>Ashin Kaung, Poem

>

အဆုံးနိဒါန်း

အရှင်ကောင်း (ရွှေဝါရောင်)

သြဂုတ် ၈၊ ၂၀၀၁



တို့အရေး……….

တို့အရေး………….

တို့အရေး……………..

ဟစ်ကြွေးအုံကြွ

ကျောင်းသားနဲ့ သံဃာအစ

ဝန်ထမ်းနဲ့ လယ်သမားအလယ်

ဒုက္ခိတနဲ့ အိမ်ခြေ ယာခြေမဲ့အဆုံး

ပေါင်းရုံးဟစ်ကြွေး

တို့အရေး………..

တစ်ပါတီ အာဏာရှင်စနစ်ကျဆုံးရေး

တို့အရေး တို့အရေး………….

ဒီမိုကရေစီရရှိရေး

တို့အရေး တို့အရေး…………….။

ဒီလိုနဲ့

ပွဲမပြီးခင် မီးသေ

မီးပေါင်ကျ သွေးအေး

သွေးနှေး

သွေးလေးသွားလိုက်ကြတာ

တို့အရေးကို

သူ့အရေး ထင်သူထင်

တစ်ခြားသူအရေး ထင်သူထင်

ဒေါ်အောင်ဆန်းစုကြည်အရေး ထင်သူထင်

NLD အရေး ထင်သူထင်

ကုလသမဂ္ဂအရေး ထင်သူထင်

အမေရိကန်နဲ့ အီးယူအရေး ထင်သူထင်

ပညာတတ်တွေက တွေဝေ

ပညာမဲ့တွေက မိုက်မဲ

ဝက်ဘ်ဆိုဒ် တစ်ချို့က ခါးတောင်တလွဲ ဖင်တလွဲ

အာဏာရှင်

ရာဇာပလ္လင် ဖင်မြဲစေခဲ့။

ခုတော့

ညတာရှည် အိမ်မက်များ

တောနက်တော့ ဆင်ချေးထူ

သူခိုးက လူလူဟစ်လို့

တို့ခေတ်ကို ရောက်ရမည်မှာ

အင်း………..မနီးပါ။

တို့အရေးကို

ကိုယ့်အရေးလို့ ပိုက်ပွေ့သူ

ခမျာမှာမူ……….

ချစ်လင်သေ သားတွေကွဲ

အကျယ်ချုပ် အကျဉ်းချုပ်

အုပ်စုနဲ့ ညှင်း

တပ်နဲ့ ပင်း

ဒီပဲယင်း သက်သေ

ကံကောင်းလို့ မကြွေခဲ့။

မပြီးဆုံးမှီ

နိဂုံး ကျော်ဖတ်ချင်သူ

နောက်ချန်သူ

ဖောက်ပြန်သူ

အဲဒီလူ အဟောင်းအသစ်တွေ

၈၈ ဟိုဘက်မှာ ထားခဲ့

“မူဘာရက်ကို ခုံရိုးတင်ပြီတဲ့”

တူနီးရှားမှာ တို့ခေတ်ရောက်ပြီတဲ့

ဆီးရီးယားနဲ့ လစ်ဗျားမှာ

ပြည်သူတွေ သွေးချင်းပြိုင်ပြီတဲ့

အဲဒီ အရှေ့ အလယ်ပိုင်းကို အားကျ

ကိုင်း………….

တို့အရေး ပြန်စမယ်။ ။


(၂၃ နှစ်မြောက် ၈ လေးလုံး အဓိဋ္ဌာန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts