>Phyu Phuy Thin – Contemporary politics from youth perspective (34)

>

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၄)
ဖြူဖြူသင်း
သြဂုတ်၂၈၊ ၂၀၁၁

ကျမတို့တိုင်းပြည်ဟာ သာယာလှပတယ်။ သဘာဝ သယံဇာတ အရင်းနှီး များတယ်။ နွေးသမပိုင်းဇုံဖြစ်နေလို့ သစ်တောတွေတိုင်းမှာရှိတတ်တဲ့ အဖိုးတန်သစ်တွေ အကုန်ရှိတယ်လို့ပြောရင် ရပါတယ်။ ဒီကြားထဲက ခု ပင်လယ်ပိုင်းဘက်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်နေတာဖြစ်လို့ အတိုင်းထက်အလွန်ဆိုသလို ချမ်းသာနေကြမယ်တောင် ထင်ရပါတယ်။

ဒါပေမယ့် ဘာပြောပြော ကျမတို့ ရှောင်မရလွှဲမရ ဝန်ခံရမယ့်ကိစ္စကြီးတခုကတော့ ဧရာဝတီ မြစ်ကြီးပါပဲ။ တကယ့်ကို ကျမတို့ရဲ့ သွေးရင်းသားရင်း မြစ်ကြီးလို့ဆိုရမလို ကျမတို့ တိုင်းပြည်အတွက် ပြယုဂ်၊ ကျမတို့တိုင်းပြည်ရဲ့ အသက်သွေးကြော ကျမတို့တမ်းတစရာဟာ ဧရာဝတီမြစ်ကြီးပါပဲ။ ဒီမြစ်ကြီးဟာ ကျမတို့ရဲ့ ရာဇဝင်၊ ကျမတို့တိုင်းပြည်နဲ့ လူမျိုးရဲ့သမိုင်း၊ ကျမတို့ကို ဂုဏ်ဆောင်နေတဲ့ သက်ရှိတခုလို့ ထပ်ပြောရင် ရပါတယ်။ 

ဒီမြစ်ကြီးက ကျမတို့ပြည်သူကို အကောင်းဆုံး အလုပ်ကျွေးပြုနေတဲ့ နှစ်ပေါင်း ရာထောင်ချီနေပါပြီ။ ဒီ မိခင် ဧရာဝတီဟာ စော်ကားမှုပေါင်းများစွာ ခံနေရတာ ကျမတို့ စိတ်မသက်သာစရာ ကောင်းလှအောင်ကို တွေ့မြင်ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီမြစ်ကြီးကြောင့် ကျမတို့တိုင်းပြည် စပါးကျီ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဖြစ်ခဲ့ရတယ်။ ဒီမြစ်ကြီးမြစ်ဖျားခံရာ ကမ္ဘာ့အလှပဆုံးမြစ်ဆုံကို မြင်တွေ့ခဲ့ရတယ်။ မြစ်ကျဉ်း မြစ်ငယ်အသွယ်သွယ်နဲ့ အင်မတန် သာတောင့်သာယာ ရှုမျှော်ခင်းတွေ ဖြစ်ထွန်းလာခဲ့ရတယ်။

ဒီမြစ်ကြီးက ကျမတို့အတွက် ကျေးဇူးရှင်လို့ပြောရင်လည်း ဖြစ်ပါတယ်။ ဗမာပြည်မြောက်ဖျားနဲ့ တောင်ဖျား ဆက်သွယ်ရာ ကုန်းတွင်းပိုင်းကနေ ပို့ဆောင်ရခက်ခဲတဲ့ ကုန်စည်တွေကို အစုန်ဆန်တင်ပို့ပေးနေတဲ့ ဆက်သွယ်ရေး ကွန်ယက်ကောင်းတခုလည်း ဖြစ်ပါတယ်။ ပြည်သူထောင်ပေါင်းများစွာဟာ ဒီမြစ်ကမ်းပေါ်မှာ ထွန်ယက်စိုက်ပျိုးကြ၊ ဒီမြစ်ကမ်းပေါ်မှာပဲ သစ်တော သစ်ပင်တွေ စိုက်ပျိုးကြ၊ ဒီမြစ်ကမ်းပေါ်မှာပဲ မှီတင်းနေထိုင်ရင်း ရှမ်း၊ ကချင်၊ ကယား၊ ကရင် အစရှိ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို အကောင်းဆုံး သက်သေခံနေတဲ့ သွေးစည်းမှုဖြစ်စဉ်ကြီး စီးဆင်းနေမှုကိုလည်း သက်သေခံနေတာဖြစ်ပါတယ်။

ခုတော့ စိုးရိမ်စရာဗရပွနဲ့ ဧရာဝတီကိုယ်တိုင်က ဘုရားပြန်တနေရပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိသမလောဘသမားတွေ စက်ရုံတွေဆောက်ကြ၊ စက်ရုံဆိုရာမှာလည်း ကော့စတစ်လို စက်ရုံမျိုးကိုပါ ဦးပိုင်အမည်ခံ တည်ဆောက်နေတာဖြစ်ပါတယ်။ ခုလည်း စွန့်ပစ်ပစ္စည်းတွေကို စည်းမရှိ ကမ်းမရှိ စွန့်ပစ်နေကြလို့ ဧရာဝတီမြစ်တွင်း ငါးတွေကောကုန်တာ၊ သောင်ထွန်းမှုဖြစ်စဉ်တွေ များလာတာ၊ ကမ်းပါးတွေပြိုကျပျက်စီးတာ အစရှိသဖြင့် မကောင်းသတင်းတွေ အများကြီး ကြားနေရပြီးဖြစ်ပါတယ်။

ဒီ့ထက်မက ဆိုးဝါးလာအောင် လုပ်ဆောင်နေမယ့် အရိပ်ယောင်တွေ၊ သတင်းတွေကြားနေရတော့ ဧရာဝတီ ထိမ်းသိန်းရေးများ လုပ်ဆောင်ဖို့ လိုအပ်နေလှပါပြီလို့များ မတွေးထင်ကြလေသလားတော့ မပြောတတ်ပါဘူး။ ဒီလောက် ကျေးဇူးများလှတဲ့ ကျေးဇူးရှင်ကို ဒီလောက် ကျေးစွပ်နေတာကတော့ လွန်လွန်းအားကြီးလှပြီလို့ပြောရမှာပါ။

နိုင်ငံတော် အာဏာပိုင်များဆိုသူကလည်း ဒီအကျိုးကျေးဇူးတွေကို ထိန်းသိမ်းရမယ့်အစား ငွေရပြီးရော သဘောထားပြီးတော့ လုပ်နေကိုင်နေကြတာတွေ၊ တိုင်းပြည်ရဲ့ တကယ့်အသွေးအသားကို ရောင်းစားနေတာတွေ လုပ်ဆောင်နေတာဟာ အလွန်အင်မတန်မှပဲ အရုပ်ဆိုးအကျဉ်းတန်ပါတယ်။ အခုနောက်ဆုံးတော့ ဧရာဝတီမြစ်ဆုံကိုပိတ်ပြီးတော့ ရေကာတာတခု တည်ဆောက်မယ် ဆိုပါတယ်။ ကမ္ဘာပေါ်မှာတော့ စတုတ္ထအကြီးဆုံး ရေကာတာကြီးဖြစ်လာမယ် ဆိုပါတယ်။ ဒေသခံ ထောင်ပေါင်းများစွာ ပြောင်းရွှေ့ရ၊ နေရပ်စွန့်ခွာရ၊ အသနားခံလို့လည်းမရ၊ တောင်းပန်လို့မရ၊ တိုးလျှိုးမရ၊ စိုက်ပျိုးလက်စ မြေတွေကို အတင်းအဓမ္မသိမ်းယူပြီးတော့ ဓားပြတိုက်သလိုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအကျိုးရလဒ်ကို ပြန်တွက်လိုက်မယ်ဆိုရင်လည်း ဒီကနေထွက်ပေါ်လာမယ့် ရေအားလျှပ်စစ်ကို အိမ်နီးချင်းနိုင်ငံနှစ်ခုကို ၈၀ ရာခိုင်နှုန်းထိ ပေးရမှာဖြစ်ပါတယ်။ သူတို့တိုင်းပြည်က တကယ့်အရေးကြီးတဲ့ မြစ်ကြီးတွေမှာတော့ ဒီလိုစီမံကိန်းတွေ ဆောက်လုပ်မယ်လို့ တခါမှ မကြားမိခဲ့သလို လုပ်ဆောင်မယ့် အရိပ်ယောင်လည်း မရှိပါဘူး။ ဒါဟာ ဉာဏ်ပညာရှိသူ၊ တိုင်းပြည်အပေါ် စေတနာထားသူ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိန်းနိင်သူ ခေါင်းဆောင်များကတော့ ဒီတိုင်းပဲ လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ခုတော့ ကျမတို့တိုင်းပြည်မှာကျတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်၊ တိုင်းပြည် အသက်သွေးကြောစပါးကျီလို့ ပြောပြောနေတဲ့ မြစ်ကြောင်းကြီး ပျက်စီးချင်ပျက်စီးပလေ့စေ ငါတို့ အကျိုးစီးပွားဖြစ်ထွန်းရင်ပြီးရော သဘောမျိုးလုပ်နေတဲ့ အတ္တဟာလည်း ကြောက်စရာ ကောင်းလွန်းလှပါတယ်။ အကျိုးစီးပွားတွေ ဘယ်လောက်ဖြစ်ဖြစ် တချိန်တခါမှာတော့ နောင်တရမယ့် အလုပ်ကိုင်မျိုးတွေ မလုပ်ဆောင်စေချင်ပါဘူး။ စီးပွားဖြစ်တော့ လူတစုကဖြစ်ပြီးတော့ ဆိုးကျိုးကို တတိုင်းတပြည်လုံးက ခံစားရမယ်ဆိုတာကြီးကတော့ သဘာဝကျလှပါဘူး။

ဒီစီမံကိန်းကို ရပ်တန်းက ရပ်ပစ်မှသာလျှင် ကျမတို့တိုင်းပြည် သယံဇာတ အလှအပ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အစရှိတာတွေကိုပါ ထိမ်းသိန်းနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဧရာဝတီမပျက်စီးရေးဟာ တတိုင်းတပြည်လုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်း ပြည်သူလူထု တရပ်လုံးကို ထိခိုင်နစ်နာစေမယ့်လုပ်ငန်းလို သဘောထားပြီးတော့ အားလုံး ဝိုင်းဝန်းဆောင်ရွက် အလေးထားရမှာ ဖြစ်ပါတယ်။ ကဗျာဆရာတယောက်စကားနဲ့ ပြောရရင်တော့ ညီမလေးကို လှစေချင်ရင် ဧရာဝတီမြစ်ကြီးကို အလှပြင်ဆိုင် ပို့ပေတော့ ဆိုသလို “ဧရာဝတီမြစ်ကြီး ထာဝရ တည်တန့်နိုင်ရေး … တို့အရေး” လို့ ဆိုချင်ပါတော့တယ်။

ကျမ မဖြူဖြူသင်းပါ။

(လွတ်လပ်တဲ့ အာရှအသံ ရေဒီယို အစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
သရုပ်ဖော် ကောက်ကြောင်းပန်းချီ – မင်းကျော်ခိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts