>Gaw De – Staire

>

သာဓု…သာဓု…

ဂျော်ဒီး

သြဂုတ် ၂၄၊ ၂၀၁၁



ထူးသည်..။ အတော်ကလေးကို..ထူးနေပြီ။ နိုင်ငံတော် သမတကြီးနှင့် ဒေါ်စုတို့  ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးကို တွေ့ဆုံနေပြီတဲ့ …။ အိုး..၀မ်းသာအံသြလိုက်သည့်ဖြစ်ခြင်း။ ဘာဘာညာညာတွေ ဂျီးဒေါ်မသိပေမယ့် ကိုယ့်ခေါင်းဆောင်ကို အရင်လို စောင်းမြောင်းခြိမ်းခြောက် နေတာထက် စာရင်တော့ ရင်းရင်းနှီးနှီး ခမ်းခမ်းနားနားကြိုဆို … နှုတ်ဆက်ကြပုံတွေ သတင်းတွေထဲမှာ ကြားရမြင်ရတာ။ ကောင်းတာပေါ့.။ ပိုပြီးထူးဆန်းတာက … နှစ် (၅၀) လောက် အမျိုးမျိုး ဖျောက်ထားခံရသော ဗိုလ်ချုပ်အောင်ဆန်းရဲ့… ဓာတ်ပုံကို နိုင်ငံတော်သမတကြီးရဲ့သမတအိမ်တော်မှာ ယခုလို ကျက်သရေရှိရှိ ပြန်မြင်လိုက်ရတာမို့ … ဈေးထဲ လမ်းထဲ ရပ်ထဲရွာထဲတွေမှာ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ မယုံနိုင်အောင် အံ့အားတွေသင့်နေကြလို့။

ဟော ဟိုမှာ..အရာရာသိတဲ့  အာပလာသာဂိ လာနေပြီ။ သူ့ကို …အခြေအနေတွေ… မေးဦးမြန်းဦးမှ …။

‘‘သာဂိရေ ခုရက် အစိုးရသစ်သမတကြီးရဲ့ ခြေလှမ်းတွေကတော့ ပြည်သူအပေါင်းကို ‘‘ဟာ” ခနဲ “ဟင်” ခနဲဖြစ်စေမယ့် ခြေလှမ်းသစ်တွေလှမ်း နေပါလား။ တလှမ်းပြီးတလှမ်း ခြေလှမ်းတွေစိပ်လွန်းလို့ … သတင်းသမားတွေတောင် … ရှော့ခ်ရှိနေပြီဆိုလား..။ ပြည်ပရောက် မြန်မာတွေ

ပြန်လာချင်ရင် ပြန်လာနိုင်အောင် စဉ်းစားပေးမယ်ဆိုလို့ … အားလုံး … ပွက်လောရိုက်နေတုံးမှာဘဲ … နောက်ခြေလှမ်းတွေဖြစ်တဲ့… ငြိမ်း ချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းတာတွေ။ ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်ကိုဖိတ်ခေါ်ပြီး … သမတအိမ်တော်မှာ… ခမ်းခမ်းနားနား … တွေ့ဆုံတာတွေ…။ လွှတ်တော်အစည်းအဝေးကြီးကနေ နားထောင်ရတာ..အရသာရှိတဲ့ … အဆီတထပ် … အသားတထပ်..သမတကြီးရဲ့ မိန့်ခွန်းတွေ။ တရစပ် … မရပ်မနား … ရေပက်မ၀င်အောင်ကို …ခြေလှမ်းသစ်တွေလှမ်းလိုက်တော့… သမတကြီး … ခလုပ်တိုက်ပြီးမှောက်ရက်လဲမှာတောင် စိုးရိမ်လိုက်တာဟယ်။ ကြားရတဲ့လူတွေ အကုန်အံ့အားသင့်ပြီး … “ဟာ” ခနဲဖြစ်ကုန်တယ်ဟေ့”

“ဟာ” ခနဲပြီးရင် “ဟင်” ခနဲ ဆက်လာမယ်လေ … ဟီး .. ဟီး။ ရောက်ရာအရပ်က အမြန်ပြန်လာပါ..။ အပြစ်အားလုံး .. အနဲအများ ပေါ်မူ တည်ပြီးစဉ်းစားမယ်။ ထိုက်သင့်သလို ပြစ်ဒဏ်ခံစားခွင့်ပေးပါမယ်တဲ့။ အာမခံချက်ရဲရဲကြီးကို ပေးထားတာနော်။ စေတနာတွေ .. စေတနာတွေ..သမတကြီးရဲ့ စေတနာတွေ”

“ဟင်းးး သာဂိ..တယောက်..မကောင်းမြင်ဝါဒသမားဖြစ်နေပြီ။ ဒီမှာ.. ဘာဘဲပြောပြော ဒေါ်စုနဲ့ သမတကြီးတို့ အခုလိုနေပြည်တော်မှာ နွေးထွေးလှိုက်လှဲစွာတွေ့ဆုံကြတာ မကောင်းဘူးလားပြောပါဦး။ အပြုသဘောဆောင်စမ်းဘာ မောင်သာဂိ။ ကြည့်စမ်း သူတို့ခမျာ ဘယ်ကလောက် ပင်ပန်းရှာမလဲ။ အနှစ် (၅၀) လောက် ဂျောင်ထိုးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံရှာရတာ လွယ်မှတ်လို့။ ဘာဘဲပြောပြော … ဗိုလ်ချုပ်အောင်ဆန်း ပုံကိုနောက်ခံထားပြီး သမတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဓါတ်ပုံတွဲရိုက်ထားတဲ့ပုံကိုမြင်လိုက်ရတော့ တို့ပြည်သူတွေလိုလားတဲ့တွေ့ဆုံ ဆွေးနွေးရေးအလင်းရောင်တော့ သန်းလာပြီထင်ပါရဲ့ ….”

“အင်း … အစစ်အမှန် တွေ့ဆုံဆွေးနွေးရေး ဆိုရင်တော့ကောင်းပါ့ဗျာ။ နောက်တနေ့ အလုပ်ရုံဆွေးနွေးပွဲမှာဆို … စီးပွားရေးလုပ်ငန်းရှင် နိုင်ငံတော်သထေးကြီးတွေကတောင် ဒေါ်စုနဲ့ဓါတ်ပုံတွေ ဘာတွေတွဲရိုက်ကြဆိုဘဲဗျ …”

“ဟေ … ဟုတ်လား..။ သူတို့လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ..ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ထဲက ကြိတ်လေးစားနေမှာပေါ့နော်။ အရင်ကတော့ ရထားတဲ့စီးပွားရေးလုပ်ပိုင်ခွင့်ကလေးတွေ မပေးမှာကြောက်လို့ ငြိမ်နေရတာနေမှာ …”

“ဟုတ်တယ်.. ဂျီးဒေါ်။ကျနော်ကြားတာဖြင့် သမတကြီးကအစ..နိုင်ငံတော်သထေးကြီးတွေ အကုန်လုံးဒေါ်စုနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံတွေကို အရမ်းအရမ်းကို တန်ဖိုးထားပြီး သေသေချာချာပုံကြီးချဲ့။ ပြီးတော့ သူတို့မိတ်ဆွေတွေဆီတောင် လှမ်းပို့ပြီးဂုဏ်ယူကြသတဲ့ …”

“ဟေ..ငါတောင်ကြုံကြိုက်ရင် ဒေါ်စုနဲ့ဓါတ်ပုံတပုံလောက် တွဲရိုက်ချင်လာပြီ …”

“အံမယ်…ဂျီးဒေါ်မှာ..သူတို့လို ကြွားစရာ မိတ်ဆွေကောင်းတွေရှိလို့လား..။ နှယ်နှယ်ရရမှတ်လို့။ သမတကြီးဆိုရင်..သူနဲ့ ဒေါ်စုနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို ဟို .. အာဆီယံဥက္ကဌကြီးနဲ့  အာဆီယံတဖွဲ့လုံးဆီကို .. တယောက် (၁၀) ပုံဆီဝေတယ်..။ ဓါတ်ပုံနောက်ကျောမှာ “၂၀၁၄ မှာ ကျနော့ကို မမေ့ပါနဲ့ …” လို့ စာတမ်းလေးထိုးထားသတဲ့။ ဟို.. နိုင်ငံတော်သထေးကြီး ဘောလုံးဥက္ကဌကြီးကတော့ သူနဲ့ ဒေါ်စု စကားပြောနေတဲ့ ဓါတ်ပုံကို ဆိတ်သားပလာတာတို့ရဲ့ ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဆီ … အင်တာနက်ကတဆင့်ပို့သတဲ့။ အဲဒီလိုပို့ရင်း “ဒဏ်ရိုက်ရင် သက် သက်ညှာညှာစဉ်းစားနော်.. အမေစုနဲ့တိုင်ပြောမယ်” လို့  မတ်စိပို့လိုက်သေးသတဲ့”

“ဟေ.. ဂလိုတွေလား..။ အခုမှ ဒေါ်စုတန်ဖိုးကို ကောင်းကောင်းအသုံးချတတ်နေပါလား”

“အဲဒါ..သမတကြီး တရားဝင်မဖိတ်ခေါ်ခင်ကတည်းက ဗမာပြည်ထဲကို ပြည်သူတွေမသိအောင် ခိုးခိုးပြန်နေတဲ့ ဟို.. တတိယနိုင်ငံရောက် တတိယအုပ်စုဝင် တတိယတန်းပညာရှင်ကြီးတွေက နည်းပေးလိုက်တာတဲ့။ အခု နေပူတော်မှာ ကျင်းပနေတဲ့ မှက်ခရုစီးပွါးရေးမူဝါတားတား အလုပ်ရုံဆွေးနွေးပွဲမှာတောင် အဲဒီလို စာတမ်းတွေ ဖတ်ပြသေးသတဲ့။ ဒါမျိုးတွေ သူတို့သိပ်ကျွမ်းကျင်လို့ ဒေါက်တာဘွဲ့တွေရထားတာတဲ့ ဂျီးဒေါ်ရယ်”

“မှတ်သားလောက်ပါပေတယ်ကွယ်။ ဘာဘဲဖြစ်ဖြစ်လေ တို့ကတော့ အကောင်းမြင်စိတ်နဲ့ဘဲ ကြည့်မယ်။ အပြုသဘောဆောင်တဲ့ ဒီတွေ့ဆုံ ဆွေးနွေးရေးတွေမှာ ဘာတွေ ဆွေးနွေးကြတယ် ဆိုတာ သိချင်လိုက်တာဟယ်။ တိုင်းသူပြည်သားတွေ အကျိုးကိုရှေးရှုတယ်ဆိုရင် ဘာတွေ ဆွေးနွေးတယ်ဆိုတာကို တို့တိုင်းသူပြည်သားတွေကို ကြာကြာဖုံးမထားသင့်ပါဘူး ဟယ်။ ခုတော့ အပြုသဘောဆောင်တယ်ဆိုလို့သာ လိုက် ဆောင်လိုက်ရတယ်။ အခါခါ သေဖူးထားလို့ ပျဉ်ဖိုးရော သင်္ဂြိုလ်စရိတ်တွေ ရော အကုန်နားလည်နေပါပြီ။ ဒါတောင် ကိုကျော်သူရှိပေလို့”f

“အေးလေ တကယ်အပြုသဘောဆောင်ရင် ပထမဆုံးလုပ်ရမှာက အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်သားတွေ လွှတ်ပေးရမယ်။ ဒါ အကောင်းဆုံး သက်သေဘဲ …”

“ဟဲ့ ..လွှတ်ပေးနေတယ်လေ …။ စကော်ပီယံပါတီကဆိုလား တဖွဲ့လုံး ခြွင်းချက်မရှိ လွှတ်ပေးလိုက်တာတဲ့။ တော်ကြာ ပါတီမှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲတွေဝင် ..စကော်ပီယံအမတ်ကြီးတွေ လွှတ်တော်တက်ဦးမှာ။ နောက်ပြီး ဟို ဦးခင်ညွှန့်ရဲ့ ထောက်လှမ်းရေးဗိုလ်မှူး ကြီးတွေကိုလဲ လွှတ်ပေးတယ်။ သူတို့လည်း နိုင်ငံရေးစာခွက်လုရင်း အကျဉ်းချခံရတော့ နိုင်ငံရေးအကျဉ်းသားတွေဘဲပေါ့။ အပြုသဘောဆောင် ပြီး အကောင်းမြင်စမ်းဘာ သာဂိရာ”

သာဂိကား ..များစွာယူကြုံးမရသော မျက်နှာပေးလေးဖြင့် … “မှားပါတယ် …ဂျီးဒေါ်။ ဒီနေ့ကစလို့ …ကျနော်လည်းအပြုသဘောဆောင်ပြီး အကောင်းမြင်ပါတော့်မယ်။ သာဓု ..သာ …ဓု”

“ဟဲ့ …နင့် သာဓုက နှစ်ကြိမ်ဘဲ ရှိသေးတယ်”

“ကျနော်လည်း သုံးကြိမ်ပြည့်အောင် ခေါ်ချင်ပါတယ် ဂျီးဒေါ်ရယ်။ ဒါပေမယ့် နောက်တဓုကိုတော့ အခုလောလောဆယ် အကြွေးမှတ်ထားလိုက်ပါ။ ကိုမင်းကိုနိုင် အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးတဲ့နေ့ မှာ လက်ကျန်တသာဓုကို အကျယ်ကြီး အော်ခေါ်လိုက်ပါမယ် ဂျီးဒေါ်”

သရုပ်ဖော်ကာတွန်း – မောင်ရစ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts