>Rangoon Metro Train derailed near Kamayut Station

>

မြို့ပတ်ရထားလမ်းချော်သဖြင့်ခရီးသည်များဒဏ်ရာရရှိ
မိုးမခ၊စက်တင်ဘာ ၂၊ ၂၀၁၁
ယမန်နေ့နေ့လည် ၁နာရီ ၅၅ မိနစ်ခန့်တွင် အင်းစိန်မှ ရန်ကုန်ဘက်သို့ဆင်းလာသော မြို့ပတ်ရထားနောက်ဆုံးတွဲ ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားတွင် တိမ်းမှောက်သွားသဖြင့် လိုက်ပါလာသူများထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
“ကျန်တဲ့ရုံးတက်ရုံးဆင်းချိန်ဆို သေနိုင်တယ်။ တွဲလိုက်တဲ့လူတွေပါတတ်တယ်”လို့ အခင်းရထားတိမ်းမှောက်ရာနေရာမှ လူတစ်ဥိးက ပြောပြသည်။
အဆိုပါရထားတိမ်းမှောက်မှုကြောင့် လူလေးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာနှဖူးအကြီးအကျယ်ကွဲပြီး နောက်တစ်ဦးမှာ ခါးတွင် ဒဏ်ရာရသဖြင့် လူလေးယောက် စောင်နှင့်ထမ်းထုတ်ရသည်ဟုသိရသည်။ ဒဏ်ရာရသူများမှာ အင်းစိန်ရုံပိုင်၊ ရထားတွဲနှင့်လိုက်ပါသူ ဂတ်ဘိုနှင့်ခရီးသည်တယောက် ဖြစ်သည်ဟုသိရသည်။
အခင်းဖြစ်ပွားပြီးနောက်တာဝန်ရှိသူများ၊ နယ်မြေအက်စီဘီများနှင့် လာရောက်သတင်းယူများရှိသော်လည်း စစ်ဆေးမေးမြန်းမှု မရှိဟုသိရသည်။
“သတင်းထောက်တွေလဲလာတယ်။ သူတို့လဲ ဓါတ်ပုံရိုက်တဲ့လူက ရိုက်နဲ့ ဘာမှအစစ်ဆေးမရှိဘူး”
လို့သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက်ကပြောပြသည်။
“အခုလောလောဆယ်ပုဂံကိုထွက်မဲ့ ရထားကို အင်းစိန်ဘူတာမှာ ရပ်ထားရတယ်။ အင်းစိန်ဘူတာမှာပုဂံကိုသွားရင် သွားစီးရမယ်။ ”
လို့မြန်မာ့မိးရထားမှ တာဝန်ရှိသူတစ်ဥိးကပြောသည်။
ထိုနေရာတွင်နေထိုင်သူတစ်ဦးကလဲ
“အရင်ကဆိုရင် မကြာမကြာ ဖြစ်နေကြ။ ဒီနေရာကိုလူစားတယ်တောင် ပြောကြတယ်။ မနှစ်ကဆိုရှေ့က ရထားကိုနောက်က၀င်တိုက်တယ်တဲ့ အဖြစ်တွေ ရှိတယ်”
ဟုပြောပြခဲ့သည်။
“ရထားလမ်းချော်တာက ဇလီဖားတုန်းကို အရှိန်နဲ့ ၀င်တိုက်တာ။ နောက်ဆုံးတွဲကမှောက်ပြီးတော့ ကျန်နှစ်တွဲက လမ်းချော်သွားတာ ”
ဟုအနီးအနားမှ မျက်မြင်သက်သေများက ပြောပြသည်။
ယခုလိုတိမ်းမှောက်သည့် ရထားမှာ ရန်ကုန်မြို့ပတ် ၂၉.၅၀ မိုင် ပြေးဆွဲနေသော ရထားဖြစ်ပြီး တိမ်းမှောက်သောရထားကို ကြည့်မြင်တိုင်ဘက်မှ ရထားနှင့် လာရောက်တွဲစပ်ကာ ဆွဲယူနေကြောင်းသိရသည်။
မိုးတွင်းတွင်ယခုလို လမ်းချောမှုများဖြစ်တတ်သော်လည်း ယခုအခါမှာ အနည်းငယ်ဆိုးကြောင်း နှင့်ယခင်လို ရထားကြောင့်ဖြစ်သည်ဟု အတည်ပြုပြောဆိုရန် မဖြစ်သေးကြောင်း လာရောက်ကြည့်ရှုသူရထားဝန်ထမ်းတစ်ဦးက ပြောပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts