>News & Media

>

ရသအလင်းဖောင်ဒေးရှင်းမှ ကဗျာဆရာပိုင်စိုးဝေအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခြင်း
စက်တင်ဘာ ၆၊ ၂၀၁၁


စင်ကာပူနိုင်ငံရှိ အနုပညာချစ်မက်သူတွေနဲ့ ဖွဲ့စည်းအုတ်မြစ်ချထားတဲ့ ရသအလင်းဖောင်ဒေးရှင်းမှ သြဂုတ်လအတွက် ဂုဏ်ပြုငွေကျပ် သုံးသိန်းကို မန္တလေးမြို့မှာနေထိုင်တဲ့ ဆရာပိုင်စိုးဝေ အား ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါတယ်။

ရသအလင်းရဲ့ဂုဏ်ပြုငွေပေးအပ်ခြင်းကိစ္စအ၀၀ကို မန္တလေးမှဆရာကျော်ရင်မြင့်က အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

ပထမအစီအစဉ်ကတော့ ဆရာပိုင်စိုးဝေရဲ့အိမ်မှာ အခမ်းအနားလေးကျင်းပဖို့စီစဉ်ခဲ့ကြပေမယ့် ဆရာ့အိမ်က မိုးများပြီးရေမြှပ်တဲ့အထဲ ပါဝင်နေခဲ့တာကြောင့် မန္တလေး ပန်တျာကျောင်းဝန်းထဲမှာရှိတဲ့ ပန်းချီပန်းပုဌာနရှေ့မှာ သြဂုတ်လ ၂၀၊ ၂၀၁၁ ရက်နေ့က ဂုဏ်ပြုငွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ကဗျာဆရာ ပိုင်စိုးဝေ

အခမ်းအနားလေးမှာဆရာကျော်ရင်မြင့်နဲ့အတူ ပန်းချီပန်းပုကျောင်းအုပ်ကြီးဦးခင်မောင်စန်း၊ ဆရာစန်းယုကျော် (ကုမုဒြာ)၊ ဆရာအောင် ရှင်(မြန်မာတိုင်းမ်)၊ ဆရာမင်းဒင်(7days)၊ ဆရာသင့်နော် (ဈေးကွက်)၊ ဆရာဘဦး (အလင်းတန်း)၊ ဆရာ မင်းထက်ငြိမ်းချမ်း၊ ဆရာ စိုးဘားဒိုင်၊ လမင်းသစ်၊ သျှိုင်းရဲဝံ့နဲ့ မောင်ဖူလုံ (ပုသိမ်ကြီး) တို့တက်ရောက်ခဲ့ကြောင်း ကြားသိရပါတယ်။

မြန်မာကဗျာ၊ စာပေလောကတွင် နှစ်ပေါင်းမြောက်များစွာ အားကောင်းမောင်းသန်ကဗျာများ၊ ၀တ္ထုတိုများစွာကိုရေးဖွဲ့ခဲ့သောကိုယ့်ကြောင့် ကမ္ဘာကြီးကိုမနာစေချင်သော သိန်းစွန်ငှက် ကဗျာဆရာပိုင်စိုးဝေအား အနုပညာ အပေါ်တွင်ထားရှိသည့် ဇွဲသတ္တိအားမာန်နှင့် ခိုင်မြဲ တည်ကြည်သောရပ်တည်ချက်တို့ကို လေးစားသောအားဖြင့် စင်ကာပူနိုင်ငံရှိ ကဗျာ၊ စာပေ၊ အနုပညာ ချစ်မက်လေးမြတ်သူများ ဖွဲ့စည်း ထားသည့် ရသအလင်းဖောင်ဒေးရှင်းမှ မြန်မာကျပ်ငွေ (၃) သိန်းကို လေးစားစွာ ဂုဏ်ပြုချီးမြှင့်အပ်ပါသည်လို့ ရေးသားထားတဲ့ မှတ်တမ်း တင်ဂုဏ်ပြူလွှာနဲ့ ဆရာပိုင်စိုးဝေကို ဂုဏ်ပြုပေးအပ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ရသအလင်းကိုယ်စား အစစအရာရာအဆင်ပြေအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးနေတဲ့ ဆရာကျော်ရင်မြင့်နဲ့ အဖွဲ့သားအားလုံးကို ရသ အလင်းမှ လှိုက်လှဲစွာ ကျေးဇူးဥပကာရတင်ရှိကြောင်း လေးစားစွာမှတ်တမ်းတင်အပ်ပါတယ်။

ဆရာပိုင်စိုးဝေကို ၁၉၄၇ ခုနှစ်မှာ အဖဦးတင် အမိဒေါ်ရွှေမိတ်တို့မှ တောင်သာမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။
မြန်မာစာအဓိကနဲ့ BA ဘွဲ့ရရှိခဲ့ပြီး နေမင်းပိုင်စိုး၊ ပိုင်စိုးဝေ ကလောင်အမည်တွေနဲ့ ကဗျာ၊ ၀တ္ထုတိုနဲ့ ဆောင်းပါးများစွာ ရေးသားခဲ့ပါတယ်။
● ၁၉၇၃ မှ ၁၉၇၇ အထိ ပန်တျာကျောင်းမှာ အစောင့်ဝန်ထမ်း။
● ၁၉၇၈ မှ ၁၉၉၃ အထိ တိုင်းရင်းဆေးသိပ္ပံကျောင်းမှာ လက်ထောက်စာကြည့်တိုက်မှူး။
● ၁၉၉၄ မှ ၂၀၀၇ အထိ ယဉ်ကျေးမှူဝန်ကြီးဌာန၊ ကဗျာနည်းပြ။ (၂၀၀၇ မှာ အသက် ၆၀ ပြည့် အငြိမ်းစားယူခဲ့ပါတယ်)

ထုတ်ဝေခဲ့တဲ့ ဆရာ့ရဲ့ စာအုပ်တွေကတော့ …
● ဗုဒ္ဓဟူးနေ့မှ မိုင် ၅၀၀ (၀တ္ထုတိုပေါင်းချုပ်)
● သိန်းစွန်ငှက်အပြန်လမ်း (ကဗျာရှည်)
● နေရောင်ခြည်နှင့်တွေ့ဆုံခြင်း (ကဗျာပေါင်းချုပ်)
● မူးနေတဲ့ ကြယ်တံခွန် (ကဗျာပေါင်းချုပ်)
● ဣတ္ထိယတောင်တန်း (ကဗျာပေါင်းချုပ်) အပါအ၀င်စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပါတယ်။

ဆရာပိုင်စိုးဝေဟာ မျက်လုံးတစ်ကြိမ်ခွဲစိတ်ခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ပဲ နောက်တစ်ကြိမ် ထပ်မံခွဲစိတ်ဖို့လိုအပ်နေတဲ့အတွက် ဆရာ့ရဲ့မျက်လုံးကုသစရိတ်ထောက်ပံ့ရန်အလို့ငှာ ရသအလင်းဖောင်ဒေးရှင်းအမှုဆောင်အဖွဲ့မှ ဂုဏ်ပြုငွေအဖြစ်ပေးအပ်ခဲ့ကြခြင်းဖြစ်ပါတယ်။


ဆရာပိုင်စိုးဝေရဲ့ ရသအလင်းသို့ ကျေးဇူးတင်လွှာ


ရသအလင်းမှ ဆရာပိုင်စိုးဝေသို့ အနုပညာဂုဏ်ပြုလွှာ

….. ….. …..

ယခုကဲ့သို့ အနုပညာကိုမြတ်နိုးသူများရဲ့ ၀ိုင်းဝန်းအားဖြည့်မှုတွေနဲ့ ရသအလင်းရဲ့ အုတ်မြစ်ဟာ ခိုင်မာမြဲမံနေပြီး ရသအလင်းရဲ့ ခြေလှမ်းတွေ ဟာလည်း အင်အားအပြည့်နဲ့ သေသပ်တက်ကြွနေပြီ ဖြစ်ပါတယ်။ အနုပညာချစ်မက်သူအပေါင်း စိတ်ပါဝင်စားခဲ့ရင် ရသအလင်းကို ပူးပေါင်းဝိုင်းဝန်းကြဖို့ ရသအလင်းအမှုဆောင်အဖွဲ့မှ လိုက်လှဲပျူငှာစွာ ဖိတ်ခေါ်အပ်ပါတယ်။ ရသအလင်းအမှုဆောင်အဖွဲ့ဝင်အဖြစ်ပါဝင်အားဖြည့်လိုသူရသအလင်းအဖွဲ့သားများအားလုံးကိုလည်း တတ်နိုင်သလောက် အချိန်ဖဲ့ပေးပြီး ပါဝင်ကြပါဦးလို့ လေးစားစွာတိုက်တွန်းပါရစေ ..။ တစ်စက်ချင်းတစ်ပေါက်ချင်းက ပြည့်အောင်ဖြည့်နေကြရတာဖြစ်တဲ့အတွက် တစ်စက်ချင်းတစ်ပေါက်ချင်းကနေ ပြည့်အောင်ဖြည့်လိုက်ကြစို့လား ……

ရသအလင်းဖောင်ဒေးရှင်း အဖွဲ့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts