>Mar Mar Aye – 386

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၈၆

မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်
မာမာအေး
ဇူလိုင် ၂၉၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် –

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ –
ကြေးမုံဦးသောင်း ခေါ် စာရေးဆရာ အောင်ဗလရဲ့ စာမူ ‘တ၀ဂူမှ ဂီတ’ ဆိုတဲ့ ၀တ္ထုကို ပြဇာတ်၊ ရုပ်ရှင်၊ သဘင်၊ ဂီတလောက အသီးသီးက သူ့ဇာတ်လမ်းရဲ့ ကျောရိုးကို အရင်းတည်ပြီး ခွဲထွက် ဖန်တီးခဲ့ကြတယ်။ အနုပညာ ဦးဏှောက်ယူကြေး မူပိုင်ခ ဆိုတာလေးကို ပေးတဲ့ဟာကပေး၊ မပေးတဲ့ဟာဆို ဥပဒေနဲ့ အရေးယူမယ်လို့ ညှာသံပေးမှ ပြေးလာကြတာမျိုးဟာ ဖြစ်နေကျလို့တောင် ပြောရမယ် ထင်ပါရဲ့။ သိရက်နဲ့ ဘာမှ မဖြစ်လောက်ဖူးလေး ဘာလေးနဲ့ အိုက်တင်ခံနေကြ၊ အရေးမဆိုဘဲနေခဲ့ကြတာတွေကြောင့်၊ မျက်နှာနာစရာ လူချင်းမဟုတ်တဲ့အခါ ပြဿနာ သူပိုင် ငါပိုင်နဲ့ ငြင်းကြခုန်ကြ မုန်းတီးကြရတဲ့ အဖြစ်တွေ ပေါ်လာနေဦးမှာပါဘဲ။

စာရေးဆရာအတွက်ကတော့ စာမူကိစ္စတွေ ရှင်းလင်းရာမှာ မူပိုင်ဥပဒေ ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ ကိုယ့်လူတွေကသာ အလုပ်လုပ်တဲ့အခါ တိကျတဲ့ အချက်အလက်တွေနဲ့ စာချုပ်ပေချုပ်တွေနဲ့ အသုံးပြုမယ့်သူနဲ့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရမယ့် ကိစ္စကို မလုပ်ကြ မသိမ်းခဲ့ကြတာ ဖြစ်မှာပါ။ လူမှုရေးအရ ”အားနာတယ်” ဆိုတာနဲ့ ဥပဒေပိုင်းကို အားပျော့စေနိုင်တာလဲ ရှိသေးတယ်လေ။

ကြေးမုံဦးသောင်းအမှတ်တရ စာအုပ် အကြောင်း ပြီးသွားလို့ရှိရင် ဂီတအစည်းအရုံးက ထုတ်တဲ့ သက်ကြီး ကန်တော့ခံ ဂီတပညာရှင်များ ကိုယ်ရေးမှတ်တမ်းထဲက အကြောင်း ပြောစရာတွေ တထုပ်ကြီး ရောက်ထားတယ် ဆိုပြီးတော့ ‘ဥပဒေ’ အကြောင်း စောင်းသွားပြန်ပြီလားလို့ မစဉ်းစားနဲပဦး၊ ဒီစာအုပ်ကို ထုတ်ဝေတာက မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ အမှတ်(၂) ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ဆိုတဲ့ လိပ်စာနဲ့ ”အတွင်းရေးမှူး ဒေါက်တာ ကိုကိုလွင်” တဲ့။ မာအေး မကြားခဲ့ရဖူးတဲ့ ဂီတ လူငယ် အသစ်တက်လာသူတွေထဲက ဖြစ်မှာဘဲ။ လူ့အသက်ကို ကယ်တဲ့ M.B.B.S ဒေါက်တာလား၊ ပညာတခု အစုကြီးစုပြီး ဘွဲ့ယူထားတဲ့ Ph.D ဒေါက်တာလား မသိနိုင်ပါလားရှင်။ ဂီတလောကထဲ ၀င်လာဖူးပြီး ဘယ်လို ထူးထူးခြားခြား လမ်းပြ ဆောင်ရွက်သွားနိုင်လို့ အတွင်းရေးမှူးနေရာ ထားကြတာပါလိမ့် လို့ စိတ်ဝင်တစား ဖြစ်ရတာကြောင့် ဥပဒေကြောင်းနဲ့ စဖွင့်လိုက်တာပါ။

ဘာပဲဖြစ်ဖြစ်၊ ဂီတလောကအတွက် အသက်ကယ်မယ့်သား၊ ပညာရှင်ဖြစ်တဲ့သားတယောက် ရောက်လာတာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါဘဲရှင်။ သူဟာ ဂီတအဖွဲ့အစည်းကို စနစ်တကျ ဦးဆောင် ပညာပေးလဲ လုပ်ရမှာ ဆိုတော့ – ဒီလောကထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာမျိုး သိဘို့ ကျိုးစားရမှာဘဲ – သူလဲ ဂီတ၀ါသနာရှင် ဆိုရင် ချစ်ဆွေတို့လိုဘဲ မာအေးပြောနေတာတွေကို နားထောင်ဖြစ်မှာဘဲဟာ၊ ဗဟုသုတ ကြုံသမျှ – ပြောမှဖြစ်မှာပေါ့နော်၊ မာအေးလဲ (၁၉၆၃) ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ခေတ်ပေါ်တေးဂီတကောင်စီက စပြီးတော့ အမှုဆောင်ထဲမှာ ပါဝင် လုပ်အားပေးခဲ့တယ်။ ”၈၈” အရေးတော်ပုံကြားမှာလဲ ယာယီ ဂီတရေးရာအဖွဲ့ရဲ့ အမှုဆောင်ပါဘဲ။

(၁၉၈၉၊ ၉၀) ခုနှစ်လောက်မှာ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရက နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းထားရာက အသစ်ပြန်မှတ်ပုံတင်ခွင့် – ဖွင့်ပေးလာပါတယ်။ စစ်အစိုးရလို့ ပြောတာက ဘက်လိုက်တာမျိုး မဟုတ်ဖူးရှင့်။ စင်ပေါ်က အုပ်ချုပ်နေတဲ့ အဖွဲ့ရဲ့ နာမည်ကို ခဏခဏ ပြောင်းတာ – ဘယ်နှစ်ခါလဲမှ မသိဘဲ၊ အာဏာသိမ်းတက်လာတာ တပ်က ဆိုတော့ စစ်အစိုးရခေါ်ဖြစ်သွာတာပါ၊ မမှားဘူးထင်ပါတယ်။

အဲဒီလို အဖွဲ့အစည်းတွေ တင်ကြတော့ စစ်ကိုင်းလှရွှေနဲ့ မဟာဂီတအုပ်စုကတဖွဲ့၊ လွှမ်းမိုးတို့လို စတီရီယိုအုပ်စုက တဖွဲ့ နဲ့ စန္ဒရားလှထွတ်ကို ဥက္ကဋ္ဌတင်ပြီး မဟာဂီတနဲ့ စတီရီယိုပိုင်းက တချို့ပါ စုစည်းတင်လိုက်တဲ့ ”မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်” တဖွဲ့၊ နောက် – လမ်းစဉ်ပါတီပျက်သုဉ်းသွားလို့ ပြည်ဖုံးကားချလိုက်ရတဲ့ – မြန်မာနိုင်ငံဂီတကောင်စီကလဲ တ-စ-ည အဖွဲ့ နောက်ခံ ရှိတော့ မှတ်ပုံတင်ခွင့် လျှောက်သေးတယ် ထင်ပါတယ်။ အဲဒီမှာ ”မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်” ကို ခွင့်ပြုခဲ့ပါတယ်၊ ဒီအဖွဲ့မှာ မာအေးက အတွင်းရေးမှူး (၁) တာဝန် ယူခဲ့ပါတယ်။

မာအေး ဂီတအဖွဲ့အစည်းကိစ္စတွေ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အချိန်မှာ ဥက္ကဋ္ဌတွေကတော့ အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ဂီတစာဆို ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ မြတ်လေး၊ ဂီတလုင်မောင်ကိုကို၊ ဂီတစာဆိုကိုလေးလွင်၊ ဂီတစာဆိုကိုလွင်မြင့်၊ ဂီတစာဆို ပြဇာတ်ဝိဇ္ဇာ ဘိုကလေးတင့်အောင် တို့ ဖြစ်ပါတယ်။

အလင်္ကာကျော်စွာ ရွှေပြည်အေး နဲ့ ဂီတလုင်မောင်ကိုကိုတို့ ဥက္ကဋ္ဌတွေဖြစ်ပြီး လူလတ်ပိုင်း ဂီပညာရှင် နာမည်ကျော်တွေ ၀ိုင်းဝန်းဆောင်ရွက်ခဲ့နိုင်တဲ့အခါက ကူညီလုပ်ဆောင်ပေးရတာ နိုင်နင်း တိကျ ပျော်စရာရှိ ပျော်ကြရပါတယ်။ ကိုလေးလွင်တို့အုပ်စု အဖွဲ့မှာ တက်လာတဲ့အခါ မညီမညွတ်တာလေးတွေ ကြားရှိလာတယ်။ အထူးသဖြင့်ကတော့ ဥက္ကဋ္ဌမှာ ကားမရှိတော့ အငှားကားခ နှိပ်စက်တယ်ပေါ့လေ။ မာအေးတို့တတွေ စထုတ်ထားတဲ့ ဂီတပဒေသာ မဂ္ဂဇင်းတောင် လှုပ်ခါလှည့်ကာ ဖြစ်လာတယ်လို့ ပြောကြတယ်။ ဂီတကောင်စီအဆောက်အဦးနေရာဟာလဲ ဂေါ်ဒွင်လမ်း ယဉ်ကျေးမှုရိပ်မြုံမှာ မဟုတ်တော့ဘဲ ကီလီလမ်းက ဂိုဒေါင်ကြီးထဲ ရောက်သွားခဲ့တော့တယ်။

စည်စည်ပင်ပင် လှုပ်ရှားနိုင်ကြစဉ်ကတော့ – နိုင်ငံတော်ပွဲတွေဝင်၊ နိုင်ငံတော်ကခိုင်းတယ်ဆိုတာ မှန်သမျှ ဂီတကောင်စီက ၀င်ပါခဲ့ရပါတယ်။ ဂီတသမားဖက်ကတော့ ပြည်သူ့မေတ္တာ ရဘို့ ကိုယ့်မှာရှိတဲ့အသံ၊ ကိုယ်မွေးထားတဲ့အားကို လုပ်အား အပြည့် ဖြည့်ဆည်းပေးခဲ့တာပါဘဲ။

ပရိဿဒ်ကပေးတဲ့ မေတ္တာလက်ခုပ်သံဟာ မာအေးတို့အတွက် အားဆေးလို့ ယူဆ ၀င်ပါကြတာက အများစုပါရှင်။ ဂီတအစည်းအရုံး မပေါ်ပေါက်မီ၊ မာအေးတို့ ”မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်” အမည်နဲ့ ဂီတရေးတွေ ဆောင်ရွက်ခွင့်ရတဲ့အခါမှာ၊ အရင်ဆုံး အစိုးရပိုင်းက သက်ဆိုင်ရာအဖွဲ့တစုနဲ့ ‘၈၈’ အရေးအခင်းမှာ ပါဝင်တဲ့ နာမည်ကျော်အဆိုတော် (၁၁)ဦးကို အခွေထုတ်ခွင့်၊ ဖျော်ဖြေခွင့် ပိတ်ပင်ထားတဲ့ကိစ္စနဲ့ မူပိုင်ခွင့်ကိစ္စကို သွားပြီး ဆွေးနွေး ဖြေရှင်ပေးခဲ့ရပါတယ်။ ဆွေးနွေးဘို့ (၃)ဦးသာ ခွင့်ပြုခဲ့တာမို့ ဥက္ကဋ္ဌ စန္ဒရားလှထွတ်၊ အထွေထွေအတွင်းရေးမှူး အဆိုတော် မောင်မောင်ကြီး နဲ့ အတွင်းရေးမှူး (၁) မာအေးတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဘာတွေလဲ ဆိုတာ နောက်တပါတ်မှ ဆက်ပြောတာပေါ့နော်။


BBC www.bbc.co.uk/burmese ၏ အသံလွှင့်ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts