယ်သူမပြုမိမိမှု” ဟူသော စကားအတိုင်းပင်ကိုယ်လုပ်ခဲ့သမျှ ကိုယ်တိုင်သာလျှင် ချေဖျက်ပေးရမည့် တာဝန်ရှိပါ သည်။ယုံကြည်မှုကိုရလိုလျှင် ယုံကြည်ထိုက်သောလုပ်ရပ်/လုပ်ငန်းစဉ်များကို ရှင်းရှင်း လင်းလင်းခိုင်ခိုင်မာမာ ထုတ်ဖေါ်ပြသလုပ် ဆောင်ကြရပါမည်။
 ယုံကြည်ထိုက်သည့် အချက်ပေါ်လာလျှင် ပြည်သူများကယုံကြည်ကြမည်သာဖြစ်ပါသည်။ပြည်သူများသည်သဘောထားကြီး သူများဖြစ်ပါသည်။ အမှတ်သည်းချေကြီးသူများလည်းဖြစ်ပါသည်။သူတို့အပေါ် အကြမ်းဖက်ခဲ့သူ၊ ဖိနှိပ်ခဲ့သူ၊ နာကျင်စေခဲ့သူများ၊ စနစ် များကိုစွဲစွဲမြဲမြဲမှတ်မိနေကြမည်လည်းဖြစ်သည်။ သူတို့အပေါ်စာနာသူ၊ နားလည်သူ၊ သူတို့အကျိုးအတွက်စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ သူများ၊ ဆောင်ရွက်နေသူများကိုလည်း အာဇာနည်များ၊သူရဲကောင်းများ၊ ခေါင်းဆောင်ကောင်းများအဖြစ် ထာဝစဉ်လေးစား၊ မော်ကွန်း တင်ထားကြမည်ဖြစ်ပါသည်။
ပြည်သူများ၏ချစ်ခြင်းမုန်းခြင်းမှာ အလင်းရောင်ကဲ့သို့ပင်ဖြောင့်တန်းစွာသွားပါသည်။
စစ်အာဏာရှင်စနစ်ကိုမုန်းတီးပြီး၊ ပါတီစုံဒီမိုကရေစီစနစ်ကို ချစ်မြတ်နိုးပါသည်။ စစ်အာဏာရှင်များနှင့်၎င်းတို့၏ အပေါင်း အပါများကို စက်ဆုတ်ရွံရှာပြီး၊ ပါတီစုံဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်သူများကို ချစ်ခင်မြတ်နိုးလေးစားကြပါသည်။ ဤနည်းဖြင့် စစ်အာဏာရှင်စနစ်၊စစ်အုပ်စုကို အမုန်းကြီးမုန်းပြီး၊ ပါတီစုံဒီမိုကရေစီစနစ်၊ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူ များကိုအချစ်ကြီးချစ်နေကြခြင်းဖြစ်ပါသည်။
သံသယ၊မယုံကြည်မှုနှင့်စိုးရိမ်မှုသည် ပြည်သူများ၏ နှလုံးအိမ်ဝယ်ထိုသို့ခွဲခြားတည်ရှိနေခြင်းလည်း ဖြစ်ပါသည်။
အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာ ရောက်နေပြီ
ခွဲခွဲခြားခြားမြော်မြော်မြင်မြင်ရှိကြတဲ့ပြည်သူများအတွက်လက်ရှိအခြေနေနဲ့ပတ်သက်ပြီးသတိပြုသင့်တဲ့ပြောဆိုမှု တစ်ခုလည်း တင်ပြချင်ပါသည်။ယင်းမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ကမ္ဘာ့ဒီမိုကရေစီနေ့မှာပြောကြားတဲ့ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ဖြစ်ပါသည်။ 
ရောက်ရှိနေတဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားပါသည်။
အခုဆိုလို့ရှိရင်ကျမတို့နိုင်ငံက  “အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာ ရောက်နေပြီအပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး” 
         နောက်တစ်ချက်က အခုလိုဖြစ်ပါသည်။
  “ဒီမိုကရေစီစနစ်ကိုလက်ခံတယ်ဆိုလို့ရှိရင် အစိုးရအပြောင်းအလဲတွေကိုလည်း လက်ခံရမယ်၊ဒီအပြောင်းအလဲတွေဟာ ညင် သာရမယ်၊ ငြိမ်းချမ်းရမယ်။ သိက္ခာရှိရမယ်။ ပြည်သူကိုမထိရဘူး၊နိုင်ငံကိုမထိရဘူး၊  ဆင်းသွားတဲ့အစိုးရကိုလည်း မထိရဘူး၊ တက်သွား တဲ့အစိုးရကိုလည်းမလိုလားအပ်တဲ့ အခွင့်အရေးတွေမပေးရဘူး၊ အားလုံးဟာမျှတတဲ့အခြေခံအပေါ်မှာတည်ရှိရမယ်”
“ပြည်သူကို မထိရဘူး၊ နိုင်ငံကိုမထိရဘူး”
ထို ၂ ချက်သည်  ပြည်သူအားလုံး နှစ်ထောင်းအားရရှိတဲ့ကိစ္စ၊အူလှိုက် သည်းလှိုက် ထောက်ခံရမည့်ကိစ္စ ဖြစ်ပါသည်။ သို့သော်လည်းထိုအချက်များနှင့်ပတ်သက်၍ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေတွင်တိတိကျကျသတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါ။
“ဆင်းသွားတဲ့အစိုးရကိုလည်းမထိရဘူး၊တက်သွားတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး”
ထို ၂ ချက်ကို ပြည်သူအာလုံးလေးလေးနက်နက်စဉ်းစားရပါမည်။
ဆင်းသွားတဲ့အစိုးရ (နဝတ-နအဖ)ကိုလည်းမထိရဘူး။
ယင်းအချက်ကို (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များအခန်း၊ ပုဒ်မ(၄၄၅) တွင် တိတိကျကျ ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းဖေါ်ပြထားပြီး ဖြစ်ပါသည်။  မည်သူမျှထိခွင့်မရှိပါ။
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ရှိအစိုးရသမ္မတဦးသိန်းစိန် ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော“ညောင်နှစ်ပင်ညီလာခံ”က စိတ်ကြိုက်ရေးဆွဲခဲ့ပြီး၊ ကြံ့ဖွံ့ပါတီ(USDP) အမတ်အများစု လွှမ်းမိုးကြီးစိုးထားသောလက်ရှိ “ပြည်ထောင်စုလွှတ်တော်”က အတည်ပြုခဲ့ခြင်းဖြစ်သည် မဟုတ်ပါလား။
 ဒါကြောင့် “တက်သွားတဲ့အစိုးရကိုလည်းမလိုလားအပ်တဲ့အခွင့်အရေးတွေမပေးရဘူး” ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြည်သူ များက လေးလေးနက်နက် လေ့လာစိစစ်ကြဖို့လိုပါသည်။
“ဆင်းသွားတဲ့အစိုးရကိုလည်းမထိရဘူး”ဆိုသည့် အချက်မှာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ (၄၄၅) ကို မထိနဲ့ ဆို သည့်သဘောမျိုးဖြစ်နေပါသည်။
“တက်သွားတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့အခွင့်အရေးတွေမပေးရဘူး” ဆိုသည့်အချက်မှာလည်း (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသောအချက်အလက်များကို ပြန်လည်စိစစ်ရမည့် သဘောဖြစ်နေပါသည်။
သို့ပါ၍ ပြည်သူများအသေအချာစိစစ်ကြရမည့် အချက်မှာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေသည် ” ပြည်သူကို မထိရဘူး။နိုင်ငံကို မထိရဘူး” ဆိုသည့် ပြောဆိုချက်နှင့် ညီ/မညီဟူသော အချက်ပင်ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts