>Thailand Parliament Selects Yingluck as First Female Leader

>

ထိုင်းနိုင်ငံကို အမျိုးသမီး ဦးဆောင်ပြီ
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၅၊ ၂၀၁၁


ယနေ့ ထိုင်းလွှတ်တော်တွင် တွေ့ရသည့် ယဉ်လပ်ရှင်နာဝပ် (ဓာတ်ပုံများ-getty images)


ထိုင်းလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ယဉ်လပ်ရှင်နာဝပ်ကို နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် ယနေ့ မဲပေး ရွေးချယ်လိုက်ကြောင်း ဘန်ကောက်မှလာသော သတင်းများတွင် ဖော်ပြထားသည်။

အသက် ၄၄ နှစ်အရွယ် ယဉ်လပ်ရှင်နာဝပ်သည် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ နှမငယ် ဖြစ်သည်။

သက်ဆင်နှင့် ဇနီးက သူ့နောက်ကွယ်တွင် ရှိကြောင်း၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ရွေးချယ်ရာတွင် အကြံများ ပေးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

အစိုးရအဖွဲ့ဝင်စာရင်း ထွက်ပေါ်မလာသေးပေ။

လာမည့် ရက်ပိုင်းအတွင်း ထိုင်းဘုရင်က သူ့အား ၀န်ကြီးချုပ်အဖြစ် အတည်ပြုပြီးနောက်တွင်မှ အစိုးရအဖွဲ့ဝင်များစာရင်းကို ယဉ်လပ်ရှင်နာဝပ် ကြေညာဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။

ယဉ်လပ် နှင့် သူဦးဆောင်သည့် ဖုယာ့ထိုင်းပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အကြီးအကျယ် အောင်ပွဲခံခဲ့သည်။ ယဉ်လပ်ရှင်နာဝပ်သည် အစ်ကိုဖြစ်သူ၏ အရှိန်အ၀ါဖြင့် နိုင်ငံရေးသက် တနှစ် မပြည့်မီမှာပင် နိုင်ငံခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယဉ်လပ်၏ အောင်မြင်မှုကြောင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

ပြီးခဲ့သည့် လဆန်းပိုင်း ထိုင်းရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ယဉ်လပ်နှင့်ဖုယာ့ထိုင်းပါတီတို့သည် ထိုင်းလူထုအများစု၏ ဆန္ဒဖြင့် အရွေးခံရခြင်းအတွက် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts