>Kamar Pale – Poem

>

သမိုင်းသစ်ရေး … စက်တင်ဘာ
ကမာပုလဲ
စက်တင်ဘာ ၁၂၊ ၂၀၁၁


စက်တင်ဘာဟာ … အိပ်မက်မဟုတ်ဘူး
စက်တင်ဘာဟာ … တကယ့်အဖြစ်အပျက်ဖြစ်တယ်။

စက်တင်ဘာဟာ … စိတ်ကူးယဉ်တောလား မဟုတ်ဘူး
စက်တင်ဘာဟာ … လက်တွေ့ဘ၀တွေရဲ့ တိုက်ပွဲစစ်စစ်ဖြစ်တယ်။

စက်တင်ဘာဟာ … ခါတော်မီ ပန်းခင်း မဟုတ်ဘူး
စက်တင်ဘာဟာ … ကန္တာရ မြို့ပျက်ကြီးထဲ
ရာဇ၀င်ကို ခြောက်ခြားတုန်လှုပ်စေမယ့်
ဒူးမထောက် လက်မမြောက် နှင်းဆီခင်းတွေ ဖြစ်တယ်။

စက်တင်ဘာဟာ
ဗုဒ္ဒဘာသာ သံဃာတော်တွေရဲ့
သာသနာ ကပ်ဆိုက်ဖိနှိပ်ခံနေရပုံကို …
အသက်ပေးပြီး သွေးနဲ့ရေးပြလိုက်တဲ့ …
သမိုင်းတင် သက်ဝင်ပန်းချီကား တချပ်ဖြစ်တယ်။

စက်တင်ဘာဟာ
ရေမှာအရုပ်ရေးနေတဲ့ …
လူတစုရဲ့ စိတ်ကူးယဉ်ငြိမ်းချမ်းရေးကို
အတုနှင့်အစစ် ခွဲခြားပေးလိုက်တာ ဖြစ်တယ်။

ပိုးဖဲအိညက်
အဖိုးတန် ဆိုဖါထက်မှာ
နိဗ္ဗာန်ရောက်ကြောင်း တရားကိုနာရင်း
လူကြားကောင်းအောင် …
အချိန်ကိုက် အမှတ်တရသီချင်းကို
သင် … သီဆိုနေပါသလား
စက်တင်ဘာဟာ သင့်နှလုံးသားအတွက်
ရွံရှာ စိတ်ပျက်နေမှာပဲ …။

စက်တင်ဘာဟာ … သမိုင်းဖြစ်သလို
သမိုင်းဟာ … စက်တင်ဘာဖြစ်တယ်
စက်တင်ဘာဟာ ဗမာပြည်ဖြစ်သလို
ဗမာပြည်ဟာ စက်တင်ဘာ ဖြစ်ခဲ့တယ်
စက်တင်ဘာမှာ ကျခဲ့ရတဲ့ သွေးစက်တွေက
တနေ့မှာ …
ဗမာပြည် လွှတ်မြောက်ရေးသမိုင်းသစ်ကို ရေးလိမ့်မယ် … ။ ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts