>Maung Swan Yi – Result of 8888 Revolution

>

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ရလဒ်
မောင်စွမ်းရည်
(ဗွီအိုအေ သက်ကြီးစကားအစီအစဉ်)

သြဂုတ် ၄၊ ၂၀၁၁


ဒီနေ့ ကျနော်ပြောချင်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးက ရလိုက်တဲ့ ရလဒ်နဲ့ သင်ခန်းစာတွေအကြောင်းပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာဖြင့် ကျနော်တို့သက်တမ်းမှာဖြင့် အကြီးမားဆုံးအရေးတော်ပုံကြီးပါပဲ။ ကျနော့်ရဲ့အသက်က (၇၀) ကျော်ပါပြီ။ ကျနော်ငယ်စဉ်က ကြားဖူးတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ ပထမလွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ အကြီးမားဆုံး ပြည်သူ့အရေးတော်ပုံကြီးဖြစ်သလို၊ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာလဲ မျက်မှောက်ခေတ် ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာ အကြီးမားဆုံး အရေးတော်ပုံကြီးပါပဲ။ ပါဝင်ဆင်နွှဲကြတဲ့ ရဟန်းရှင်လူတွေဟာလဲ အရေးတော်ပုံကြီးရဲ့ တကယ့်ပြည်သူ့သူရဲကောင်းတွေပါပဲ။ ဒီအရေးတော်ပုံကြီးမှာ သံဃာတော်တွေနဲ့ ကျောင်းသားတွေအပြင် တောင်သူလယ်သမား စတဲ့ လူထုလူတန်းစား အမျိုးမျိုးနဲ့ မျက်မမြင် ဒုက္ခိတတွေတောင် လမ်းမပေါ်ကို ထွက်ခဲ့ကြတာဆိုတော့ လှည်းနေလှေအောင် မြင်းဇောင်းမကျန် ပါကြလေရဲ့လို့ ပြောနိုင်တာမျိုးမို့ အလွန့်ကို ထူးခြားကြီးကျယ်လှပေတယ်လို့ မုချ မော်ကွန်းထိုးနိုင်ပါတယ်။


ဒါပေမယ့် မိဘပြည်သူတွေရဲ့ ချွေးနဲစာနဲ့ ၀ယ်ယူထားရတဲ့ သေနတ်တွေကို ကိုင်ထားတဲ့ စစ်သားတွေက သူတို့ရဲ့ အထက်က ဗိုလ်တွေရဲ့ အမိန့်အရဆိုပြီး မိုးထောင်မပေစ်ဘဲ ပြည်သူတွေကို တည့်တည့်ချိန်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာကြောင်း သွေးချောင်းစီးခဲ့ ရပါတယ်။ ပြီးတော့ နိုင်ငံတော်ကြီးတခုလုံးကို ဒမြတိုက်ပြီး ပြည်သူလူထုရဲ့အာဏာကို စစ်တပ်ကပဲ ပြန်လည်သိမ်းယူသွားခဲ့ပြန်ပါတယ်။ ဒီလိုဆိုရင် သွေးနဲ့ရင်းခဲ့ရတဲ့ ပြည်သူတွေမှာ ဘာများအကျိုးရလဒ်အဖတ်တင်ကျန်ခဲ့ပါသလဲ။

ပြည်သူတွေရလိုက်တဲ့ ပထမဆုံးအကြီးဆုံးရလဒ်ကတော့ နှစ်ပေါင်း အစိတ်လောက် အုပ်ချုပ်လွှမ်းမိုးလာခဲံတဲ့ စစ်ပါတီ တပါတီအာဏာ မဆလအစိုးရကို ဘုန်းဘုန်းလဲပြိုချပြီး မပြန်လမ်းကို ပို့လိုက်နိုင်တဲ့ အောင်ပွဲပါပဲ။ ဆက်လက်ပြီးတော့လဲ ပြည်သူလူထုက အာဏာရှင် ဗိုလ်နေ၀င်း၊ ဗိုလ်စိန်လွင်၊ ဗိုလ်မောင်မောင်ဆိုတဲ့ သမတသုံးယောက်လုံးကို နေ့ချင်းညချင်းဆိုသလို ဆက်တိုက်ငြင်းပယ် ဖြုတ်ချပြီး ပြည်သူ က ရွေးကောက်တင်မြှောက်တာ မဟုတ်သမျှ မလိုချင်ဘူးဆိုတာကို ပြောပြနိုင်ခဲ့ကြလို့ ပြည်သူ့ရွေးကောက်ပွဲကြီးတရပ်ကို မဖြစ်မနေ ကျင်းပပေးခဲ့ရတာပါပဲ။ တဆက်တည်းမှာပဲ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အစရှိတဲ့ နယ်ပယ်အမျိုးမျိုးက လူထုခေါင်းဆောင်သစ်တွေကို အများကြီး ရလိုက်တာပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ ပြည်သူ့ပါတီကြီးတရပ်ကို မွေးဖွားပေးခဲ့တာပါပဲ။

ဒီနေ့ ပြည်သူ့တာဝန်ကတော့ သွေးနဲ့ ရင်းလို့ရခဲ့တဲ့ ရွေးကောက်ပွဲက ရရှိခဲ့တဲ့ ရလဒ်ကို ပြန်လည်ရရှိအောင် တိုက်ပွဲဝင်ဖို့ပါပဲ။ တိုက်ပွဲ ၀င်ကြရာမှာ အကြမ်းနည်းနဲ့ အနုနည်းနဲ့ဆိုပြီး နှစ်နည်းရှိတဲ့အတိုင်း ဘယ်နည်းကို လက်ခံသုံးစွဲကြမလဲ။ လက်နက်ကိုင် ပုန်ကန်တဲ့ နည်းဆိုတဲ့ အကြမ်းဖက်နည်းကို သုံးကြလို့ ပြည်တွင်းစစ်မီးကြီး လောင်မြိုက်ခဲ့တာ နှစ်ပေါင်း (၆၀) ကျော် ကြာခဲ့ပါပြီ။ ခုအခါ အနုနည်းကို သုံးစွဲခဲ့တာက နှစ်ပေါင်း (၂၀) ကျော်ကြာခဲ့ပါပြီ။ တိုက်ပွဲက မပြီးဆုံးသေးပါဘူး။ အာဏာရှင်ဖြုတ်ချရေးအောင်ပွဲတွေခံနေကြတာကတော့ တခြိမ်းခြိမ်းပါပဲ။ အာဏာရှင်ဖြုတ်ချရေး အရေးတော်ပုံတွေရဲ့ နိုင်ငံတကာ သင်ခန်းစာတွေကိုယူပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရမှာကတော့ ယနေ့သမိုင်းပေးတာဝန်ပါပဲ။ အမှန်တရားဟာ ပြည်သူ့ဘက်မှာရှိတာကြောင့် တနေ့မှာ ပြည်သူတွေဘက်က အောင်ပွဲရမှာကတော့ မုချမလွဲပါပဲဆိုတဲ့ စွဲမြဲတဲ့ခံယူချက်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့။

အရေးတော်ပုံအောင်ရမယ်။ ကျနော် မောင်စွမ်းရည်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts