>Dhamma Aye Yeik Summer Children Classes need your help & support

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

   ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း ကလေးများယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာအခြေခံသင်တန်းကျင်းပ
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၂၊ ၂၀၁၁
ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း၊ ဆရာတော် ဦးအာရိယစာရ ဦးစီးတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေပြုသင်တန်းကို သြဂုတ်လ ၂၀ ရက်နေ့က ၂၆ အထိ ရက်သတ္တပတ်တာ ကလေးများအတွက် ရည်စူး ကျင်းပနေပါတယ်။ အသက် ၆ နှစ်က ၁၆နှစ်အရွယ်အထိ ကျားမ၊ ကလေးလူငယ် ၁၇ ဦး တက်ရောက်နေကြပါတယ်။ သင်တန်းကို မြို့ခံမိသားစုများ၊ မိဘများ၊ လူငယ်များက ၀ိုင်းဝန်း လုပ်အားပေး ကူညီမှုတွေ ပြုလုပ်နေကြပါတယ်။
 ဆန်ဖရန်ဘေးဧရိယာအခြားမြို့နယ်များက ဘုန်းတော်ကြီးကျောင်းတွေမှာ ကလေးများအတွက် ယဉ်ကျေးလိမ္မာဘာသာရေးသင်တန်းတွေ ရှိပေမယ့် ဥက္ကလံမြို့ ဘုန်းတော်ကြီးကျောင်းမှာ အခုလို ၀ိုင်းဝန်းပြီး ပထမဆုံးကျင်းပဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံက ရွှေ့ပြောင်းခိုလှုံလာတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ မြန်မာတိုင်းရင်းသားတွေ အခြေစိုက်တဲ့ မြို့ဖြစ်တဲ့ ဥက္ကလံက ကလေးသူငယ်တွေအတွက် အခြားမြို့နယ်တွေဆီကို သွားရောက်သင်တန်းတက်ဖို့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိပါတယ်။ ဒါကြောင့် ဥက္ကလံမြို့ခံ ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့သီတင်းသုံးမယ့် ဆရာတော် ဦးအာရိယစာရ ရောက်ရောက်ချင်းမှာပဲ နွေရာသီကျောင်းပိတ်ရက် မကုန်ဆုံးမီမှာ ကလေးတွေအတွက် သင်တန်းကို ချက်ချင်းစီစဉ်ရတာ ဖြစ်ပါတယ်။
 “ကလေးတွေကိုယ်တိုင်က မြန်မာစကားကို သိပ်မရတော့ဘူး။ သည်ကကျောင်းတွေမှာ အင်္ဂလိပ်လို ပြောဆိုနေတာက အကျင့်ဖြစ်သွားပြီ။ ဘာသာရေးအမွေပေးဖို့ အခုလို စီစဉ်ရတာဖြစ်တဲ့အပြင် မြန်မာစာ၊ စကားတွေလည်း ပြန်ပြောဖြစ်အောင် မြန်မာသင်ပုန်းကြီးလည်း သင်တယ်။ အခြေခံဘုရားရှိခိုး၊ သီလယူနည်း၊ ဗုဒ္ဓ၀င်နဲ့ ဘာသာကိုးကွယ်မှုတွေကိုလည်း ရှင်းပြတယ်”
လို့ သင်တန်းက လုပ်အားပေးတဦးက မိုးမခကို ရှင်းပြပါတယ်။
လုပ်အားပေးစီစဉ်သူတွေအနက်က ကိုအောင်ဇာနည်၊ မချမ်းမြအေး၊ ကိုကျော်နိုင်တို့တွေက ကလေးများအတွက် ဘာသာပြန်ပေးခြင်း၊ ဝေယျာဝစ္စလုပ်ပေးခြင်း၊ စတာတွေကို လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ အခြားမြို့နယ်တွေက ဗုဒ္ဓဘာသာသင်တန်းတက်ဖူးသူ မြန်မာဆယ်ကျော်သက်အချို့ကလည်း မြန်မာ – အင်္ဂလိပ် ဘာသာပြန်တဲ့ အလုပ်ကို ၀င်လုပ်အားပေးတာတွေ့ရပါတယ်။ မြို့ခံ မိဘတွေ၊ လူကြီး လူငယ်တွေက သင်တန်းအစစ အရာရာ အဆင်ပြေစေဖို့ တတပ်တအားနဲ့ တယောက်တလက် ၀ိုင်းဝန်းလုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။

 ဥက္ကလံမြို့နေ မြန်မာတိုင်းရင်းသားတွေအတွက် သာရေး၊ နာရေး၊ ဘာသာရေးနဲ့ အမျိုးသားရေး ကိစ္စရှိလာရင် အမြဲစုဝေးရာ နေရာတခုဖြစ်တဲ့ ဓမ္မအေးရိပ်ကျောင်း ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် အများရဲ့ အလှူတွေ လုပ်အားတွေနဲ့ ၀ိုင်းဝန်းဆောင်ရွက်နေကြတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၇ မှာ ယဉ်ကျေးမှုသင်တန်း သင်တန်းဆင်းနဲ့ ဘုန်းကြီးကျောင်း ၀ါဆိုသင်ကန်းကပ်လှူပွဲကို ကျင်းပကြမှာ ဖြစ်ပါတယ်။
သည်သတင်းစာမျက်နှာကနေပြီး မြန်မာတိုင်းရင်းသားတွေ စုစည်းခိုလှုံရာ ရိပ်သာလေးတခုရဲ့ အလှူပွဲကို ၀ိုင်းအားပေးကြဖို့ မိုးမခကလည်း ထပ်ဆင့် လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts