>Maung Maung One – silent protest

>

ကြွေးကြော်သံတိတ် ဆန္ဒပြပွဲများ
မောင်မောင်ဝမ်း
သြဂုတ် ၂၀၊ ၂၀၁၁
ပဲခူးခရီးစဉ်အတွက် မီဒီယာတွေကတဆင့် ကြည့်လိုက်ရတာ ကြက်သီးတောင်ထမိတယ် .. များပြားလိုက်တဲ့ ပရိတ်သတ် … အန်တီစု မိန့်ခွန်းကလည်း အတွေ့အကြုံတွေ များလာလို့လားမသိဘူး ပိုရင့်ကျက်လာတယ်။ အန်တီစု လွတ်လာကတည်းက .. ပဲခူးခရီးစဉ်အဆုံး .. အန်တီစုကိုဝန်းရံနေကြတဲ့ .. လူပင်လယ်ကြီးကိုကြည့်ပြီး .. (ခင်ဗျားသာ အစိုးရအဖွဲ့ဝင်တဦးဦး ဖြစ်ခဲ့မယ်ဆိုရင် ) ဘယ်လိုမြင်မိမလဲ။
ဒါတွေဟာ တကယ်လား .. ဖန်တီးယူတာတွေလား .. ဖန်တီးထားတာတွေလားဆိုတာ … အားလုံးအသိ ဖြစ်နေပါလိမ့်မယ် … ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာ … ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်တယ်ဆိုတာကို ပြသလိုက်တာနဲ့ အတူတူပါပဲ။ ဒါ .. ကြွေးကြော်သံတိတ် ဆန္ဒပြပွဲ ဖြစ်တယ်…။

ပြည်တွင်းက လူငယ်တွေနဲ့တွေ့တိုင်း ကျနော့်ကို ခဏခဏ မေးတဲ့မေးခွန်းရှိတယ် … “ကျနော်တို့ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ” … တဲ့။

အားလုံးက ယူဆနေတာ .. ဆန္ဒပြတယ်ဆိုတာ .. ၈၈ တုန်းကလို၊ ရွှေဝါရောင်တုန်းကလို လူအုပ်ကြီးနဲ့ စီတန်းလှည့်လည်မှ အထမြောက်တယ်လို့ ထင်မြင်ကြတယ် .. သူတို့ထင်မြင်ချက်လည်း မှန်ပါတယ် .. ဖြစ်နိုင်ရင် လူထုအင်အားနဲ့ ၈၈ တုန်းကလို သမ္မတအဆက်ဆက် ဖြုတ်ချပစ်ချင်တယ် … အခွင့်အခါ မပေးသေးတဲ့အချိန်မှာ … ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က ဒေါ်နော်အုန်းလှတို့ .. ရွှေတိဂုံဘုရားပေါ်တက်ပြီး .. ဝတ်ပြုဆုတောင်းပွဲတွေ အဆက်မပြတ် လုပ်နေတာဟာလည်း .. ပွင့်ပွင့်လင်းလင်းပြောရရင် .. အံတုမှုတမျိုးပဲ .. ဆန္ဒပြခြင်းတမျိုးပဲ။ တကယ်တော့ ရွှေဝါရောင်မှာ ရဟန်းတော်တွေ ချီတက်လှည့်လည်တာ .. နိုင်ငံရေးကြွေးကြော်သံနဲ့ လှည့်လည်တာမှ မဟုတ်တာ .. မေတ္တာပို့သံတွေနဲ့သွားကြတာ … ဒါ … ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ အံတုလိုက်တာ … အာဏာရှင်ဆိုတာ .. အကြမ်းဖက် အံတုခြင်းကို သိပ်မဖြုံတတ်ကြဘူး .. ဒါပေမယ့် လူထုအင်အားကိုကျ ကြောက်တတ်ကြတယ် … 
ကျနော်စဉ်းစားမိတာ တခုရှိတယ် … မြန်မာလူထုဟာ .. သူတို့အတွက် အန္တရာယ်အနည်းဆုံးနဲ့ အထိရောက်ဆုံး လမ်းကြောင်းတခုကိုသာ တွေ့ခဲ့မယ်ဆိုရင် အစိုးရကို အံတုဖို့အသင့်အနေထားမှာရှိတယ် …
ဥပမာ .. ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘာဖြစ်လို့ အပြတ်အသတ် အနိုင်ရခဲ့တာလဲ … ပြည်သူလူထုကြီးအနေနဲ့ သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြသရာမှာ မဲပြားတွေနဲ့ ပြသကြတယ် .. ဒီနည်းလမ်းက သူတို့အတွက် အန္တရာယ်နည်းတယ် .. ထိရောက်တယ်လို့ ယုံကြည်လို့ .. အပြတ်အံတုခဲ့ကြတာ .. ထိုနည်းတူစွာပဲ အခွင့်အခါပေးရင် လူထုဘက်က အသင့်ရှိတယ် .. ဒါဆို မေးစရာရှိတယ် … ဘာလို့ လမ်းပေါ်တက်ဆန္ဒပြမယ့်ကိစ္စကိုကျ တွန့်ဆုတ်ကြတာလဲ? … ဒီကိစ္စမှာ အန္တရာယ်တွေရှိတယ် … များတယ် … အဆင်မသင့်ရင် အရိုက်ခံ၊ အနှိပ်ခံရတာကအစ .. ထောင်ကျတာ .. သေတာတွေ ဖြစ်နိုင်တယ် … ဒါ့အတွက် ကြောက်တာ .. သဘာဝကျပါတယ် … … ဒီလို ကြောက်နေအောင်လည်း အာဏာရှင်များက နှိပ်ကွပ်ထားတာကိုး … ရှစ်လေးလုံးအစမှာ လူထုတရပ်လုံး ပါဝင်လာတယ် မထင်ပါနဲ့ .. မပါပါဘူး .. သူတို့အတွက် အန္တရာယ်နည်းတယ်လို့ထင်နေတဲ့ အချိန်ရောက်တော့ .. တနိုင်ငံလုံး အုံးထသွားတယ်ဆိုတာ .. သမိုင်းရှိပါတယ် … ဒါတွေဟာ ပြည်သူဘက်ကကြည့်မယ်ဆိုရင် တရားနည်းလမ်းကျတဲ့အရာတွေပါ … အမေရိကားက .. လူ့အခွင့်အရေး လွတ်မြောက်မှုအတွက် လှုပ်ရှားခဲ့တဲ့ လူမဲခေါင်းဆောင် .. မာတင်လူသာကင်း ပြောခဲ့တဲ့စကားရှိတယ် …
“နိုင်ငံရေးခေါင်းဆောင်ကောင်းဆိုတာ … အန္တရာယ်အနည်းဆုံး လမ်းကြောင်းကို ရွေးချယ်၊ ပစ်မှတ်ကိုထိအောင် ပစ်နိုင်သူဖြစ်ပြီး လူထုကို ဆွဲဆောင်နိုင်သူဖြစ်ရမယ် တဲ့”
ဒီနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ဧရာဝတီကိစ္စ လက်မှတ်ရေးထိုးလှုပ်ရှားမှုဆိုတာ .. လူထုအတွက် အန္တရာယ်အနည်းဆုံး နည်းလမ်းတွေနဲ့ ပစ်မှတ်ကိုမှန်အောင်ပစ်နေတဲ့ .. နည်းဗျူဟာ ဖြစ်တယ် … တနည်းအားဖြင့် ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ် … ဒီကိစ္စမျိုးကို ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါရစေ။
ထိုနည်းတူစွာပဲ … အရေးကြီးဆုံးတချက်က .. ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိရာ နေရာတိုင်းမှာ လူပင်လယ်ကြီးဖြစ်အောင် ကြိုးစားကြပါ … ဒါဟာ .. ကြွေးကြော်သံတိတ် ဆန္ဒပြနေတာ ဖြစ်ပါတယ် … ဘာမှ ထူးထူးခြားခြားလုပ်ပေးဖို့ မလိုပါဘူး … သွေးဆူပြီး နိုင်ငံရေးကြွေးကြော်သံတွေ အော်နေစရာလည်း မလိုဘူး … ဒေါ်စုသွားရာနေရာတိုင်းမှာ … သင်နဲ့ သင့်အသိုင်းအဝိုင်း မတ်တပ်ရပ်ရုံလေး သွားရပ်ပေးပါ …။
ဒါဟာ … လက်ရှိအခြေအနေမှာ … ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ် … အထွေထွေလုပ်ပိုင်ခွင့်ပါဝါကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်လိုက်တာ ဖြစ်တယ် … ယနေ့အလုပ်သင့်ဆုံး နိုင်ငံရေးလုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ အကြံပြုပါရစေ။
အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts