>Nyein Wai – Op-Ed

>

ရွာခရိုးက ရွှေချိုးကူသံ
ငြိမ်းဝေ
စက်တင်ဘာ ၁၅၊ ၂၀၁၁



အခုတလော ငြိမ်းချမ်းရေးအကြောင်းပြောတဲ့အသံတွေ တော်တော်လေးကြားလာရတယ်။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးစကားသံနဲ့ ဝေးနေ ခဲ့တော့ ငြိမ်းချမ်းရေးလို့ဆိုလိုက်တာနဲ့ လူတွေ လန်းလန်းဆန်းဆန်း ဖြစ်သွားစေတယ်။

ငြိမ်းချမ်းရေးနဲ့ အချိန်အကြာကြီး ကင်းကွာခဲ့တော့ အခု ငြိမ်းချမ်းရေးလေသံကြားတယ်ဆိုရင်ပဲ ငြိမ်းချမ်းရေးဟာ ချိုနဲ့လားလို့ ပြောသူကပြော၊ ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုဆိုတာ မတရားတဲ့အုပ်စိုးသူကို အလျှော့ပေးတဲ့နည်းလို့ ပြောသူကပြော၊ တခါ ငြိမ်းချမ်းရေးတောင်းဆိုလှုပ် ရှားတဲ့နည်းဟာ တော်လှန်ရေးကိုစွန့်ခွာသွားတာ စသည်ဖြင့် … ပြောတဲ့သူက ပြောလာကြတာလည်း ကြားရပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေးနဲ့ ပြုပြင်ရေး မတူဘူးဆိုတာ သိဖို့လိုသလို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ပြုပြင်ရေးကိုလည်း ခွဲပြီးမြင်ဖို့ လိုအပ်တယ်။

တခုတော့ ရှိပါတယ်။ ငြိမ်းချမ်းရေးအမြင် တယောက်နဲ့ တယောက် မတူတာဟာကောင်းပါတယ်။ လူတွေ ဘက်ပေါင်းစုံစဉ်းစားလို့ ရတာ ပေါ့။ ဘယ်အတွေးအခေါ်မဆို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။ ပြောပါစေ။ လိုအပ်တဲ့အခါ အများသဘောတူတဲ့လမ်းကို ကျနော်တို့ လျှောက်ဖို့ပဲလိုတာပါ။ ကျနော်တို့က ဒီလိုတွေ ဟိုလိုတွေပြောနေပေမယ့် လူထုကလည်း သူနဲ့သင့်တော်တဲ့အယူအဆကို ရွေးမှာပဲ။ သူနဲ့မသင့်တော်ဘူးထင်တဲ့ အယူအဆဆိုရင် မြောင်းထဲ လွှင့်ပစ်လိုက်မှာပဲ။ လူထုဟာ ခြောက်တိုင်းမကြောက်တဲ့ အချိန်အခါမျိုး ရှိသလို မြှောက်တိုင်းလည်း လိုက်မလုပ်တတ်တာ ကျနော်တို့သိရမယ်။ ခြောက်တဲ့မြှောက်တဲ့လူရဲ့အခြေအနေနဲ့ ခြောက်လုံး မြှောက်လုံး တွေရဲ့ အတိမ်အနက်ကို လူထုက သိတယ်။ လူထုက ဘဝနဲ့ ရင်းပြီး ဒါတွေကို နောကျေနေပြီ။ ဒါကြောင့်မို့ အုပ်စိုးသူ ခြောက်တိုင်းမကြောက်တဲ့ အဖြစ်အပျက်တွေ မြှောက်ပေးတိုင်း လိုက်မလုပ်တဲ့အဖြစ်အပျက်တွေ ကျနော်တို့လက်တွေ့ပဲမဟုတ်လား။ ဒါကြောင့်မို့ လူထုကို အကြံပြုတဲ့အခါ ကျနော်တို့ကိုယ်တိုင်က လက်တွေ့ကျဖို့ လိုအပ်တယ်။

လူထုကတော့ နှစ် (၆၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ဖွားဘက်တော် ပြည်တွင်းစစ်ကို အဆုံးသတ်ချင်ပြီ။ ဒါကြောင့်မို့ အခြေ အနေပေးရင် ပေးသလောက် ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုကို လုပ်ခဲ့ကြတာပဲ။ ဒီတခါအခွင့်အခါသာလာပုံက အုပ်စိုးသူကို ကိုင်လှုပ် နိုင်လောက်အောင် ငြိမ်းချမ်းရေးအသံက ပြင်းထန်ပါတယ်။ အုပ်စိုးသူကြီးစိုးထားတဲ့ သူ့လွှတ်တော်ထဲအထိ ဝင်လာခဲ့တယ်။ ရွာခရိုးက ရွှေချိုးကူသံက နေပြည်တော်အထိ ချဉ်းကပ်လာနေပြီလို့တောင် ပြောလို့ရမလားပဲ။

စစ်ဝါဒီတွေ အာဏာရနေတဲ့အချိန်မှာ လူထုက ငြိမ်းချမ်းရေးအလံ ကောက်ထောင်ဖို့လုပ်တာ ကောင်းတယ်။ စစ်ပွဲနဲ့ရပ်တည်ရတဲ့ စစ်ဝါဒီ တွေအဖို့ လူထုရဲ့ချိုးငှက်ကူသံက သူတို့အတွက် ငှက်ဆိုးထိုးသံဖြစ်စေတယ်။ လူထုက ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုလာတာဟာ အခြေအနေပေးမယ်ဆိုရင် စစ်တံတိုင်းကြီးတခုလုံး ကျိုးကျသွားစေလောက်အောင် ကူးစက်ပြင်းထန်သွားနိုင်တယ်။ လူထုက ငြိမ်းချမ်းရေး တောင်းဆိုရာကနေ ခေတ်ပြောင်းဖို့တောင်းဆိုတဲ့အထိ လမ်းပေါက်သွားစေနိုင်သေးတယ်။

ကျီးလန့်စာစားလုပ်နေရတဲ့ အုပ်စိုးသူက လူထုရဲ့ငြိမ်းချမ်းရေးတောင်းဆိုတဲ့ လေးညှို့သံကို ဘယ်မကြားပဲနေမလဲ။ သူလည်း ကြားတာပေါ့။ ဒီတခါ ဒီရေလှိုင်းက အရင့်အရင်လှိုင်းတွေထက် ကြီးသွားနိုင်တယ်ဆိုတာ သူသိတယ်။ ဒါကြောင့်မို့ သူကလည်း မျှောကူးဖို့လုပ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဆိုပြီး ဖွဲ့တာမျိုးတွေ လုပ်လာတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်တွေနဲ့ စကားပြောကြပါဆိုတဲ့ နည်းနာအထိ မြန်မြန်ဆန်ဆန်လုပ်တယ်။ ဒါက ဘာသဘောလည်းဆိုတော့ လူထုက ကောက် ထောင်လိုက်တဲ့ ငြိမ်းချမ်းရေးအလံအောက်ကို ကိုယ်ယောင်ဖျောက်ပြီ ဝင်ရောလိုက်တဲ့သဘောပဲ။ အတိအကျပြောရရင် လူထုရဲ့ ငြိမ်းချမ်း ရေးအလံကိုတိုက်ဖို့ လူထုအလံကိုပဲ သူတို့လည်း ကောက်ထောင်လိုက်တဲ့သဘောပဲ။ သူတို့က `သူ့အလံကိုတို်က်ဖို့ သူ့အလံကို လိုက် ထောင်သင့်ရင် ထောင်ရမယ်´ ဆိုတဲ့ လက်တွေ့ကျတဲ့အမြင်ကိုကိုင်နေပြီ။ ဒါနဲ့တောင် ကျနော်တို့က ငြိမ်းချမ်းရေးကို အရိုးများသော ချေး ခါးသောလုပ်နေရင် ကျနော်တို့ ရာဇဝင်ထဲမှာနေခဲ့ကြရမယ်။

ဒါနဲ့ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ စစ်ဝါဒအုပ်မြစ်ချသူ ဗိုလ်ချုပ်နေဝင်းတက်လာကာစ ၁၉၆၃ ခုနှစ်ထဲမှာ `ပြည်တွင်းငြိမ်ချမ်းရေး´ ခေါ်ခဲ့ တာကို ပြန်စဉ်းစာပါ။ အဲဒါ လူထုက ငြိမ်းချမ်းရေးလိုလားတဲ့ဆန္ဒ ပြင်းပြလာနေတာကို ဗိုလ်ချုပ်နေဝင်းက လူထုရဲ့ငြိမ်းချမ်းရေးအရှိန် လျှော့သွားအောင်နဲ့ ငြိမ်းချမ်းရေးလမ်းလွဲအောင် လုပ်ခဲ့တဲ့သဘောပဲ။ လူထု ထောင်တဲ့ ငြိမ်းချမ်းရေးအလံအောက်မှာ သူကလည်း ဝင်ရပ်ပြလိုက်တာပဲ။ လူထု အလံကိုတိုက်ဖို့ လူထုအလံကိုပဲ အသုံးချတဲ့သဘောပဲ။ ငြိမ်းချမ်းရေးအစစ်အမှန်ကို ငြိမ်းချမ်းရေးအတုနဲ့ ရောသမမွှေလိုက်တာပဲ။ ပြီးတော့မှ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးစကားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်အောင်လုပ်တာပဲ။ နောက်ဆုံးမှာ သူတို့ ပြည်သူကို ကျောခိုင်းသွားကြပြီ´ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရဲနွယ်ချောင်းကူးပြီး တောထဲပြန်ဝင်သွားကြရတဲ့သူတွေရဲ့ ဓာတ်ပုံကို ဖော်ပြ၊ နိုင်ငံရေးအမြတ်ထုတ်လိုက်တာပဲ။

စစ်အေးကာလကြီးအတွင်းတုန်းက ငြိမ်းချမ်းရေးဆိုတဲ့စကားကို အကျယ်လောင်ဆုံးပြောခဲ့တာ ဘယ်သူတွေလည်း။ ဒီတုန်းက နိုင်ငံတကာ အဖိနှိပ်ခံပြည်သူတွေ နယ်ချဲ့ဆန့်ကျင်ရေးပြည်သူတွေရဲ့ရှေ့က ရပ်တည်ခဲ့ကြတဲ့ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုကြီးကို တော်လှန်ရေးဆန့်ကျင်တဲ့ အချောင်သမားလမ်းစဉ်ဆိုပြီး ဘေးဖယ်ချမထားခဲ့ကြပါဘူး။ ဒီတုန်းက အာရှ အာဖရိက လက်တင်အမေရိက ဖွံ့ဖြိုးစဲနိုင်ငံတွေ၊ လွတ်မြောက်ရေးဆင်နွှဲနေတဲ့ နိုင်ငံတွေ၊ နယ်ချဲ့ဆန့်ကျင်ရေးနိုင်ငံတွေကို အဲဒီနိုင်ငံ နှစ်ခုကပဲ ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုအတွက် ဦးဆောင်ခဲ့ကြတာပါ။ နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကြီးတွေကို လက်ခံကျင်းပ ပေးခဲ့ကြတာပဲ။ ကမ္ဘာတဝှမ်းက ငြိမ်းချမ်းရေးလိုလားသူ စာပေပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ အကျယ်ပြန့်ဆုံး ပါဝင်နိုင်ခဲ့ကြတာပဲ။ ကျနော်တို့ရဲ့ အမျိုးသားစာဆိုကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုရင် ဆိုဗီယက်ယူနီယံကပေးတဲ့ စတာလင်ငြိမ်းချမ်းရေးဆု ရခဲ့တာပဲ။ ဒါတွေကို ကျနော်တို့ မေ့ထားလို့ မဖြစ်ဘူး။ တချိန်တုန်းက တော်လှန်တဲ့ကမ္ဘာက ကျနော်တို့ရဲ့ နောင်တော့်နောင်တော်တွေဆီက မှားတာ ကိုပယ်သလို မှန်တာကိုယူကြရမှာပဲမို့လား။ ကျနော်တို့ရဲ့ နောင်တော့်နောင်တော်များက နယ်ချဲ့ကမ္ဘာကို နယ်မြေကျဉ်းအောင်လုပ်တဲ့ နေရာမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအလံကို ထာင်ခဲ့တာ ကျနော်တို့မေ့ထားလို့ ဘယ်ဖြစ်မလဲ။ ငြိမ်းချမ်းရေးစည်းဘောင်ကို အကျယ်ပြန့်ဆုံး ချဲ့ပေးထားခဲ့တာ။ ကမ္ဘာတဝှန်းက လူမျိုးပေါင်းစုံ၊ အသားအရောင်ပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံရှိတဲ့လူ အားလုံးပါဝင်လာနိုင်အောင် စည်းကို အကျယ်ဆုံးချဲ့ထားခဲ့တာ ကျနော်တို့အတုယူကြရမယ်။

ဒီနေရာမှာ သတိရလို့ နည်းနည်းဖြည့်စွက်ပြီး ပြောချင်ပါသေးတယ်။ ၁၉၆၂ ခုနှစ်လွန် ကာလတွေတုန်းကပါ။ ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့ စစ်ဝါဒီတွေက အဲဒီတုန်းက ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတို့ အလုပ်သမားလယ်သမားအရေးတို့ဆိုပြီး အသံကျယ်ကျယ်ပြော နေတဲ့အချိန်မှာ ကျနော်တို့စာပေနယ်မှာ စာပေလှုပ်ရှားမှုတခုလုပ်နိုင်ခဲ့ကြတာကို သတိရလို့ပါ။ ဒီတုန်းက စာပေနယ်မှာ နိုင်ငံတကာ တော် လှန်ရေးတွေ တော်လှန်ရေးအမြင်ရှိတဲ့စာပေတွေ တော်တော်များများရေးခဲ့ကြပါတယ်။ အုပ်စိုးသူရဲ့ ဆိုရှယ်လစ်တော်လှန်ရေးဆိုတဲ့ အသံ အောက်မှာပဲ လူထုဘက်က စာပေသမားတချို့က တကယ့်တော်လှန်ရေးအစစ်အမှန် စာပေတွေကို ရေးထုတ်နိုင်ခဲ့ကြတယ်။ နယ်ချဲ့ဆန့် ကျင်ရေး လှုပ်ရှားမှုအကြောင်းတွေ ပြောဖြစ်အောင် ပြောခဲ့ကြတာပဲ။ ဒီတုန်းက လူထုစာပေသမားတချို့ဟာ သူ့အလံကိုတိုက်ဖို့ သူ့အလံကို ထောင်ခဲ့ကြတဲ့သဘောပဲ။ အဲဒီကာလလေးဟာ သိတ်တော့မကြာလိုက်ပါဘူး။ ကျနော့်အထင် ဆယ်စုနှစ်တခု မရှိတရှိအချိန်ပဲ ကြာ လိုက်တယ်။ နောက်တော့ အဲဒီစာပေမျိုးတွေလည်း မြေလျှိုးသွားကြရတယ်။ ဒါပေမယ့် တကယ့်ကို ထိရောက်လွန်းပါတယ်။ ဘယ်လိုမှ ခြေဖျက်လို့မရနိုင်တဲ့ စာပေခေတ်ကလေး တခေတ်တောင်မှ ပေါ်ထွန်းခဲ့တဲ့အထိပါပဲ။

အခုလည်း ကျနော်တို့ဟာ အဲသလိုပဲ လုပ်သင့်ရင် လုပ်ကြရမယ်။ တခြားနည်းလမ်းပေါင်းစုံလည်း ရှိအုန်းမယ်။ ကျနော်တို့ နည်းလမ်းသစ်တွေ မြေလှန်ပြီး ရှာကြရမှာပဲ။ ဟိုတချိန်တုန်းက နောင်တော့်နောင်တော်တွေ လုပ်သွားတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကိုလည်း လေ့လာရမယ်။ နည်းလမ်းကောင်းတွေယူကို ယူရမယ်။ ဥပမာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှား မှုတွေ။ တကယ့်ကို ခန့်ငြားလေးစားဖွယ်ကောင်းတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေပါ။ နောင်တော့်နောင်တော်တွေက ငြိမ်းချမ်းရေး လှုပ်ရှားမှု တွေထဲ လူထုကြီးတရပ်လုံးပါလာအောင် ဘယ်လိုနည်းတွေ အသုံးပြုခဲ့ကြသလဲ။ ဟိုတုန်းက နောင်တော်ကျောင်း သားတွေက လူထုထဲ ဆင်းပြီး အနုမြူလက်နက်ဖျက်သိမ်းရေး ငြိမ်းချမ်းရေးတောင်းဆိုတဲ့ လက်မှတ်တွေ လိုက်ကောက်ခဲ့ကြတယ်။ ဒါကိုလည်း ကျနော်တို့ ကြည့်ကြရမှာပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်းငြိမ်းချမ်းရေးကို စားပွဲဝိုင်းနဲ့ အဖြေရှာဖို့ တိုင်းပြည်သိအောင် ဆော်သြခဲ့တယ်။ သူမသာ ကိုယ်မနာနည်းကိုယူဖို့ ပြောခဲ့တယ်။ ဟော အခု အပြန်အလှန်လေးစား အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးခြင်းဟာ ဘယ်သူမှ မနိုင်ဘူး ဘယ်သူမှ မရှုံးဘူးတဲ့။ ကျနော်တို့ခေတ်မှာ ပြောပုံပြောနည်းတွေ ပြောင်းကိုပြောင်းကြရမှာပဲ။ လူထုရဲ့နားထဲ အသိမ်မွေ့ဆုံး ဝင် ရောက်သွားနိုင်တဲ့ တင်ပြချက်တွေကို ရှာကြရပါလိမ့်မယ်။

အခုဆိုရင် ကျနော်တို့ရဲ့ သက်တော်ရှည်ကဗျာဆရာကြီး “ဒဂုန်တာရာ” က ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းပြည်ကလေးစားတဲ့ ပညာ ရှင်တစ်ယောက်အနေနဲ့ ရပ်တည်ပြနေပြီ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း ရေတိုငြိမ်းချမ်းရေးအတုအယောင်ကိုပယ်ပြီး ထာဝရငြိမ်းချမ်းရေးလမ်းကိုပဲ တောင်းဆိုနေပြီ။ အုပ်စိုးသူရဲ့ လွှတ်တော်ထဲမှာတောင်မှ ပြည်တွင်းငြိမ်းချမ်းရေးစကားပြောတာကို အုပ်စိုးသူ က အရင်တုန်းကလို ဖမ်းဆီးအရေးယူဖို့မပြောနဲ့ ပြောင်ထပြီး တားမြစ်လို့တောင်မရဘူး ဖြစ်နေပြီ။ ဒါဟာ အခြေအနေနဲ့ အချိန်အခါက ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးနေတဲ့သဘောပဲ။ ကျနော်တို့ အားလုံး လူထုရဲ့ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုဖို့ထောင်လိုက်တဲ့ အလံတော်အောက် ဝင်ပြီး ရပ်ကြရပါလိမ့်မယ်။

ကျနော်တို့ဟာ စစ်တွေငြိမ်းသွားစေဖို့အတွက် စစ်တိုက်ခဲ့ကြတာရှိမယ်။ ဒါဟာ စစ်ကို ချစ်လို့မဟုတ်ပါဘူး။ စစ်ကို မုန်းလို့ စစ်တိုက်ကြရတာ ပါလို့ ကျနော်တို့ပြောခဲ့ကြတာပဲ။ ကျနော်တို့ရဲ့ အန္တိမကိစ္စက စစ်ပွဲတွေမဟုတ်ဘူး။ ငြိမ်းချမ်းရေးပါ။ မတတ်သာလို့သာ စစ်တိုက်ခဲ့ကြရလို့ တတ်သာတဲ့လမ်းမြင်ရင် အဲဒီလမ်းကိုလည်း အသုံးချသင့်ရင် ချကြရမှာပဲ။ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က အမြောက်ဆံတွေ မဟုတ် ဘူး။ ချိုးငှက်လွှတ်ပွဲတော်ပါ။ ကျနော်တို့ဟာ စစ်ကိုကိုးကွယ်ဖက်တွယ်သူတွေမဟုတ်ဘူးဆိုရင် ဘာပြုလို့ အခြေအနေကတောင်းဆိုတဲ့ ငြိမ်းချမ်းရေးအခါအခွင့်ကို အရိုးများသော ချေးခါးသောလုပ်နေမလည်း။ အခြေအနေအရ အုပ်စိုးသူက ပြည်တွင်းငြိမ်းချမ်းရေးစကား ဝင်ပြောလာတဲ့အချိန် အဲဒီအခြေအနေကိုပဲအသုံးချပြီး သူ့အရိုးနဲ့ သူ့ပြန်ထိုးတာမျိုး၊ သူ့ကြိုးနဲ့ သူ့ပြန်ချီတာမျိုးလုပ်ကို လုပ်ကြရမှာပဲ။ တချိန် တည်းမှာပဲ ငြိမ်းချမ်းရေးလိုလားသူ လူထုပါဝင်နိုင်တဲ့ဘောင်ကို ချဲ့နိုင်သမျှချဲ့ပြီး စစ်လိုလားသူ စစ်ဖန်တီးသူတွေရဲ့ဘောင်ကို ကျဉ်းသထက် ကျဉ်းသွားအောင် လုပ်ကြရမှာပဲ။ ဘယ်နိုင်ငံရေးရည်မှန်းချက်မဆို လူထုမပါရင် မပြီးပါဘူး။ ဒီတော့ လူထုပါဝင်နိုင်မှာသေချာတဲ့ နည်းလမ်း ရှိရင် အဲဒီနည်းလမ်းကို ကျနော်တို့ အမိအရကိုင်ဆွဲကြဖို့ လိုပါတယ်။

ဒါကြောင့်မို့ ကျနော်တို့က ဒီတခါမှာတော့ အရင်တခါတုန်းကလို မဖြစ်ရအောင် လူထုရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအလံအောက်မှာ အမြန်ဆုံး ဝင်ရပ်ကြဖို့ လိုတယ်။ အုပ်စိုးသူက မတတ်သာလို့ သူပါ ရောပြီး ငြိမ်းချမ်းရေးစကားပြောလာနေတဲ့ တချိန်ထဲမှာပဲ ကျနော်တို့ကလည်း ဘယ်တော့မှ စစ်ပွဲတွေ နောက်တခါ ခေါင်းလှည့်မလာနိုင်တော့တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဒက်ထိရောက်စေတဲ့အထိ တွန်းတင်ကြရမယ်။ အခြေအနေပေးရင် အုပ်စိုးသူက ကျားကွက်တကွက် အရွှေ့မှားရင် ကျနော်တို့ လူထုတိုက်ပွဲတွေ တတိုင်းပြည်လုံး ကူးစက်တောက်လောင်ပြီး စစ်ဝါဒ ကျဆုံးတဲ့အထိ လမ်းပွင့်သွားနိုင်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးဟာ ဒီမိုကရေစီရဲ့ ဖွားဘက်တော်ဆိုတာ ကျနော်တို့ မေ့လို့မဖြစ်ပါဘူး။

အခု ရွှေချိုးကူသံက ရွာခရိုးတင်မက ရွာထိပ်အထိ ရောက်လာနေပြီ။ ကျနော်တို့ တတိုင်းတပြည်လုံးအတိုင်းအတာနဲ့ကျင်းပနိုင်တဲ့ ချိုးငှက် လွှတ်ပွဲကြီးဖြစ်လာအောင် အမြန်ဆုံး ချိတ်ဆက်လုပ်ကိုင် ချီတက်ကြ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts