>Hand Written Notes from the editor – Maung Yit


>

အယ်ဒီတာ့လက်ရေးစက်တင်ဘာ ၁၀၊ ၂၀၁၁
မောင်ရစ်
မိုးမခက အယ်ဒီတာတွေ၊၀ိုင်းတော်သားတွေအတွက် စာရေးရင်းနဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေအတွက်ပါ သည်စာကိုရေးလိုက်တယ်။ သဘောတခုကတော့ အဆိုင်းမင်းတွေ၊ ပရိုဂရက်စ်တွေ၊ အပ္ဗဒိတ်တွေကိုကိုယ်လည်း မရေးနိုင်၊ သူများတွေလည်း မခိုင်းနိုင်နဲ့ စာမူတွေ၊ သတင်းတွေ၊အိုင်ဒီယာအကြွေးတွေ ပိနေတာတွေကို ထွက်ပေါက်ရှာတဲ့သဘော၊ မနေနိုင်တဲ့သူတွေက၀င်ရေးအောင်၊ ကိုယ့်ဆီမရေးကြရင်လည်း သူတို့မီဒီယာတွေမှာ သွား ရေးကြလည်းအလုပ်သက်သာတယ်ဆိုတဲ့ သဘောနဲ့ သည်ကဏ္ဍကို စမ်းရေးတာ ဖြစ်တယ်။
စာမူရှင်တွေကို ဖိတ်ခေါ်ပါတယ် – စာမူတွေ၊ သတင်းတွေကိုအားလုံးထံက ဖိတ်ခေါ်ပါတယ်။ သတင်းပေးတာမဟုတ်ဘဲ သတင်းရေးတာ လုပ်ကြစေချင်တယ်။သတင်းကို စာ ၁၅ ကြောင်းလောက် ရေးပါ။ ဓာတ်ပုံလည်း ရိုက်ထည့်နိုင်ရင်ကောင်းတယ်။လက်ရေးနဲ့ မရေးပေးကြပါနဲ့၊ ကြိုက်တဲ့ဖောင့်နဲ့ စာရိုက်ပြီး ပေးကြပါ။ စာလုံးပေါင်းသတ်ပုံကတော့ တတ်သလောက်စစ်ပေးပါ။ ကျနော်တို့လည်း သိသလောက်တော့ စစ်ပါတယ်။စာကြောင်းတွေမှာ နှစ်ချောင်းပုဒ် “။” ချပြီး အဆုံးသတ်ပါ။ “.” တွေ “…” တွေသိပ်မလုပ်ကြနဲ့။ အောက်ကမြင့် ၂မျိုး ရိုက်လေ့ရှိပါတယ်။ shift Y က (နဲ့)ရှေ့ကိုထွက်နေတဲ့ အောက်ကမြင့်ကလေး။ (h) ကတော့ (တော့) လို့မျိုး အောက်မှာကျနေတဲ့အောက်ကမြင့်ကို ခွဲခြားပြီး ရိုက်ကြစေလိုပါတယ်။ သတင်းရေးနည်း၊ စာရေးနည်းကတော့မောင်ဝံသတို့၊ လူထုစိန်ဝင်း၊ ကြေးမုံဦးသောင်းနဲ့ ဟံသာဝတီဦးဝင်းတင်တို့ရဲ့စာအုပ်တွေ ဖတ်ပြီး ရေး၊ နီးစပ်ရာ သင်တန်းတွေ တက်ပြီးရေးလို့ ရမယ် ထင်တာပဲ။ကျနော်လည်း ဒါလောက်ပဲ ဖတ်ဖူးတာ။
အိုဘားမားရဲ့အမေရိကန်တွေအတွက်အလုပ်အကိုင်ဥပဒေပြဋ္ဌာန်းရေး လွှတ်တော်မိန့်ခွန်း – စက်တင်ဘာ ၈ ညနေခင်းကအမေရိကန်သမ္မတကြီး အိုဘားမားက သူတို့လွှတ်တော်မှာ အမေရိကန်စီးပွားရေးကျဆင်းမှုကဦးမော့လာဖို့ အလုပ်အကိုင်ဥပဒေပြဋ္ဌာန်းရေးအတွက် မိန့်ခွန်းပေးတယ်။ အဲဒါကိုရေးသင့်တယ်။ သူတင်ပြတဲ့အချက်တွေ၊ ပြန်လှန်သုံးသပ်ချက်တွေ၊ ခေါင်းမာမာနဲ့ငြင်းဆန်နေဆဲ ရှေးရိုးစွဲ အမတ်တွေ၊ နိုင်ငံရေးသမားတွေအကြောင်း၊ တိုင်းပြည်ကြီးချွတ်ခြုံကျနေတာကို ဥပက္ခာပြုပြီး နိုင်ငံရေးအစွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေနဲ့အများအကျိုးရှိမယ့်ကိစ္စတွေ အတူတကွ မလုပ်နိုင်ကြတဲ့ ဒီမိုကရက်နဲ့ရစ်ပတ်ဘလစ်ကန်နိုင်ငံရေးပါတီဝင်တွေ၊ အမတ်တွေအကြောင်းက စိတ်ဝင်စားစရာပဲ။တချို့နိုင်ငံတွေမှာဆိုရင် ဒီလောက် အရေးကြီးတဲ့အချိန်မှာ သဘောထားကွဲနေတာကိုသီးမခံတော့ဘဲနဲ့ လွှတ်တော်ကို ဖျက်သိမ်းတာတို့၊ စစ်တပ်က အာဏာသိမ်းတာတို့၊သမ္မတကို ဖြုတ်ချတာတို့နဲ့ ဖြေရှင်းပစ်ကြမယ် ထင်တာပဲ။
နိုင်း အီလဲဗင်း ၁၀ နှစ်ပြည့် အမှတ်တရများ – လွန်ခဲ့တဲ့ ၁၀ နှစ် စက်တင်ဘာ ၁၁မှာ ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားတွေက အမေရိကန်ကို တိုက်ခိုက်ခဲ့ကြတယ်။နယူးယောက် ကမ္ဘာကုန်သွယ်ရေးအဆောက်အအုံ၊ ၀ါရှင်တန်ဒီစီကပင်တဂွန်စစ်ဌာနချုပ်တို့ကို ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်။အဲသည်နောက်ပိုင်း ၁၀ နှစ်အတွင်းမှာ ကမ္ဘာကြီးမှာ အမေရိကန်အစိုးရရဲ့လက်တုန့်ပြန်တဲ့ စစ်မီးတွေတောက်ခဲ့တာပဲ။ အာဖဂန္နစ္စတန်၊ ပါကစ္စတန်၊ အီရတ်တို့တွေက ပြည်သူတွေဟာ စစ်မီးတွေအောက်၊အမုန်းတရားတွေအောက် သေကြေပျက်စီးခဲ့ရတာ အများကြီးပဲ။ ၂၁ ရာစုဟာ အကြောက်တရားနဲ့ခေတ်ကြီး ဖြစ်လာတယ်။ ရိုးသားမှုတွေ မေတ္တာတွေ ပျောက်ဆုံးနေတယ်။ ဒါတွေကိုပြန်လည်ရှင်သန်အောင်လုပ်မှ ကမ္ဘာကြီး လှပမယ်လို့ တနေ့က စာရေးဆရာ၊ ကဗျာဆရာ၊ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်နဲ့ စကားပြောတော့ သူက ပြောလိုက်တယ်။ ရေးချင်းစရာအကွက်ပဲလေ။ သူကလည်း မရေးဘဲနဲ့ ပြောနေတာပဲ။ ရေးကြပါဦးလား။
မြန်မာပြည်ရဲ့ အထိမ်းအမှတ်လ စက်တင်ဘာ ကဏ္ဍများ – စက်တင်ဘာက စစ်အစိုးရ အာဏာသိမ်းနှစ်လည်၊ ရွှေဝါရောင် နှစ်လည်၊ ပြီးတော့ လူ့အခွင့်အရေးနေ့ ဆိုလားအပြည်ပြည်ဆိုင်ရာနေ့ကို ကြံဖွတ်တပ်မတော်အစိုးရကလည်း ဆင်နွှဲဦးမယ်။ အဲသည်တော့စက်တင်ဘာမှာ အထူးအနေနဲ့ ရွှေဝါရောင်နှစ်လည် တင်ဆက်မှုတွေ လုပ်ကြစို့လို့တိုက်တွန်းချင်ပါတယ်။ လက်ရှိမှာ ဦးပညာနန္ဒရဲ့ ဦးလင်းနဲ့ တွေ့ဆုံခန်းရုပ်သံရှိတယ်။ ဦးဂန္ဘီရအကြောင်းကို အမှတ်တရပြောထားတာတွေ ရှိတယ်။ မှတ်တမ်းတွေပြန်တင်ဆက်မယ်။ စာမူတွေ ရေးကြဖို့လည်း ဖိတ်ခေါ်ကြမယ်ဗျာ။ ၀ိုင်းဝန်းကြပါဦ။
လူထုအနုပညာ လှုပ်ရှားမှု ဆိုတဲ့ပန်းချီထိန်လင်း –လန်ဒန်က အမေရိကန်ကို လာလည်တဲ့ ပန်းချီထိန်လင်းနဲ့ စကားပြောဖြစ်တယ်။ ကိုလိုရာဒိုးပြည်နယ်ကဒင်ဗားနားမှာဆိုတော့ မိုးမခက စာတည်းကိုဦးနဲ့ တွေ့ဖြစ်ဖို့တိုက်တွန်းလိုက်ပါရဲ့။ သူ့ဖုံးကလည်း ဆက်ဖို့ ခက်လိုက်တာဗျာ။ သူက ဧရာဝတီအရေးလူထုအတိုင်းအတာအလိုက် အနုပညာလှုပ်ရှားမှုတွေ၊ ဖော်ထုတ် တင်ဆက်မှုတွေကိုအားပေးဖို့၊ လိုက်လံ ဖော်ထုတ် တင်ဆက်ပေးဖို့၊ လက်ဆင့်ကမ်းဖို့ကို ပြောတယ်။သူပြောတာတွေကို အင်တာဗျူးလုပ်ပြီး တင်ဆက်ဖို့ လုပ်ရဦးမယ်ဗျာ။ ပြည်တွင်းမှာလူထု လူတန်းစား အစုံ၊ အလွှာအသီးသီးက လှုပ်ရှားမှုတွေ လုပ်နေကြချိန်မှာအနုပညာသည်တွေ၊ ၀ါသနာရှင်တွေ၊ တဦးတယောက်ချင်းစီကလည်း သူတို့ရဲ့ ခံစားချက်၊ထင်မြင်ချက်၊ ထုတ်ဖော်ချက်တွေကို နည်းမျိုးစုံနဲ့ လှုပ်ရှားလာတာကို အားပေးဖော်ထုတ် တင်ပြ ဖြန့်ချိပေးပါ။ ဒါဟာ လူထုအနုပညာလှုပ်ရှားမှုပဲလို့ ပြောတယ်ဗျ။အဲဒါကို သူနဲ့ စကားပြောပြီး ရေးဦးမှ။
ပြည်တွင်းက ဖိတ်ခေါ်နေသလို ပြည်ပကလည်းကြိုဆိုနေတယ် –မြန်မာပြည်တွင်းက မီးရှူးမီးပန်းတွေ ဖောက်ပြတော့ ပွဲကြည့်ပရိသတ်က တဟေးဟေးတဟားဟားပေါ့။ မြန်မာပြည်တွင်းက အယ်ဒီတာတွေ အမေရိကန်ကို လာလည်တော့ ပြောဖြစ်တာရှိပါတယ်။ ဆရာတို့က ပြည်တွင်းမှာ ရေးလို့ ရသလောက် ရေး၊ ပြောလို့ ရသလောက်ပြော။သိပ်မရတဲ့ကိစ္စကျရင် သိပ်စိတ်ဆင်းရဲမခံနဲ့၊ အပြင်မှာ ထွက်ရေး၊ အပြင်မှာ ထွက်ပြော။ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေက တယောက်ကိုတယောက် သိမ်းပိုက်ရမယ့်ဟာ၊ ပြိုင်ဆိုင်နင်းချေနေရမယ့်ဟာတွေ မဟုတ်ဘူး။ အပြန်အလှန် နားလည်မှုတွေ၊ လက်တွဲမှုတွေနဲ့ချိတ်ဆက်ရမယ့်ဟာလို့ ပြောမိတာ ရှိတယ်။ မြန်မာပြည် စာပေ၊ စာနယ်ဇင်းနဲ့အနုပညာနယ်ပယ်ဟာ ကိုယ့်နယ်၊ သူ့နယ် သတ်မှတ်ကန့်သတ်ရမယ့် အချိန်ကို ကျော်သွားပြီ၊ပြည်တွင်း ပြည်ပ နယ်ပယ် အကျယ်ကြီး ဖြန့်ကျက် နေရာယူ လက်တွဲ ချိတ်ဆက်ရမှာလို့ပြောချင်တယ်။ ပြည်တွင်းက ဖိတ်ခေါ်နေသလို ပြည်ပကလည်း ကြိုဆိုနေတယ်၊ မိတ်ဆွေတွေအချင်းချင်း ဆက်ကြပါ။ ပြည်တွင်း ပြည်ပ ပရိသတ်ကိုလည်း တသားတည်းထားပြီးစည်းရုံးရေးသားကြပါလို့ ဆိုချင်တယ်။
ကဲ … အယ်ဒီတာ့လက်ရေးကတော့ စာလုံးပေါင်းလည်း မှား၊လက်ရေးကလည်း ဆိုး ဆိုတော့ ပရိသတ်က ဖတ်ပြီးတော့ မေတ္တာပို့ကြလိမ့်မယ် ထင်ရဲ့။လုပ်ချင် ရေးချင် ပြောချင် ဖော်ချင်တဲ့ အကြွေးတွေ လက်တို့လိုက်တယ်ပဲ မှတ်ကြပေတော့ဗျာ။တွေ့ကြသေးတာပေါ့။ စာပြောင်ဆရာ ရန်လိုကျွဲရဲ့ ကတော် နန်ကရိုင်းတယောက်လည်းကျန်းမာလန်းဖြာပြီး သားကောင်းမိခင်ဖြစ်ပါစေ။ ပြည်တွင်းအယ်ဒီတာတွေလည်း ချစ်သူချင်းနီးပြီး၊ မလိုသူတွေနဲ့ ဝေးကြပါစေ။ 
(ပုံတူကို ဆွဲပေးသူ – ပန်းချီ ပေါ်ဦးသက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts