>Than Win Hlaing – Poem for SUU

>

ဒေါ်အောင်ဆန်းစုကြည် ဘွဲ့ကဗျာများ (၃)
သန်းဝင်းလှိုင်

သြဂုတ် ၁၈၊ ၂၀၁၁








နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၀ ပြည့်နေ့နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် ကဗျာဆရာမောင်ကြူးရင့်နှင့်စစ်အကျဉ်း ထောင်မှပြန်လည်လွတ်မြောက်လာသော ဇေယျာသော်တို့ကလည်း အောက်ပါအတိုင်း ခံစား ရေးဖွဲ့ပေးခဲ့ကြသည်။ ခံစားကြည့်ကြပါစို့။

မျိုးဆက်ဇာတိသွေး

(မောင်ကြူးရင့်)

ဗိုလ်မင်းရောင်သွေး

အောင်ဆန်းသွေးတို့စုဝေးခဲ့ရာ

ငါ့ခန္ဓာသည် ငါ့တိုင်းပြည်နှင့်

ငါ့ပြည်သူတွက်ဖြစ်ရမည်။ ။

…. …. …..



၂၀၁၀ နိုဝင်ဘာ ၁၃

ဇေယျာသော်

အမေရေ…

နေရာင်မ၀င် လရောင်မလင်း

မှောင်မိုက်အခန်းကျဉ်းလေးရဲ့အကြား

အမေ့သတင်းများဝင်ရောက်လာတော့

ကျနော်လေ ….

မျက်ရည်များတောင်ဝဲမိပါရဲ့။ ။

မဲမှောင်မှုန်ကုပ်လို့နေတဲ့

အလျားရှည်ရှည် အနံမျောမျော

ကျောတခင်းစာ နေရာကလေးမှာ

ကျနော်ဟာ

ဒီနေ့ကို စောင့်မျှော်တမ်းတနေခဲ့တာပါ။ ။

နေရာင်ခြည်ကိုမရ လအလင်းကမဖြာ

ကျနော်မရှုရှိုက်ရလဲရှိပါစေ…

ပြည်သူတွေအတွက် အလင်းရောင်

ပြည်သူတွေအတွက်မီးရှူးတန်ဆောင်

ဟိုး … အမှောင်တိုက်တွေကိုဆုပ်ဖြဲလို့

ထွန်းပနေလိုက်ပုံများ

ကျနော့်အခန်းလေးထဲကြား

ဖြာလင်းသွားလေသလား…။ ။

(ကော့သောင်းအကျဉ်ထောင်တွင်း၌ ရေးဖွဲ့ပါသည်။)



ကဗျာဆရာသစ်ငြိမ်း၊ ကျော်ရင်မောင် (ရေဦး) တို့ကလည်း ဒေါ်စု ၆၆ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြု၍အောက်ပါ အတိုင်း ဂုဏ်ပြုရေးဖွဲ့ပေးခဲ့သည်။

မွေးနေ့သမိုင်း (သစ်ငြိမ်း)

မွေးနေ့တိုင်းမှာ

အမှတ်တရာတွေရှိတယ်

အမှတ်တရာတိုင်းမှာ

ဒဏ်ရာတွေရှိတယ်

ဒဏ်ရာတိုင်းမှာ

သမိုင်းရှိတယ်။ ။

…. … …



တို့ဗိုလ်ချုပ်ရဲ့သမီး

ကျော်ရင်မောင် (ရေဦး)

ကျုပ်တို့ပြည်သူအကျိုး

ရှေ့တန်းတင်ထမ်းပိုးပေမယ့်

ပြည်သူတွေရဲ့ရှုမညီးတဲ့

ကျုပ်တို့ဗိုလ်ချုပ်ရဲ့သမီး။

ငြိမ်းချမ်းချစ်ကြည်

သူမထူထောင်မည့်ပြည်

ငါတို့တွေ မရောက်ရောက်အောင်ချီတက်မည်။

ချစ်ကြည်ငြိမ်းချမ်း

သူမတည်ဆောက်မည့်လမ်း

ငါတို့တွေ…မရောက်ရောက်အောင်လှမ်း။ ။



၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ရန်ကုန်မြို့ မြောက်ဒဂုံ၌ နာရေးကူညီမှုအသင်းကိုတည်ထောင်၍ သုခအခမဲ့ဆေးကုခန်း၊ က လေးများအတွက်ဖြည့်စွက်ပညာသင်ကြးရေး၊ အကသင်တန်း၊ ဂီတနှင့်ပန်းချီးသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများကို ဦးစီးဖွင့်လှစ်နေသော ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ အမေ့ကျေးဇူးကဗျာမှာ ဒေါ်စု၏ နိုင်ငံရေးပုံရိပ်တစိတ်တဒေသကို ထင်ဟပ်နေပေသည်။

အမေ့ကျေးဇူး

ကျော်သူ

ကွန်ယက်လေလား …

ကွင်းဆက်လေလား …

ဒီရေအလား ဖြည်းဖြည်းတက်သွား။

စည်းလုံးမှုအား ညီညွတ်မှုအား

လက်ချင်းတွဲထား ခိုင်မြဲမှုအား

သွေးမကွဲတဲ့ ဒို့ပြည်ထောင်စုအား

အပြာရောင်နုနု ငြိမ်းချမ်းမှုအား

ရာဇ၀င်တွင်မယ့် ဂန္တ၀င်ပန်းချီကား

အဖြူပေါ်အပြာနု ‘အမေစု’ ဆွဲတဲ့ မှောင်ဝင်အနုပညာကား

‘သားဆက်ပြီးဆွဲ’ တဲ့ လက်ဆင့်ကမ်းပေးမှုလား

သားဆက်ပြီး မဆွဲရက်ဘူးအမေ

အမေ့ရဲ့လက်ရာ သားအဖျက်ဝံ့ဘူးအမေ

အမေ့ရဲ့ခံစားမှု သားမမှေးမှိန်စေချင်ဘူး အမေ

အမေ့ရဲ့တင်ပြမှု သားအကျည်းတန်အောင် မလုပ်ပါရစေနဲ့ အမေ

အမေ့ထက် သားတစ်လ မကြီးဝံ့ပါအမေ

သားအာခေါင်လှံမစူးဝံ့ပါ အမေ

သား အရှင်လတ်လတ် မဟာမြေကြီးထဲ မဆင်းဝံ့ပါအမေ။

အမေဟာ… အမေပါ အမေရယ်။

အမေ့နောက်မှာ သားတို့ရှိတယ်။

အမေ့ဘေးမှာ သားတို့နေမယ်။

အမေ့ခြေလှမ်းနောက်ကို သားတို့ထပ်ကြပ်မကွာလိုက်မယ်။

အမေမောရင် သားတို့တွဲခေါ်ပေးမယ်

အမေဆာရင် သားတို့ခူးခပ်ကျွေးမယ်

အမေ..လျှောက်လှမ်းနေတဲ့ငြိမ်းချမ်းမှုကို သားတို့ဝိုင်းရံပေးမယ်

အမေ..ယက်နေတဲ့မျိုးဆက်သစ်ကွန်ယက်ကို သားတို့ချည်နှောင်ပေးမယ်

သားတို့အမေ့ကို ဒီလိုပဲ ကျေးဇူးဆပ်ခွင့်ပြုပါ အမေ

ကဲ ဟေ့ အမေ့သားတွေ

ညီစေနော် … ညီစေ

လက်ချင်းတွဲထား မဟာအင်အား

စိတ်ချင်းဆက်ထား မဟာအင်အား

ရဲသွေးနီထား မဟာအင်အား

အမေ့ကျေးဇူးကို ဆပ်ကြပါစို့လား။

ဆက်လက်ဖော်ပြပါမည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts