>U Kyaw Hsan loves storytelling in parliament

>

လွှတ်တော်တွင် ဦးကျော်ဆန်း ဆဒ္ဒန်ဆင်မင်းဇာတ်ခင်း
မိုးမခအထောက်တော် အမှတ် ၀၁၂
စက်တင်ဘာ ၉၊ ၂၀၁၁

photo DVB

ဗုဒ္ဒဟူးနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို “နာရီဝက်ကျော်ကြာအောင်” ပြောပြသွားသည်ဟု ဧရာဝတီသတင်းဌာန၏အဆိုအရ သိရသည်။

ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းကြေးမုံသတင်းစာတွင် ဖော်ပြထားချက်အရ ထို လွှတ်တော်အစည်းအဝေးတွင် ပရိသတ် ၄၀၀ ၀န်းကျင် ရှိနေသည်။

“မီဒီယာလွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆို”လိုသဖြင့် ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို ပြောပြခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းက ဆိုသည်။

ဆန္ဒန်ဆင်မင်းသည် ဘုရားဟော နိပါတ်တော်တွင် ပါဝင်ပြီး ကုန်းဘောင်ခေတ် ၀တ္ထုဆရာ ဦးပုည၏ လက်ဖျားခါရသော အရေးအသားများကြောင့် မြန်မာပြည်တွင် အလွန် ထင်ရှားသည့် ဇာတ်ကြီး ဖြစ်လာသည်။

ထိုသို့ လူသိများသည့် ဇာတ်ကြီးကို ၀န်ကြီးဦးကျော်ဆန်းက ပြန်လည် ဖော်ထုတ်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို မသိရသေးပေ။

တပ်မတော်အစိုးရလက်ထက် ဗိုလ်မှူးချုပ်ကျော်ဆန်းဘ၀က ပြန်ကြားရေးဝန်ကြီးဌာနကိုသာ ကိုင်ခဲ့ရသော်လည်း ယခုအခါ ဦးကျော်ဆန်းသည် အလွန် အလုပ်များသောသူတဦးဖြစ်နေသည်။

မကြာသေးမီက တခြားသော စစ်ခေါင်းဆောင်များနှင့်အတူ ဘောင်းဘီချွတ် လူဝတ်လဲပြီးနောက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ အပိုင်စားရသူ ဖြစ်လာသည်။

ယဉ်ကျေးမှုဝန်ကြီးဘ၀တွင် ဦးကျော်ဆန်း၏ ဒိုင်ယာလော့များ လူထုကြား ပိုမိုရောက်လာသည်။ မကြာသေးခင်က “ကမ္ဘာ့လူသားအစ မြန်မာက” ဟူသော ဆောင်ပုဒ်ဟောင်းကို ပြန်လည်ဖော်ထုတ်သဖြင့် ကွန်ပျူတာရှေ့မှ မီဒီယာသမားတချို့၏ ကောင်းချီးပေးမှုကို ခံထားရသည်။

သို့သော်လည်း ထိုဒိုင်က စစ်မဟာဗျူဟာလေ့လာရေးဌာနထံမှ ကော်ပီကူးထားခြင်း ဖြစ်သောကြောင့် ဗိုလ်မှူးချုပ်ဘ၀တွင် သူတီထွင်ခဲ့သော “မီဒီယာကို မီဒီယာနဲ့တိုက်” ဟူသော ဆောင်ပုဒ်ကို ကျော်နိုင်ခြင်း မရှိပေ။

မုံရွာသား၊ DSA စစ်တက္ကသိုလ်ကျောင်းဆင်း၊ မေလက အသက် ၆၃ နှစ် ပြည့်ခဲ့သူ ဦးကျော်ဆန်းအကြောင်းကို ဧရာဝတီသတင်းထောက် ခင်ဦးသာရေးသားသည့် ယခုနှစ် သြဂုတ်လ ဆောင်းပါးတပုဒ်တွင် “(သူ) ပြန်ကြားရေးဝန်ကြီး ဖြစ်လာချိန်မှာတော့ မီဒီယာသမားတွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ ထိတွေ့မှု များလာပြီး ဗြောင်ကျကျလိမ် ပြောတတ်သူ၊ ပြန်တိုက်ခိုက်တတ်သူ အဖြစ်နဲ့ နာမည်ကြီးလာပါတယ်” ဟု ဖော်ပြထားသည်။

နာမည်ကြီးနေသော ဦးကျော်ဆန်းက ပိုမိုနာမည်ကြီးစေသော လုပ်ရပ်တခုကို ယခင်လက လုပ်ပြခဲ့သည်။ နေပြည်တော်မြို့တော် သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီမြစ်အကြောင်း မေးမြန်းရာ ဦးကျော်ဆန်းက သတင်းထောက်တို့ကို ရှိုက်ကြီးတငင် ငိုပြလိုက်သည်။

ထိုငိုသတင်းကို ဖတ်ရသည့် နိုင်ငံတကာရောက် မြန်မာပြည်သားတို့က မိကျောင်းမျက်ရည်၊ ပြိတ္တာမျက်ရည် ဟူသော စကားလုံးများ အသုံးပြုပြီး ဖေ့ဘုတ်စာမျက်နှာတွင် ၀ိုင်းဝန်း မှတ်ချက်ပြုခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts