>Mar Mar Aye – 392

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၂)

လှုပ်လှုပ်ရမ်းရမ်း စတိတ်ရှိုး

မာမာအေး

စက်တင်ဘာ ၄၊ ၂၀၁၁

(photo: bbc)

BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

“—စတိတ်ရှိုးစင်အထိ အမှုဆောင်တွေ အလှည့်ကျ လိုက်ကြည့် ထိန်းကျောင်းပေးပါ တဲ့၊ ဈာန်ပေါက်၊ ဓါတ်ပေါက်၊ ဆေးပေါက်တာတွေနဲ့ ရောကောသောကောတွေ ကြားမှာ မသွားချင်လဲ မရ ဘယ်လောက် စိတ်ဓာတ်ကျစရာကောင်းသလဲ ပရိသဒ်တို့ရယ်—”



သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က ‘စတိတ်ရှိုး’ လို့ ကမ္ပည်းထိုးကြတဲ့ စီးပွားခွင်တခုက ဂီတနယ်မှာ ဘာကြောင့် ဘယ်လို တိုးလာခဲ့တာလဲ ဆိုတဲ့အကြောင်း ပြောပြနေတုန်းပါ၊ လျှပ်စစ်ဂစ်တာအဖွဲ့ စင်ပေါ်ရောက်လာတာဟာ တီးခတ်တဲ့ တူရိယာပညာရှင် ဦးရေ နည်းတာရယ်၊ အတင်အချ စားရိတ်စက အကုန်အကျ သက်သာတာရယ်ကို တွေးပြီး ဈေးကွက်ချ ပွဲစီစဉ်တဲ့သူက မျက်စေ့ကျလို့ ဖြစ်လာတာမျိုးပါလား ဆိုတာ သိပြီ လို့ပဲ ထားလိုက်ပါတော့။

တကယ် တွက်ကြည့်ရင်တော့ တူရိယာပညာရှင် ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ လျှပ်စစ်ဂစ်တာအဖွဲ့ ဆိုတာ မြန်မာကာလပေါ်အဖွဲ့မှာ အစိပ်အပိုင်းတခုသဖွယ် ပါဝင်ခဲ့တာပါ။ ကာလပေါ်အဖွဲ့ဆိုရင် စန္ဒရား (သို့မဟုတ်) ကီးဘုတ် ခေါ်တဲ့ လျှပ်စစ်စန္ဒရား၊ နှဲ (သို့မဟုတ်) တယော၊ ခြောက်လုံးပတ်ဗုံဆရာ၊ မြန်မာစည်းဝါးလိုက်ပေးသူနဲ့ လေမှုတ်တူရိယာပညာရှင်တွေ၊ လျှပ်စစ်ဂစ်တာအဖွဲ့ နဲ့ ဒရမ်တီးသူတဦး ပါဝင်နေလို့ ဖြစ်ပါတယ်။ မြန်မာအတီးပညာရှင်တွေဟာလဲ နိုင်ငံတကာမှာ ဖြစ်တည် ပေါ်ပေါက်နေတဲ့ တူရိယာပစ္စည်းတွေကို ကိုယ့်ဂီတ ကိုယ့်ပစ္စည်းတွေနဲ့အတူ ပေါင်းစည်း အသုံးပြုလို့ ရမရ၊ အံဝင်ခွင်ကျ ဖြစ်မဖြစ်၊ မြန်မာတို့နားမှာ သစ်စေဘို့ ကျိုးစား ဖန်တီးခဲ့ကြတာမို့ ထရန်းပက်တွေ၊ ကလဲရီနက်တွေ၊ ဆိုက်ဆိုဖုန်းတွေ၊ လျှပ်စစ်တူရိယာတွေက အသံတွေကို သီချင်းထဲမှာ ကြားနိုင်တာပေါ့ရှင့်။

အခုဆိုရင် နိုင်ငံတကာ တေးဂီတအဖွဲ့ကြီးတွေကို အားကျပြီး တယောဝိုင်းကြီးတွေ လူ သုံးဆယ်မက တီးကြခတ်ကြ ဖျော်ဖြေနေကြပြီလေ။ မာအေးဆရာ အလင်္ကာကျော်စွာ ရွှေပြည်အေးကြီးများ ရှိသေးရင်၊ နောက်တခါ ‘ဗမာ့သွေးခဲ’ ပြဇာတ်ကြီး ပြန်ဖေါ်မလား မသိဘူး လို့ သတိရတယ်ရှင်၊ ဆရာကြီးမြို့မငြိမ်းလဲ ဒီလိုတီးဝိုင်းမျိုးကြီးတွေလို မြင်ချင်ခဲ့ရှာပါသတဲ့။

မာအေးတို့မူရင်းဗီဇ မဟာဂီတခမျာကတော့ ကုန်းဘောင်ဆက်တော်ဝင် အရှင်သီပေါမင်း ပါတော်မူသွားရှာတဲ့ အချိန်က စလို့ ခေတ်မှိန်ရွေ့လျော သင်္ခါရအတောမသတ်တာနဲ့ ‘ရေသာတလှည့်’ ကိုဘဲ ပြန်မရောက်လာသေးပါဘူးရှင်။ ကိုယ်ပေးချင်တဲ့ ယဉ်ကျေးမှု ဂီတ တာထွက် ဂါရ၀မှုတောင် ပြုမရအောင် အဖြစ်သနစ်တွေက ခေါ်ဆောင်ခဲ့တယ်ဆိုတာ ကြားလိုက်တဲ့ အတိုင်းပါဘဲ။

သုံးရွေ့လယ်ဝယ်၊ ရွှေတော်မျိုးတော်မှူးတော် မတ်တော်ရှေ့ဝယ် ကကြတဲ့ မင်းသမီးအစုံရယ်၊ သီချင်းကြီးမှ ဂုဏ်ထယ်တယ်၊ အဲသည်အခါတွင် ဆရာဆင်၊ ဆရာဖေကြီးတို့က သိုင်းနဲ့ကျိုင်းနဲ့ ဂိုဏ်းဖွဲ့ကာရယ် ကျမတို့က မြင်စမ်းချင်တယ် ရွှေနန်းတော်မှာ ကကြပါတယ်၊ ပန်းမြိုင်လယ်ဆိုကာပြရင် ရိုးတယ်ထင်ကြမယ် (ထင်ကြမယ်) ၂ အားလုံးက ရိုးတယ်လို့ ထင်ကြမယ်၊ သီချင်းခံတွေကို ဆိုကာပြရင် ရိုးတယ်ထင်ကြမယ်၊ (ရိုးတယ်)၃ xx လို့ဘဲ ထင်ကြမယ်၊ ဟယ်! ရှက်တယ် ဘယ့်နှယ် ဘယ်လိုဖြစ်ဖြစ် သဘင်ကိုပစ်တော့မယ်၊ အရင်လို ခေတ်မလယ်၊ ယခု ထင်သလို ဖြစ်တယ် (ပစ်မယ်) ၂ ဆိုပေမယ့် ထမင်းရေးအတွက်ကွယ် သီချင်းကလေးတွေ ဆက်ရပြန်တယ်၊ ပဒုံပျံခေတ်အပြောင်းဝယ် (ကြည်အောင်ဆိုချင်တော့တယ်)၂ xx ရှေးက ပန်းမြိုင်လယ်၊ ထီးဆန်ပါပေတယ် (နန်းဆန်ပါပေတယ်) ၂ xx ဆန်းပြန်လာပေတယ်၊ ယခုခေတ်ကာလ တီးလုံးဆန်းတွေ ဆိုသာဆိုတယ်၊ သီချင်းကြီးထဲက လွဲနိုင်ခဲပါပေတယ် xxx

* (သုံးရွေ့လယ်မှ)



ရှေးက တော်ဝင်ဂီတသမားကြီးတွေရဲ့ အမြင်နဲ့ ခံစားချက်တွေကို ဆရာနန်းတော်ရှေ့ကြီးက ရေးသွားခဲ့တဲ့ သီချင်းတပိုဒ်ပေါ့ရှင်။ ဒါတောင် ဒီနေ့ခေတ် မရောက်သေးပါဘူး။ ကာလပေါ်သီချင်းတွေမှာ မဟာဂီတက သီချင်းကွက်တွေ ထည့်ရေးတုန်း ကြားရတုန်းဘဲ ရှိပါသေးတယ်။ ကနေ့ တာစားနေတဲ့ သီချင်း မမည်တဲ့ သီချင်း ဆိုတာတွေမှာ ဗမာအသံမျိုးလဲမပါ၊ လှုပ်ခါ ရမ်းကာ ဗမာစကား ဗမာ မသိတော့အောင် ဆိုကြ ကကြတာတွေများတွေ့ရ ကြားရရင် ဘယ်လိုများ ညည်းကြရှာမလဲ မသိဘူးနော်။

၁၉၉၀ ခုနှစ်အလွန်ကာလတခုမှာ အုပ်ချုပ်ရေးဆိုင်ရာ မှတ်ပုံတင်နဲ့ခွင့်ပြုချက်အရ ရပ်တည်ခဲ့ရတဲ့ မြန်မာနိုင်ငံ ဂီတ ပညာရှင်များအဖွဲ့ချုပ်ဟာ စင်ပေါ်တက်ခွင့်မရတဲ့၊ အခွေထုတ်ခွင့် မရတဲ့ ဂီတသမား အဆိုတော်များနဲ့ စင်တင်ဖျော်ဖြေပွဲ ပြန်လည်ထွန်းကားရေးအတွက် သက်ဆိုင်ရာတို့ဆီမှာ တွေ့ဆုံ တင်ပြ ညှိနှိုင်း တောင်းဆိုပေးပြီးတဲ့အကြောင်း ပြောပြပြီးပါပြီနော်။ ကိုယ့်ဂီတကိစ္စတွေမှာ ဘာမှ မလုပ်ဖြစ်ရသေးဘူး၊ ဂီတစင်ဖက် ကူးလာကြတဲ့ ရုပ်ရှင်မင်းသမီးအကျတွေနဲ့ တချို့ အဆိုတော်ရွှေမမတွေက ခတ်ကဲကဲ စတိုင်တွေ လုပ်ပြ၊ အ၀တ်အစားလော်မာ၊ စမူအပါ ပေါ်ရှာ လှုပ်ဟာ ရမ်းဟာ ပွဲကြမ်းလာလို့ တဲ့။ ယဉ်ကျေးမှုသဘာဝက အရေးယူလာကြတဲ့အပိုင်း ရောက်လာတော့ ရန်ကုန်တိုင်းမှူးကြီးက တာဝန်ပေးပါရောရှင်။ စတိတ်ရှိုးစင်အထိ အမှုဆောင်တွေ အလှည့်ကျ လိုက်ကြည့် ထိန်းကျောင်းပေးပါ တဲ့၊ ဈာန်ပေါက်၊ ဓါတ်ပေါက်၊ ဆေးပေါက်တာတွေနဲ့ ရောကောသောကောတွေ ကြားမှာ မသွားချင်လဲ မရ ဘယ်လောက် စိတ်ဓာတ်ကျစရာကောင်းသလဲ ပရိသဒ်တို့ရယ်။

ကိုယ် လိုက်ကြည့်ရပါတယ် ဆိုမှတော့ ခေတ်ပေါ် ခေတ်လွန် သီချင်းတွေနဲ့ လှုပ်ရှားတဲ့သူတွေကိုဘဲပေါ့ရှင်။ မာအေးတို့က ကိုယ့်လူတွေ ထိမှာစိုးလို့ စောင့်ရှောက် ကာကွယ်ပေးခဲ့တာဖြစ်ပေမယ့် သဘောမပေါက်ကြပါဘူး။ ပြန်ကြည့်ကြတဲ့ မျက်လုံးတွေမှာ အမုန်းခိုးတွေနဲ့ ဝေနေကြတာပါ။ တဦးသော မင်းသမီးတပါးကဆိုရင် MI ကိုတောင် စာတင်ခဲ့သေးတာဘဲ။ မာအေးဟာ 88 ပွဲမှာ ရဲရဲတောက် တောက်လျှောက်ပါခဲ့သူဖြစ်လို့ အရေးယူပါတဲ့ရှင်။ ဟိုက မသိတာကျနေတာဘဲ။ လူကြီးမင်းတွေနဲ့တွေ့တုန်းမှာလဲ ‘၈၈’ အရေးကြောင့် ဆိုရင် မာအေး အပါအ၀င် တပြည်လုံး သံကြိုးခတ်ဖို့ရှိပါတယ် လို့ ပြောပြီးပြီဘဲလေ။ ပွဲလုပ်တဲ့အရပ်က တချို့ တာဝန်ရှိလူကြီးတွေ ဆိုတာလဲ သဘောမပေါက်ဖူးရှင့်။ စင်ပေါ်တက်ခွင့် ပိတ်သွားစေနိုင်တဲ့ မပေါ့်တပေါ် ၀တ်လာတဲ့ သူငယ်မတွေကို ချော့မော့ ပြောင်းဝတ်စေတဲ့ အခါမှာ ‘၀တ်ပါစေဗျာ၊ ခလေးဘဲဟာ – ကြည့်လို့ ကောင်းပါတယ်’ တဲ့။ အဟင်း – လူကြီးလုပ်ရတာ မမိုက်ပါဘူးရှင်၊ ‘ရှင့်သမီး ဒါမျိုးဝတ် စင်ပေါ်တင်အကြည့်ခိုင်းပါလား’ လို့တောင် ပြန်မကြောင်ရတဲ့ဘ၀၊ ဂွကျတယ်နော။

တပွဲတလမ်း အကဲစမ်းတဲ့ ရုပ်ရှင်မတယောက်ကိုတော့ ကံဘဲ့မိုးကောင်းဘုရား စတိတ်ရှိုးမှာ ကြုံခဲ့ဖူးပါတယ်။ မြန်မာအဆိုတော်တွေက ပွဲဦး၊ ခေတ်ပေါ်တွေက နောက်ပိုင်း ဆိုကြတဲ့ စံနစ်မှာပါ။ မအေးက ဆိုဘို့ သွားရတဲ့နေ့ပါဘဲ။ ဘာသာကွဲ အမျိုးသား ခေတ်ပေါ် အဆိုတော် တဦးက ရဲအရာရှိကြီးပါ ခေါ်လာပြီး ပြောပါတယ်၊ ‘ကျနော် ကမ္ဘာလှည့်ပြန်လာတဲ့သူပါ၊ ဘယ်နိုင်ငံမှ အ၀တ်အစား တားမြစ်တာ မရှိပါဘူး၊ ခင်ဗျားတို့ ဘာလို့ ခေတ်နောက်ပြန်ဆွဲနေရတာလဲ’ တဲ့။ မာအေးက ဒီနေ့တာဝန်ကျတဲ့အဖွဲ့မှာ မပါဘူး။ မင်း စောဒက တက်လဲဘဲ ညွှန်ကြားချက်အတိုင်းဘဲ ဆောင်ရွက်ရမှာပါဘဲ လို့ ပြောလိုက်ပါတယ်။ ထူးထူးဆန်းဆန်း လေလာပန်းလို့ စူးစမ်းလိုက်တဲ့အခါ မလှမ်းမကမ်းမှာ လောင်းကုတ်မိုးကာရှည်ကြီး ၀တ်ပြီး မျက်လုံးကလယ်ကလယ် ပေကလပ် တဖြတ်ဖြတ်နဲ့ မလုံမလဲ ဖြစ်နေပုံလေးက ပေါ်လို့၊ ရှုပ်နေကျ ရုပ်ရှင်မမို့ မာအေး သိလိုက်ပြီ၊ အင်္ကျီရှည်ကြီးထဲမှာ သူ ဘာတွေ ၀တ်ထားသလဲ၊ ဒုက္ခဘဲ ဒုက္ခဘဲ စိတ်ထဲ ဖြစ်နေတုန်း သူ့အလှည့်က ထိပ်ဆုံးမို့ ဗျုံးဆို ခုန်တက်သွား၊ ပထမ သီချင်းပိုဒ် ဆိုရင်း အပေါ်ကြယ်သီးတွေဖြုတ်၊ ရင်ကို ဟဗြဲလုပ်လိုက်တယ်။ အတီးပိုဒ်မှာ ကော့ပျံ မြူးကြွ လောင်းကုတ်ရှည် ချွတ်ချပြီး မိုက်စတင်းမှာ ချိတ်တယ်။ အသားကပ်ပေါင်ရင်းတိုစကပ်နဲ့ တရှိတ်ထဲရှိတ်တော့ စင်ရှေ့က ပူရိသတွေ စင်ပေါ်တက်၍ ပွဲဖျက်လေသတည်း ဖြစ်သွားပါတယ်ရှင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts