>Unjustly Impriosned Families will send petition to the new regime

>

မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူများအတွက် စာချွန်လွှာတင်မည်
ခင်နှင်းလွင်၊ သြဂုတ် ၁၊ ၂၀၁၁
အကျဉ်းချခံနိုင်ငံရေး မိသားစုများ၏ တွေ့ဆုံပွဲ အစီအစဉ်ကို ဇူလိုင်လ ၃၁ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသား ကိုရဲမြတ်ဟိန်းနေအိမ်တွင် ပြုလုပ်ခဲ့ရာ ထိုတွေ့ဆုံပွဲမှ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူများအတွက် ရှေ့တော်သွင်း စာချွန်တော်ကိုတင်မည်ဟု အန်အယ်ဒီ တရားရုံးချူပ်ရှေ့နေ ဦးအောင်သိန်းမှ ပြောကြားခဲ့သည်။
“၈၈မျိုးဆက်ကျောင်းသား ၉ ဦးရဲ့ မိသားစုဝင်တွေနဲ့ ကျွန်တော်တို့ ရှေ့တော်သွင်း စာချွန်တော်ကို တင်မှာပါ။ ကျွန်တော့်ဘက်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပြင်ဆင်ထားပြီးပါပြီ” ဟု ဦးအောင်သိန်းမှ ပြောကြားခဲ့သည်။
စာချွန်တော် အမိန့်ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်ကြောင့် မဟုတ်ဘဲ အာဏာပိုင်များ၏ အုပ်ချုပ်မှု အာဏာအရ စီရင်ထားသည့် အမှုများကို တရားရုံးချုပ်မှ အာဏာဖြင့် ခေါ်ယူစိစစ် မေးမြန်းခွင့်နှင့် စိစစ်နေသည့်အချိန်တွင် ဆိုင်းငံ့ထားခွင့်များ ဖြစ်သည်။
စာချွန်တော်အမိန့်တွင် ရှေ့တော်သွင်း စာချွန်တော်၊ အမှုခေါ်စာချွန်တော်နှင့် အာဏာပိုင်ပေးစာချွန်တော်၊ အာဏာပိုင်မေးစာချွန်တော် ဟူရှိပြီး ပြစ်မှုဆိုင်ရာ အမှုများနှင့်ပတ်သတ်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် စာချွန်တော်မှာ ရှေ့တော်သွင်း စာချွန်တော်ဖြစ်သည်။ စာချွန်တော် တင်ရာတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော သူများ၏ မိသားစုဝင်တဦးမှ ကျမ်းကျိန်ကာ တရားရုံးတော်ကို လျှောက်ထားရမည်ဖြစ်သည်။ မတရားဖမ်းဆီး ထောင်ချခံထားရကြောင်း ထို လျှောက်လွှာလက်ခံရရှိသောအခါ တရားရုံးတော်မှ ဖမ်းဆီးထားတဲ့ အဖွဲ့အစည်းကို အဆင့်ဆင့် ဆင့်ခေါ်မေးမြန်းကာ ဥပဒေအရ ခိုင်ခိုင်လုံလုံ မပြနိုင်ပါက ဖမ်းဆီးထားသူကို ချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
 

“အရင်ဦးဆုံးတော့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ဦးရဲ့ မိသားစုဝင်တွေကနေ စတင်မယ် ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်တို့လုပ်သင့်တာကိုပဲ လုပ်ရမှာပဲလေ။ အစိုးရသစ်လို့ ပြောတဲ့အတွက် တကယ်အသစ်လား နည်းအဟောင်းတွေပဲသုံးတဲ့ အဟောင်းလားဆိုတာ စောင့်ကြည့်ရမယ်” လို့ ထိုပွဲကိုတက်ရောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားမိသားစု တွေ့ဆုံပွဲကို လစဉ်ကျင်းပလျက်ရှိရာ နောက်လများတွင်လဲ တတ်နိုင်သလောက် ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts