>
စက်တင်ဘာ ၇၊ ၂၀၁၁
ပုံအား ဤနေရာမှယူပါသည်။
ဘ၀ရဲ့
ယုံကြည်ချက် အိပ်မက်ငါးကလေးတကောင်
လောက ရေခမ်းချောင်းထဲ
အကျဉ်းကျ ပိတ်မိနေစဉ်ကပေါ့ …။
ထက်ရပ်ဝန်းကျင် တခုလုံး
နှင်းတွေ …
လင်းအရုဏ်ဦးရဲ့ နေခြည်ထဲ
အဆန်းတကြယ်တောက်ပနေပုံများ
ကျနော့်မှာ ခံစားခွင့် မရရှိနိုင်ခဲ့ဘူးမေမေ …။
ရင်ထဲမှာ
နားလည်ခွင့်လွှတ်နိုင်မှုတွေ ခမ်းခြောက်လာခဲ့
မျက်ဝန်းထဲ
မငိုဘဲနဲ့ မျက်ရည်ပူတွေအုံဖွဲ့
နှလုံးသားရဲ့ ပြင်းပြဆာလောင်မှုမှာ
ကျနော်ငယ်ငယ်တုန်းကလို
မေမေ့ရဲ့
သားချော့တေးကို ငတ်မွတ်တယ် …။
သစ္စာတရားကိုယ်တိုင်
ခပ်ပါးပါးလှီးဖြတ်သုတ်သင်ခံနေရတဲ့အရပ်မှာ
ကျနော့်ကိုယ် ကျနော်
ဘယ်လိုနေရာချရမလဲ မေမေ …
အဲဒီ အရပ်မှာ
လူတွေဟာ …
အလှဆုံး ပြုံးပြနေတတ်ပြီး
ဦးခေါင်းတွေက
အကျွမ်းကျင်ဆုံး ရက်စက်ကောက်ကျစ်နေကြတယ် …။
ဆန့်ကျင်ဘက် အနက်တွေနဲ့
အသုံးချ အသရေဖျက်ခံနေရတဲ့ … လူ့ဂုဏ်သိက္ခာဟာ
နေ့လည်ကြောင်တောင် အမှောင်နက်နက်ကြီးထဲ
အဓမ္မ ညှဉ်းဆဲ သတ်ဖြတ်ခံနေရပေါ့
အကွက်ကျကျ ယုတ်မာရူးသွပ်နေကြပုံများ … ။
အနာဂတ် ပန်းဥယျဉ်ထဲ
နွမ်းလျ ညှိုးရော် ပန်းပွင့် ပုရစ်ဖူးကလေးတွေက
သတ္တိရှိရှိ ရွေးချယ်တတ်တဲ့ မေတ္တာတရားနဲ့
ပေးဆပ်မှုမှာ ပါရမီ ခိုင်မြဲလွန်းလှတဲ့
ဥယျာဉ်မှူးစစ်စစ်ကို
ယုံကြည် စောင့်မျှော်နေကြတယ် … ။
တနေ့မှာ
လူ့သမိုင်းက
သူတို့တရားကို သူတို့ကိုယ်တိုင်စီရင်ခိုင်းပါလိမ့်မယ် …။
မနက်ဖြန်တိုင်းဟာ
သစ္စာမြဲသူတို့ရဲ့ ခေတ်ဦးကို
ကမ်းလင့် ကြိုဆိုနေမြဲကို … ။ ။