>Htoo Htoo Han has two followers

>

ထူးထူးဟန် တပည့် ၂ ယောက် ရသွားပြီ
မိုးမခအထောက်တော် အမှတ် ၀၀၈
သြဂုတ် ၄၊ ၂၀၁၁

လူအယောက်တရာမက ရှင်းလင်းခဲ့သည်ဟု ဆိုသူအကြောင်း ဖော်ပြထားသည့် သတင်းတပုဒ်


“လူတွေ အများကြီးကို သတ်ခဲ့မိတဲ့အတွက် ကျုပ်ဟာ စစ်ရာဇ၀တ်ကောင်ပါ” ဟု AAP သတင်းဌာနသို့ ပြောကြားသည့် မြန်မာပြည်ဖွားတချို့၏စကား မှန်ကန်ပါက သြစတြေးလျတွင် မြန်မာစစ်တပ် အနည်းဆုံး တပ်စိတ် တစိတ် ရောက်ရှိနေသည်ဟု ဆိုနိုင်သည်။

သြစတေးလျရောက် မြန်မာပြည်သား ၃ ဦးက ၎င်းတို့သည် မြန်မာစစ်တပ်မှ ဖြစ်ကြောင်း၊ ထောက်လှမ်းရေးတာဝန်ထမ်းစဉ် ဆန္ဒပြသူများ၊ နိုင်ငံရေးသမားများအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း မကြာသေးမီက ရှေ့ဆင့်နောက်ဆင့် ပြောကြားကြသည်ဟု သြစတြေးလျ၏ AAP သတင်းဌာနက ရေးသားထားသည်။

AAP သတင်းဌာနက ပထမဆုံး စင်တင်ပေးလိုက်သူမှာ ထူးထူးဟန် ဆိုသူ ဖြစ်သည်။ သူက သူ့ကိုယ်သူ ထောက်လှမ်းရေးဗိုလ်ဖြစ်သည်ဟု ဆိုသည်။

များမကြာမီ ထောက်လှမ်းရေးဘ၀ လူသတ်ခဲ့၏ဟု ဆိုလာသူ ၂ ဦး ပေါ်လာသည်။

“ကျနော့်ကို မောင် လို့ ခေါ်ပါ” ဟု တဦးက ဆိုပြီး နောက်တဦးက “ကျနော်နာမည် စိုးအောင်ပါ၊ ဗစ်တိုးရီးယားမှာ နေပါတယ်” ဟု ဆိုသည်။

ထောက်လှမ်းရေးဗိုလ် ထူးထူးဟန်ဆိုသူ၏ တပည့်များဖြစ်သည်ဟု ပြောကြောင်း AAP သတင်းဌာနက ဖွဲ့နွဲ့ ရေးသားဖော်ပြထားသည်။

သြစတေးလျမှ လာသော သတင်းများအရ ၎င်းတို့၏ အတည်ပေါက် ပြောဆိုချက်များကို သြစတေးလျရောက် မြန်မာပြည်သားများက အထူး စိတ်ဝင်စားနေကြကြောင်း၊ သို့သော်လည်း ယုံကြည်သူ နည်းပါးကြောင်း သိရသည်။

သို့သော်လည်း သြစတေးလျ သတင်းဌာနများက ၀ိုင်းဝန်း ရေးသား ဖော်ပြနေကြသည်။

www.couriermail.com.au သတင်းစာမျက်နှာရှိ ၎င်းတို့အကြောင်း ဖော်ပြချက်နှင့် ပတ်သက်ပြီး သြစတေးလျစာဖတ်သူများက အလန့်တကြား မှတ်ချက်များ ပေးထားကြသည်။

သူတို့ကို ချက်ချင်း ပြန်ပို့၊ ဘာကြောင့် သြစတြေးလျမှာ ဒီလိုလူတွေ ရှိနေရတာလဲ၊ သူတို့ပြောတာ မှန်တယ်ဆိုတာ အတည်ပြုနိုင်ရင် ဘာမှ ပြောမနေနဲ့ ဒီနေ့ပဲ နှင်ထုတ်လိုက် စသည့် မှတ်ချက်များကို တွေ့ရသည်။

သြစတြေးလျအာဏာပိုင်တို့က ၎င်းတို့ကို ခေါ်ယူ မေးမြန်းခြင်း မရှိသေးဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts