>Kyaw Thu – FFSS Yangon Activity (28th August 2011)

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
သြဂုတ် ၂၉၊ ၂၀၁၁ 

အသွားမတော် တလှမ်း

လှိုင်မြို့နယ် ရဲစခန်းမှ အကြောင်းကြားချက်အရ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားတို့သည် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်ရှိ မိုးမေတ္တာဆေးခန်းတွင် ကလေးငယ် မောင်ပိုင်သိန်းခန့် အသက် ၂ နှစ်၊ ၄ လ၏ ရုပ်အလောင်းအား သွားရောက်ကာ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ သယ်ဆောင် ကူညီပေးခဲ့ရသည်။

ဖြစ်စဉ်မှာ . . . မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ နန်းမြင့် ဆောက်လုပ်ရေးအိမ်ရာဝင်းအတွင်း မောင်ပိုင်သိန်းခန့်၏ မိခင်ဖြစ်သူသည် ပြင်ပရေအိမ်တက်ရန် ထွက်ခွာသွားခဲ့ပြီးနောက် မိမိအိမ်ခန်းသို့ ပြန်ရောက်စဉ် ကလေးငယ် မောင်ပိုင်သိန်းခန့်အား မတွေ့ရှိရသဖြင့် မိုးထဲလေထဲ လိုက်လံအော်ခေါ်၍ ရှာဖွေခဲ့သည်။ မိခင်ဖြစ်သူ၏ အော်ခေါ်သံအား ရပ်ကွက်နေ ပြည်သူပြည်သားအားလုံး ကြားနေရသည်။

 

ထိုအချိန်တွင် လမ်းထိပ် ဆိုက္ကားဆရာသည် ထိုအသံအား ကြားသိသည်နှင့်တပြိုင်နက် လျင်မြန်စွာ ရေစီးမြောင်းအပေါက်အား ရှာဖွေတော့သည်။

ထိုအချိန်တွင် ရေမြောင်းအတွင်း ဆော့ကစားနေကြသော ကလေးငယ်များအနီး မြောင်းပေါက်ဝတွင် အရုပ်သဖွယ် တင်ရှိနေသော မောင်ပိုင်သိန်းခန့်၏ ရုပ်အလောင်းအား တွေ့ရှိတော့သည်။ မောင်ပိုင်သိန်းခန့်အား လျင်မြန်စွာဖြင့် နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးသော်လည်း ကလေးငယ်မှာ အသက်မပါရှိတော့ချေ။

 

ကလေးငယ်၏ မိခင်၊ ဖခင်၊ အဖွားဖြစ်သူတို့နှင့် ရပ်ကွက်သူ/သားများအပြင် တာဝန်ရှိ ရဲအရာရှိ၊ သွားရောက် ကူညီဖေးမပေးသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား၊ ဝန်ထမ်းများပါမကျန် ယူကြုံးမရဖြစ်ကာ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်မှုဖြင့် လွှမ်းခြုံခဲ့ရသည်။ ထိုဖြစ်စဉ်တွင် မိခင်ဖြစ် သူ ရေအိမ်သို့အသွား မိုးများရွာသွန်းနေချိန်တွင် ရင်သွေးငယ်ကလေးသည် အခြားသော ကလေးများ နည်းတူ ရေကစားလိုခြင်းကြောင့်လား။ မိခင်ဖြစ်သူ နောက်သို့လိုက်သွားခြင်းကြောင့်လား ဟူ၍ မသိရတော့ချေ။

 

မည်သို့ဖြစ်စေ အပြစ်မဲ့ မျိုးဆက်သစ်ကလေးငယ်တဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားရခြင်းသည် မိဘဖြစ်သူ မိသားစုနှင့်အတူ ကျွန်တော်တို့မြန်မာနိုင်ငံသားများအတွက် အကြီးမားဆုံး ဆုံးရှုံးမှု တရပ်ပင်ဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts