>Gaw De – Staire

>

ရေ … မြေ … လေ … မီး … လွှတ်တော်နှင့် … မအိုဆေး အဆို

ဂျော်ဒီး

စက်တင်ဘာ ၄၊ ၂၀၁၁



“အဟွတ် …အဟွတ် ..ရေ ..မြေ … လေ ..မီး .. အဟွတ် .. အယ် .. ဟွတ်”

“ဂျီးဒေါ် .. ဂျီးဒေါ် ..ချောင်းတဟွတ်ဟွတ်ဆိုးရင်း ..ဘာတွေလဲဗျ .. ရေ .. မြေ .. လေ ..မီး. .ဆိုတာ”

“အဟွတ် … အဟွတ် ..တရားရနေတာဟေ့ … အဟွတ် …၊ ဒီခန္ဓာကိုယ်ကြီးဆိုတာ ရေ ..မြေ … လေ … မီး … ဓာတ်ကြီးလေးပါးနဲ့ စုဖွဲ့ ထားတဲ့ အဖွဲ့အစည်းကြီး။ ဒါ ငါမဟုတ်၊ အဟွတ် … ဒီ … ခန္ဓာ .. အ … ဟွတ် .. ကြီး …ကလည်း … ပထ၀ီ .. သမိုင်း … အဲလေ … ပထ၀ီ … တေဇော .. အာပေါ … ၀ါယော … ဓာတ်ကြီး … လေးပါးနဲ့ ဖွဲ့စည်းထားတာ။ ရေ … မြေ … လေ … မီး … ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတဲ့ အရာမှန်သမျှ .. အဟွတ် … အနိစ္စ … အဟွတ် …အမြဲမရှိ …အဟွတ်။ ဒုက္ခ … ဆင်းရဲခြင်း … အဟွတ် ..၊ အနတ္တ … အစိုး မရခြင်း … အဟွတ်”

“ရော့ … ရော့ .. လျှက်ဆားလေး စားလိုက်ဦး … ချောင်းဆိုးပျောက်မှ ဆက် .. တရားဟော”

သာဂိပေးလိုက်သော လျှက်ဆားလေးကို လျှက်လိုက်ပြီးမှ လည်ချောင်းရှင်းရင်း တရားရှင်ကြီး ဂျီးဒေါ်က စကားဆက်ရှာ၏။

“အဟမ်း … ငါ့တူသာဂိ မင်းလဲ မှတ်ထား။ ဒီ …ရေ…မြေ ..လေ .. မီး …ဓာတ်ကြီး လေးပါး … အစုအဖွဲ့မှန်သမျှ … အနိစ္စ …အမြဲမရှိတဲ့။ ခုကြည့်လေ .. ဧရာဝတီမြစ်ကြီးက ရေတွေ အမြဲမရှိအောင် ခမ်းခြောက်ပျောက်ကွယ်တော့မယ်။ အဲ့ဒါ … တရုပ် ..မြန်မာ အစိုးရမင်းများက မင်းတို့ပြောသလို ဧရာဝတီကို မချစ်လို့ ကိုယ်ကျိုးစီးပွားလုပ်နေတာမှတ်တလို့လား …။ ပြည်သူလူထုကို တရားပြနေတာ …အဟွတ် ..။ အဟမ်း … ဒုက္ခဆင်းရဲခြင်းဆိုတဲ့အတိုင်း မြေတွေ ..ယာတွေပိုင်ဆိုင်နေရတော့ မြေတွေ …ယာတွေ ..သိမ်းခံရတဲ့ …ဒုက္ခ …တွေ့ကြုံရတဲ့ … အကြောင်း …၊ အသိဉာဏ်မွဲဆင်းရဲသားတွေ … သိမြင်တရားရနိုင်အောင် ဘုရားဒကာ …ဒသမသံဃာယနာတင်မဲ့ … နိုင်ငံတော်ဇောတိက သူထေးကြီးတွေက သူများတရာ လက်ညှိုးအထိုးခံ … အပြောအဆိုခံပြီး …အနစ်နာခံပြီါ် တရားပြနေကြတာ …အဟွတ်။

အဟမ်း … အနတ္တ … အစိုးမရခြင်း ဆိုတဲ့တရားအတိုင်း … ဟော … လျှပ်စစ်မီးတွေကိုကြည့်။ ပေးချင်ရင်လာတယ် …။ မပေးချင်ရင် မလာဘူး ..။ အဲသလိုကို မီးကလည်း … အစိုးမရတာ …။ ကုန် ..ကုန် ..ပြောမယ် …ကွယ် …သမတ ..ကြီးတို့က မိန့်ခွန်းတွေခြွေတော့ … ပါးစပ်က …လေ…တွေ ထွက်လာတယ်။ ဟော …မိန့်ခွန်းလဲ …ပြောပြီးရော …အဲဒီ ..လေတွေ မရှိတော့ဘူး။ ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။ အဲဒါ ..လေရဲ့ အစိုးမရပုံကို သမတကြီးတို့က ပြည်သူတွေ ကွက်ကွက် ကွင်းကွင်း သိအောင် တရားပြတာ … အဟွတ် …အဟွတ် …”

ဂျီးဒေါ်ခမျာ … တူတော်မောင်သာသာဂိကို …သူ့လို တရားအသိထူးကြီး ရစေလိုလွန်း၍ … ဥပမာ ဥပမေယျများဖြင့် …. မရပ်မနား..တရား ဟောလိုက်ရာ ..အတော်မောပန်းသွားရှာဧ။်..။ တူတော်မောင်သာဂိက..ယပ်တောင်ကလေး .. တဖျပ်ဖျပ်ခပ်ပေးရင်း ..ဂျီးဒေါ်ကို အလွန် ကြည်ညိုလေးစားစိတ်ပေါ်မိရှာလေဧ။်..။

“ရလဲ့ ..တို့ဂျီးဒေါ် အတော် ကလေးကို တရာနှစ်ရာရနေတာဘဲ..။ ကြည့်စမ်း …ယောဂီအညိုကြီး..၀တ်ပြီး ဘယ်က ပြန်လာတာတုံး …”

“အသုဘရှုပြီးပြန်လာတာ..သာဂိရေ..။ မသာတခေါက် .. ကျောင်းဆယ်ခေါက်ဆိုတာကြားဖူးတယ် .. မဟုတ်လား ..။ တကယ်တရားရစ ရာ ကောင်းပါ့ကွယ်..။ အော် ..သီးမှည့်တ၀င်းဝင်း ..သီးကင်း တဖြိုက်ဖြိုက်ဆိုတဲ့အတိုင်း ..အရွယ်မရွေး .. သေခြင်းတရားကို ကြုံရတာ ကိုး ..။ ခုတလော ..အသုဘတွေများ ..သေလိုက်ကြတာ အရွယ်ကောင်းလေးတွေ။ အဖေအို ..အမေအိုတွေက သူတို့ကိုပြန်ပြီး သင်္ဂြိုလ်နေရတဲ့ခေတ်။ မေးကြည့်လိုက်တော့လည်း ငယ်ငယ်ရွယ်ရွယ် အရက်သောက်လွန်းလို့ သေတဲ့သူတွေနဲ့၊ နောက်ဆုံးပေါ် ရောဂါဆန်းတွေနဲ့ သေတဲ့သူတွေနဲ့ …ဘုရား …ဘုရား … ဘယ်လိုခေတ်ကြီးပါလိမ့်”

“အင်း … ဒါကြောင့်ထင်တယ် ဂျီးဒေါ် …။ ကိုကျော်သူတို့က နာရေးကူညီမှုလုပ်တော့ အမကြီး ဒေါ်သန်းမြင့်အောင်က ဆည်းဆာရိပ်ဆိုတဲ့ ဘိုးဘွားရိပ်သာတွဲဖွင်ံပြီး တွယ်ရာမဲ့ မိဘအိုကြီးတွေကို ပြုစုစောင့်ရှောက်ရေးလုပ်နေကြရတာ။ ဒါလဲ ပဌာန်းတရားတော်အရ တခုကို မှီပြီး နောက်တခု ဆက်သွားတဲ့ သဘောပေါ့ ..ဗျာ”

“အမယ် ..ငါ့တူလေး သာဂိတောင် …ပဌာန်းတရားတော်တွေ ဘာတွေ သိလို့ အဟွတ် …အဟွတ်”

“ဂျီးဒေါ်ရယ် ..ချောင်းတွေ ဒီလောက် ဆိုးရအောင် ..ဘာတွေ စားလို့လဲ …ကလေးမဟုတ် သူငယ်မဟုတ် …အဲဒါ ရသ တဏှာဗျ”

“ရသာ ..တဏှာ ..မဟုတ်ဘူးဟေ့။ အဲ့ဒါလဲ ပဌာန်းဆက်ဘဲ ..အဟာရ ပစ္စယော ..လေ။ အဟာရ ..အရ အစာ စားရတယ်။ အဲဒီတော့ ဆီမသန့်တာတွေ စားမိပြီး ခုလိုဖြစ်တာဘဲ။ ပဌာန်းဆက်တွေဘဲ”

“ဘယ်က ပဌာန်းဆက်ရမှာလဲ ..ဗျာ။ အဲဒါကြောင့် ဂျီးဒေါ်ကို ပြောတာ …စားအုံးဆီတွေ မစားပါနဲ့လို့။ ကိုယ့်တိုင်းပြည်မှာ ပဲတွေ နှမ်းတွေ ဒီလောက်ထွက်နေတာ ပဲဆီစစ်စစ် …နှမ်းဆီစစ်စစ် ဘဲစားဖို့ ကျနော်ပညာပေးထားရဲ့သားနဲ့ဗျာ။ စားအုံးဆီကို ၀ယ်ထားပြီး ခဏထားကြည့် အခဲကြီးတွေ ဖြစ်သွားရော။ အဲဒီ ဆီအခဲကြီးတွေက လူ့သွေးကြောတွေကို ဒုက္ခကြပ်ကြပ်ပေးမှာဗျ”

“အမလေး ကိုသာဂိ ..ရယ် ..ဆီလေး တခါဝယ်မှ နှစ်ကျပ်ခွဲသားလောက် ၀ယ်ရတာ ..ခဲ ..မခဲ ..ကြည့်မနေနိုင်ပါဘူးတော်။ ဈေးသက်သာတာဘဲ ၀ယ်ရတာ ဆီတခုထဲနဲ့ ကိစ္စပြီးတာမှ မဟုတ်တာ။ ပြီးတော့ ကျုပ်အိမ်မှာ ပဲဆီ နှမ်းဆီ စစ်စစ် ဘယလောက် ၀ယ်စားစား၊ အပြင်ဆိုင်တွေက ပဲခြမ်းကြော်တို့ အသုတ်တို့ဝယ်စားရင် စားအုန်းဆီတွေ ပါလာတာဘဲ။ သူတို့ခမျာလဲ ဈေးပေါတဲ့ စားအုံးဆီနဲ့ဘဲ တွက်ခြေကိုက်အောင် ၀ယ်ကြော်ကြရတယ်။ ခုတော့ သေကာမှ သေရော၊ ဒါတွေဘဲ စားနေရတယ်။ နယ်စပ်တွေက ၀င်လာတဲ့ ဘာအစစ်အဆေးမှမရှိတဲ့ စားစရာတွေ၊ နောက်ပြီး အစားအစာတွေကိုတာရှည်ခံအောင် အရောင်လှအောင် ..ဘာမှန်းမသိတဲ့ ဆေးဝါးတွေ သုံးနေတယ်ဆိုလား၊ နောက်ဆုံးတော့ ရေ ..မြေ ..လေ ..မီး …ဓာတ်ကြီးလေးပါး အနိစ္စ ..ဒုက္ခ …အနတ္တ ဘဲ ပုံချလိုက်ပါတယ် … ဟယ် … အဟွတ် …အဟွတ် …”

“အေးပါ ..ဂျီးဒေါ်ရယ် တကယ်တော့ ပဲတွေ နှမ်းတွေ ဒီလောက်ပေါတဲ့ တိုင်းပြည်မှာ ထွက်သမျှ ပဲတွေ နှမ်းတွေကိုကျတော့ နိုင်ငံခြားကို ဒေါ်လာမျက်နှာကြည့်ပြီး ရောင်းတယ်။ ပြီးရင် သူများနိုင်ငံကနေပြီး လူစားဖို့မသင့်တော်တဲ့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ စာအုံးဆီ အပေါ်စားတွေ ၀ယ်သွင်းနေတဲ့ ၀ိသမလောဘသားတွေကိုဘဲ နရင်နာနာရိုက်ပြစ်ချင်တယ် ဗျာ”

“ဟဲ့ ..ရှူးးးးးးးးး တိုးတိုး …မင်းနားတထောင် ..တဲ့။ အဲဒီဆီတွေ အဓိကသွင်းနေတဲ့ ဦးပိုင်ဆိုတဲ့လူကြီးက တန်ခိုးထွားပါဘိနဲ့ …။ အဲဒါလဲ ပဌာန်းဆက်တွေပါဘဲလို့သာ သဘောထားလိုက်ပါဟယ် …စိတ်လျော့ …စိတ်လျော့”

“အင်းလေ ..အခုတော့ တရာနဲ့ဘဲ ဖြေရတော့မှာပေါ့ ဂျီးဒေါ် ..”

“အေး ..ပါဟယ် ..ဒီလိုဘဲ အိုခြင်း ..နာခြင်း ..သေခြင်းတွေနဲ့ လူတိုင်း တချိန်မဟုတ် တချိန်တွ့မှာပါ”

“ဟေ …ဟုတ်လား ..ပြောပါဦးဟဲ့”

“အင်းလေ … အခုကျနော်တို့တိုင်းပြည်မှာ အနာဂတ်မဲ့နေတဲ့ လူငယ်တွေ တော်တော်များများ တတိုင်းပြည်လုံး မှိုလိုပေါက်အောင် ခွင့်ပြုထားတဲ့ အရက်ချက်စက်ရုံတွေက ထုတ်တဲ့ စံချိန်မမီ အရက်တွေကြောင့် မအိုခင် သေကုန်ကြပြီ။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ညံ့ဖျင်းလို့ ဆင်းရဲမွဲတေလို့ အစားအသောက်တွေရဲ့ လုံခြုံစိတ်ချရမှု အာမခံတွေမရှိလို့ ရောဂါဆန်းတွေ တမျိုးပြီး တမျိုး ပေါ်လာတယ်။ သက်တမ်းစေ့အောင် အိုအောင် မနေရတော့ဘူး။ အဲ့ဒါတွေက မအိုဆေးတွေပေါ့ဗျာ”

“ဟဲ့ အဲဒီ မအိုဆေးတွေကို ဘယ်သူ ထုတ်လုပ်တာတဲ့လဲ ..အဟွတ် …အဟွတ်”

“ရှူးးးးးး တိုးတိုး ဂျီးဒေါ်၊ မင်းးးနားးး တထောင်တဲ့ ကျနော် မပြောရဲဘူး”

“အော် နင်မပြောလဲ သိပြီ ..သိပြီ။ မင်းနားတထောင် ကုပ္ပဏီက ထုပက်တာ မဟုတ်လား။ အဲ့ဒါလဲ ပဌာန်းဆက် တွေပါဘဲ ..ဟယ်။ ကဲ သွားလိုက်ဦးမယ် … ရေ ..မြေ ..လေ …မီး …ဓာတ်ကြီးလေးပါး …အနိစ္စ ..ဒုက္ခ …အနတ္တ … အဟွတ် …အဟွတ်”

++++ ++++ +++

(စပ်မပ်တရပ် …သတင်း)

ထို့သို့ ဂျီးဒေါ်တို့ တူအရီး တရားဆွေးနွေးနေသည်ကို မဲဆန္ဒရှင်ပြည်သူများ၏အသံကို လိုက်လံနားစွင့်နေသော ရေ ..မြေ ..လေ …မီးလွှတ်တော်ကြီးမှ …(စကားချပ် … ရေ ..မြေ ..လေ ..မီး ..ဓာတ်ကြီးလေးပါး ..လူသားများနှင့်ဖွဲ့စည်းထားသောကြောင့် အီ ..လွှတ်တော်ကြီးကို ရေ ..မြေ ..လေ ..မီ လွှတ်တော်ဟု ၂၀၀၈ အချဉ်ခံ ဥပတေး အခန်း (+++) ၌ပြဌာန်းထားသည့်) ဒီမိုကလက်တက်တက် အင်အားစု လွှတ်တော်အမတ်ကြီးတဦးက ကြားသိသွားရာ ရွာဦးလမ်းပျက်၍ အုတ်နီခဲခင်းပေးဖို့တောင် လွှတ်တော်မှာ ဆွေးနွေးနေကြသေးတာ …မအိုဆေးကိစ္စကိုလည်း ပြည်သူ့ကျန်းမာရေးအတွက် ရေ ..မြေ ..လေ ..မီး လွှတ်တော်ကြီးတွင် ဆွေးနွေးသင့်သည်ဟု အခိုင်အမာယူဆပြီး “ပြည်သူများကို ဒုက္ခပေးနေသော မအိုဆေးများ တင်သွင်းထုပ်လုပ်ဖြန့်ဖြူးမှုများ ရပ်တန့်ရေး” အဆိုကို တင်ပြီး လွှတ်တော်တွင်းတိုက်ပွဲ ဆင်နွှဲလိုက်လေသည်။

သို့သော် ..ရေ …မြေ ..လေ ..မီး လွှတ်တော်တွင် အသုံးပြုသော မဲခွဲ ဆန္ဒပြု စက်ခလုပ်များ ရုတ်တရက်ပျက်သွားသဖြင့် ပြောင်စနစ်ဖြင့် မျက်နှာပြောင်တိုက် မဲခွဲခံလိုက်ရရာ ဒီမိုကလက်တက်တက်လွှတ်တော်အမတ်ကြီးဖက်၌ ထောက်ခံမဲ တမဲမှ မရရှာဘဲ အဆိုရှုံးနိမ့်သွားကြောင်း ၊ လွှတ်တော်တွင်းတိုက်ပွဲဖြင့် ပြည်သူ့အကျိုးဆောင်ရွက်ပေးလိုသော ဒီမိုကလက်တက်တက် ကိုယ်စားလှယ်ကြီး အတွက် အသဲအနာဆုံးဖြစ်ရပ်မှာ သူ့ဘက်တော်သား ဒီမိုကလက်တက်တက် အင်အားစုအမတ်များမှာ ကြောက်ကြောက်နှင့် အိပ်ငိုက်နေသောကြောင့် သူ့ဖက်၌ ထောက်ခံမဲမရသော ဖြစ်ရပ်ဖြစ်ကြောင်း …၊ ယင်းသို့ဖြစ်ရခြင်းမှာ ရေ ..မြေ …လေ ..မီး ..လွှတ်တော်အတွင်း ဒီမိုကလက်တက်တက်အင်အားစုအရေအတွက် အားနဲနေသောကြောင့်ဖြစ်ကြောင်း၊ နောင်လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွှတ်တော်တွင်း၌ ဒီမိုကလက်တက်တက်အင်အားစုများ ပိုမိုရရှိအောင် ကြိုးပမ်းသွားမည်ဟု ပြောကြားနေကြာင်း သိရသည်။

ရေ ..မြေ ..လေ ..မီး လွှတ်တော်တွင် အမတ်ဦးရေအများစုကို မဟားဒယားရရှိထားသော မင်းနားတထောင် ကုပ္ပဏီအခြေစိုက် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ ပြောရေးဆိုခွင့်အဖွဲ့ဥက္ကဌ ဦးဂျပုကမူ ယမန်နေ့ နေ့လည်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတခု၌ သူတို့ ကုမ်ပဏီအနေဖြင့် အီကိစ္စအတွက် စိုးရိမ်သောကမရှိကြောင်း၊ လွှတ်တော်တခုလုံး ဒီမိုကလက်တက်တက်အင်အားစုများ ချည်းဖြစ်သွားလျှင်တောင် မမှုကြောင်း၊ အဘယ်ကြောင့်ဆိုတော့ ၂၀၀၈ အချဉ်ခံ ဦးပတေးကြီးထဲတွင် သူတို့နှင့်ဆန့်ကျင်ဖက်သဘောကို ဆောင်လာပါက ရေ …မြေ ..လေ …မီး လွှတ်တော်ကြီးတခုလုံးကိုတောင် အနိစ္စ ..ဒုက္ခ ..အနတ္တ ဖြစ်သွားအောင် ပြုလိုက်နိုင်ခွင့် အပိုင်ပြဌာန်းထားပါသည်ဟု အကျယ်တ၀င့်ရှင်းလင်း ပြောကြားသွားကြောင်း သတင်းရရှိပါသည်။

သရုပ်ဖော် – ကာတွန်း စောငို

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts