Uncategorized

Ngar Nhyii Ya Thar – Articles


ငါးညှီရပြည်ရွှေဘို
ငါးညှီရသား
မေ ၇၊ ၂၀၁၃



ရွှေဘိုမြို့ကို တောင်အရပ်ကဝင်သည်ရှိသော် ခမ်းနားသောမုခ်ဦးနှင့် ကြိုဆိုမည်။ တဆက်တည်း ရွှေဘုရင်မဘီအီးစက်ရုံမှ ထုတ်လုပ်သော၊ တချက်ရှူလိုက်လျှင်ပင် မူးနောက်ရီဝေသွားစေသောဘီအီးအနံ့သိုးကြီးနှင့်ဧည့်ခံမည်။
 မြောက်အရပ်ကဝင်သည်ရှိသော် မဟာနန္ဒာကန်တော်ရှုခင်းသာနှင့် ကြိုဆိုမည်။ တပြိုင်တည်း ကန်ပတ်လည်နှင့် ကန်တွင်းမှ ထုတ်လုပ်သော ငါးညှီနံနှင့်ဧည့်ခံမည်။
အရှေ့အရပ်ကဝင်သည်ရှိသော် ဂုဏ်ယူဖွယ်ကုန်းဘောင်ရွှေပြည်ခေတ်ကမြို့တွင်းကျုံးကြီးနှစ်ခုဖြင့် မင်းတြားကြီးဦးအောင်ဇျေယျကိုယ်တိုင်ကြိုဆိုမည်။ တပြိုင်တည်း ကျုံးတွင်းမှ ငါးကန်လုပ်ငန်းရှင်များအထူးဖေါ်စပ်ထားသောငါးညှီနံ့ဆိုးကြီးဖြင့်ဧည့်ခံမည်။
အနောက်အရပ်ကဝင်သည်ရှိသော် ဂုဏ်ယူဖွယ်ကုန်းဘောင်ရွှေပြည်ခေတ်ကမြို့ပြင်ကျုံးကြီးများနှင့် ကြိုဆိုမည်။ ကျန်အရပ်ဒေသများနှင့်အပြိုင်ပထမတန်းစားငါးညှီနံ့ဖြင့်ဧည့်ခံပါမည်။
ရှူ့လှည့်၊ ရှူလည့်ကြရန်ဖိတ်ခေါ်ပါသည်ခင်ဗျား။
အနံ့ဆိုးများဝန်းရံထားသောမြို့ကို ရွှေဘိုမြို့ဟုခေါ်ပါသည်။
ကျွန်ုပ်တို့မြို့သားများသည် ခေတ်မီစွ၊ ခေတ်နောက်မကျ။ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ၊ မုဆိုးဖို၊ ရွှေဘိုဟူ၍ ငါးမည်ရရွှေဘိုဆိုသည်ကား အတိတ်ကအရာ၊ အတိတ်ကိုရွှေထီးပြန်ဆောင်း၍ အချိန်ကုန်ခံမည့်သူတွေမဟုတ်။ ယနေ့ခေတ်တွင် ဦးအောင်ဇေယျပေါင်းများစွာရှိနေလေပြီ။ ယင်းဦးအောင်ဇေယျလက်သစ်များသည် ငါးမည်ရရွှေဘိုမြို့ကြီးကို မြို့တွင်းမြို့ပြင်ကျူံးများတွင်လည်းကောင်း၊ မဟာနန္ဒာကန်တော်တလျှောက်တွင်လည်းကောင်း၊ လယ်မြေများကိုငါးကန်းအဖြစ်ပြောင်းလဲ၍လည်းကောင်း၊ ငါးကြင်း၊ ငါးဒန်၊ ငါးအုံတုံ၊ ငါးမုတ်၊ စလားဗီးယားငါးများနှင့် ငါးညှီရရွှေဘိုမြို့ကြီးအဖြစ် အသစ်ပြုပြင်မွမ်းမံလိုက်ပေသည်။
ယင်းဖန်တီးရှင်များကား ရွှေဘိုမြို့အကြောင်းနကန်းတလုံးမှမသိဘဲ မိုးကျရွှေကိုယ်အုပ်ချုပ်ရေးအရ တပ်ထဲကပြုတ်ကျလာသော၊ ရွှေဘိုမြို့နှင့် ပသို့မျှ မသက်ဆိုင်သော၊ ဘယ်အရပ်ဒေသမွေးမှန်းမသိသော ခယက၊ မယက၊ စည်ပင်ဗိုလ်မှူး၊ ရဲမှူးဆိုသူများနှင့် မြို့ခံ မြို့မိမြို့ဖများဖြစ်ပေသတည်း။
နယ်စပ်ဒေသများ၌ လက်နက်ကိုင်အဖွဲ့အစည်းများကို ဆက်ကြေးပေးရသလို ရွှေဘိုမြို့သူမြို့သားများသည် မြို့မိမြို့ဖများကို ဖုန်းလိုလျှင်လည်း ဖုန်းဆက်ကြေးပေးရ၊ ရေလိုလျှင်လည်း ရေဆက်ကြေးပေးရ၊ မီးလိုလျှင်လည်း မီးဆက်ကြေးပေးရ၊ ဘာမဆိုဆက်ကြေးပေးကြရသည်။
ကုန်းဘောင်ခေတ်ဦးအောင်ဇေယျကျေးဇူးနှင့် မဟာနန္ဒာကန်တော်ကြီးသည် ရွှေဘိုနယ်တဝိုက် လူရောလယ်ပါ သောက်သုံးရေအတွက် ပူပင်စရာမရှိချေ။ နဝတ၊ နအဖ၊ သမတခေတ်ဦးအောင်ဇေယျလက်သစ်များကြောင့် မဟာန္ဒာ၊ ကန်သာယာသည်၊ များစွာကုလား၊ အစ္စလာမ်ဘာသာဝင်များ၏ငါးမွေးမြူရေးလုပ်ငန်းဌာနချုပ်ကြီးဖြစ်နေပေပြီ။ စီးပွားရေးသောင်းကျန်းသူတပ်ရော၊ မြန်မာများရောလည်း ပါကြသည်။ သောက်သုံးရေသည် အန္တရာယ်မကင်းသောအခြေအနေမှာရှိနေသည်မှာ ကြာပေပြီ။ နှစ်စဉ်နှစ်တိုင်းကြံရာသီရောက်ပြီဆိုလျှင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားနှင့် အီသနောစက်ရုံမှ စွန့်ပစ်ရေဆိုးများလည်း ကန်တော်မြောင်းတွင်း သွင်းလိုက်ပေသေးသည်။ MEC ကား ဒေသတခုလုံးကို မြေသိမ်းလယ်သိမ်းနှင့်ဒုက္ခပင်လယ်ဝေစေရုံတင်မက ရေကောင်းရေသန့်လေးပါ ပျက်အောင် ဖျက်လိုက်ပေသေးသည်။
ငါးညှီရ အဲအဲ ငါးမည်ရပြည်ရွှေဘိုသည် ဘယ်မြို့မှာမှ မရှိနိုင်သည့် မြို့ပြင်ကျုံး၊ မြို့တွင်းကျုံးများနှင့် အလွန်သာယာသောမြို့ကြီးဖြစ်ပေသည်။ သို့သော် ထိုယဉ်ကျေးမှုတန်ဆာ မင်္ဂလာယူစရာများသည် မြို့သူမြို့သားများအပန်းဖြေ နားနေရမည့်အရာများ၊ ဂုဏ်ယူဝံ့ကြွားစရာများအဖြစ် ရောက်မလာဘဲ မြို့ကို ငါးညှီနံ့နှင့်ဖုံးအုပ်ရာ၊ မသမာသူများ၏စီးပွားရေးကွန်ချက်ချရာနေရာများဖြစ်လာကြသည်။ အာဏာပိုင်များနှင့် မြို့မိမြို့ဖျားဆက်ကြေးကောက်ရာအထူးဒေသကြီးလည်း ဖြစ်နေပေသည်။
မြို့သူမြို့သားများ အပန်းဖြေ နားနေရာပန်းခြံဆိုလျှင်လည်း မြို့သူမြို့သားများအပန်းမဖြေ အနားမနေရဘဲ စည်ပင်မှ ရုံးခန်းများ၊ ဝန်ထမ်းအိမ်ယာများဝင်ဆောက်၊ အရက်ဆိုင်တွေအငှားချ၊ မြို့မိမြို့ဖကလည်း ရုံးခန်းဝင်ဖွင့်ထားကြရာ အရက်သူ အရက်သားများအယားဖြေရာနေရာဖြစ်နေတော့သည်။
ရွှေဘုရင်မစက်ရုံမှ ထုတ်လုပ်သောဘီအီးနံ့များသည် အနီးနားရွာတွေကလူတွေ ဘယ်မျှဒုက္ခရောက်ကြမည်မသိ၊ လေကြောင်းသင့်လျှင် တညတလေမြို့တွင်းအလည်ဝင်လာသောအနံ့ကိုကပင် အော့အန်မူးမော်သူတွေ များလှပြီ။ အင်မတန်ကြောက်စရာကောင်းသည်။ မည်သူမျှ လေကောင်းလေသန့်မရှူကြရချေ။ နှစ်ပေါင်းများစွာခံနေရရှာသော ရွာသူရွာသားများက မည်မျှပင် အတိုင်အတောလုပ်သော်လည်း အာဏာပိုင်များမှာ နှာခေါင်းမပါ၊ ပါးစပ်သာပါသောကြောင့် ဆက်လက်ခံရမြဲခံနေရပေသည်။ ကျန်စက်ရုံများ စက်မှုဇုန်အကုန်ရောက်သွားသော်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သောကြောင့်လေလားမသိ၊ ဘီအီးသေရည်စက်ရုံမှာ မရွှေ့ပြောင်းရပေ။ အမှန်ပင် စွဲသောက်လျှင် ခြောက်လမကျော်စေရဟု အာမခံနိုင်သောကြောင့် ဒေသခံများက အရက်ချက်စက်ရုံဟုမပြောကြတော့ဘဲ သေရည်ချက်စက်ရုံဟုပြောကြဆိုကြသည်။ ယင်းစက်ရုံမှထုတ်လုပ်သောဘီအီးအမှုံ့ကိုဖျော်သောက်သူများ လပိုင်းအတွင်းသေကြရသည်မှာ အနီးနားရွာများတွင်ပင် လက်တွေ့ရှိပေသည်။ သုတေသနစစ်တမ်းလုပ်ဖို့ပင်ကောင်းလေသည်။ စစ်သားများသည် သူတို့ချည်းဘဲ တောထဲတောင်ထဲတွင် အသက်စွန့်တိုက်ကြရသည်ထင်ပေသည်၊ မြို့သားများ၊ တောင်သူများလည်း မြို့ထဲရွာထဲတွင်ပင် အသက်စွန့်ကာအလုပ်လုပ်ကြရကြောင်းသိစေချင်ပေသည်။ ဤသို့ တိုင်းသူပြည်သားများကို တရိရိသတ်ပိုင်ခွင့်ကို တနည်း သေရည်ထုတ်လုပ်ခွင့်ကို အဘယ်သူက ချပေးထားသည်မသိရပေ။ တချို့ကားသမားများကတော့ ဘီအီးစက်ရုံသို့ မြေဆီအိပ်များနေ့စဉ်ကားနှင့်သွင်းနေသည်ဟုပြောကြသည်လည်းရှိသည်။ ယခုအခါတွင် ယင်းတရားနည်းလမ်းမကျသော ရွှေဘုရင်မဘီးအီးစက်ရုံမှ အီးပုတ်နံ့ဆိုးကြီးကို ဆက်လက်မခံနိုင်ကြတော့သည့်အလျောက် စက်ရုံရပ်ဆိုင်းရန်၊ သို့ ၊ ရွှေ့ပြောင်းရန်အနီးနားရွာများနှင့် မြို့ပေါ်နေလူအများသည် ဆန္ဒပြကြတော့မည်ဟုသတင်းများထွက်ပေါ်နေပေပြီ။
ရွှေဘုရင်မ၏အီးပုတ်နံ့ကဲ့သို့ပင် ငါးညှီနံ့ထုတ်လုပ်မှုပိုင်းသည်လည်း တဖြည်းဖြည်းနှင့်ပြဿနာကြီးထွားလာပေပြီ၊ ရွှေဘိုအနောက်ပိုင်းနှမစရစ်စသောရွာတွေဘက်တွင် ကုလားများသည် အာဏာပိုင်များနှင့်ပူးပေါင်း၍ လယ်မြေများကို ငါးကန်အဖြစ်ပြောင်းလဲလုပ်ကိုင်သည့်အတွက် ကျန်လယ်များရေမသွင်းနိုင်ကြဘဲ ဒုက္ခရောက်ပြီးပြဿနာဖြစ်နေသည်မှာကြာပြီ။ ယင်းအချက်များသည် နိုင်ငံအနှံ့ ဖြစ်နေသောဘာသာရေးအဓိကရုဏ်း၏ရေသောက်မြစ်များဖြစ်ပေသည်။ ယင်းသို့အာဏာပိုင်အကူအညီများရယူပြီး ငွေများ၊ မတရားနိုင်အမှုများသည် နေရာတိုင်းဖြစ်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာလောက်ပေပြီ။ ယင်းသို့သောအစိုင်အခဲများကြောင့် ဘာသာရေး၊လူမျိုးရေးဘက်ဆီသို့နွယ်သွားပြီး အဓိကရုဏ်းများဖြစ်ပေါ်နေခြင်းဖြစ်လေသည်။ ကြိုက်ရာတရားရုံးသွားကြည့်ပါ၊ ကြိုက်ရာအမှုအခင်းသွားကြည့်ပါ၊ ကုလားနှင့်ဖြစ်သောအဘယ်အမှုအခင်းမျှ မြန်မာဆင်းရဲသားများနိုင်သည်မရှိပါ။ ယခုအခါ ယင်းမကျေနပ်မှုများသည် ဘာသာရေးအသွင်မတူညီမှုဆီ ခေါင်းစည်းတပ်၍ ပြောင်းလဲသွားသည်ကို နှစ်ဘက်ဘာသာရေးအဖွဲ့အစည်းများရော၊ အာဏာပိုင်များပါသတိချပ်ကြစေချင်သည်။ ဖြစ်သမျှ အရေးအခင်းများသည် အာဏာပိုင်များ၏အဂတိလိုက်စားမှုများ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ တာဝန်ရှိသူများကိုယ်တိုင်၏အသိဥာဏ်နုံ့နဲမှုများကို အခြေခံနေပါသည်။ ယင်းအဂတိမှုများသည်လည်း အထက်အထက်အရာ့အရာရှိကြီးအဆင့်ဆင့်၏မတရားဝါးမျိုမှုများ၊ ပိုင်ဆိုင်မှုများကို အားကျ၍၊ မိုးကျရွှေကိုယ်များ၏ နည်းလမ်းမကျ၊ တရားမမျှတမှုများကို အခြေခံ၍ ဖြစ်ပေါ်လာကြသည်ချည်းဖြစ်ရာ လက်ရှိအာဏာပိုင်များသည်လည်း ယခင်အာဏာပိုင်များဖြစ်ကြသည့်နည်းတူ ကိုယ့်ပေါင်ကို သေသေချာချာမာဆတ်လုပ်ရုံတင်မက ကိုယ့်ဗိုက်ကိုပါ သေချာခွဲကြည့်သင့်ကြပေသည်။
မြို့မိမြို့ဖကိစ္စနှင့်တစပ်တည်း တာဝတိံသာမြို့တော်ဝန်ကိုမာဃကို တင်ပြစရာရှိပေသည်။
ငါးညှီရပြည်ရွှေဘို၌ မြို့စောင့်နတ်ကြီး ၉ ပါးရှိလေသည်။ သို့သော် ယခုအခါ ထို ၉ ပါးနှင့် မြို့ကို ဆက်လက်စောင့်ရှောက်နိုင်မည်မဟုတ်ဟု ယူဆစရာများရှိလာပါသည်။ အကြောင်းမှာ ယင်းနတ်မင်းကြီးတို့သည် ရွှေဘုရင်မဘီအီးနှင့် နတ်သက်စေ့မနေကြရတော့ဘဲ မကြာခင် နတ်နန်းပြန်စံရမည့်အခြေအနေများကို မြင်တွေ့နေရသောကြောင့်ဖြစ်ပါသည်။ အနို့သို့မို့ကြောင့် မြို့စောင့်နတ်များလဲလှယ်ပေးရန်နှင့် နတ်အသစ်များကို တာဝတိံသာမှ အသူရာရာမ်ကိုသာ မြန်မာတပ်မတော်ကဲ့သို့ သီးသန့်သောက်တော်မူရန် အမိန့်ထုတ်ပေးဖို့ တိုက်တွန်းလိုက်ရပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts