>July 22th, 2011 – A & Q with Suu

>

လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်

ဇူလိုင် ၂၂၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်


မေးသူ ။ ။ ကိုအောင်အောင် (အမေရိကန်နိုင်ငံ)

မေးခွန်း ။ ။ မင်္ဂလာပါ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ။ အခုတလောမှာပေါ့နော်။ ဒီ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာ သံရုံးက သံမှူးကြီးဦးကျော်ဝင်းနဲ့ ပထမအတွင်းဝန် ဦးစိုးအောင်တို့ဟာဆိုလို့ရှိရင် အခုအချိန်မှာ အမေရိကန်နိုင်ငံ မှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလိုက်တာ တွေ့ရပါတယ်ခင်ဗျာ။ ပြီးတော့ သံမှူးကြီး ဦးကျော်ဝင်းအနေနဲ့ မြန်မာ နိုင်ငံမှာ ဒီရွေးကောက်ပွဲလုပ်ပြီးသွားတာမှန်ပေမယ့် ဦးသိန်းစိန်အစိုးရဆိုလို့ရှိရင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ အရေး ဖော်ဆောင်မယ့်အရိပ်အရောင်တွေ မတွေ့ရသေးပါဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ သူ့အနေနဲ့ ဒီမြန်မာ အစိုးရပေါ်မှာ ယုံကြည်မှုလုံးဝမရှိတော့တာဖြစ်လို့ အခုလို အမေရိကန် နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းလိုက် တာလို့ သူကပြောပါတယ်ခင်ဗျာ့။ သံမှူးကြီး ဦးကျော်ဝင်းရဲ့ခံယူချက်ပေါ်မှာပေါ့နော်။ ဒေါ်အောင်ဆန်း စုကြည်အ နေနဲ့ ဘယ်လိုမျိုးများမြင်ပါသလဲခင်ဗျာ။ နောက်ပြီးတော့ ဒီမြန်မာသံတမန်တွေဟာ နိုင်ငံခြားမှာ အခုလိုနိုင်ငံရေးခို လှုံခွင့်တောင်းခံနေကြတာနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုမြင်ပါသလဲဆိုတာကို သိပါရစေခင်ဗျာ့။ ကျေးဇူးအ များကြီး တင်ပါတယ်ခင်ဗျာ။


အဖြေ ။ ။ ဦးကျော်ဝင်းက မိမိရဲ့ယုံကြည်ချက်အရလုပ်တာကို ကျမဝေဖန်စရာမရှိပါဘူး။ ဒီမိုကရေစီကျင့်သုံး တဲ့နိုင်ငံတွေက သံတမန်တွေတော့ အခြားနိုင်ငံမှာ နိုင်ငံရေးခိုလှုံမှုတောင်းတယ်ရယ်လို့ မကြားဖူးပါဘူး။ မြန်မာ နိုင်ငံမှာလည်း စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့အခါမှာ ကျမတို့သံတမန်တွေ အခြားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တွေ တောင်းတော့မယ်လို့ မထင်ပါ ဘူး။

…. ….. ….


မေးသူ ။ ။ ကိုလင်းအောင် (အမေရိကန်နိုင်ငံ)

မေးခွန်း ။ ။ မင်္ဂလာပါ အန်တီစုခင်ဗျာ့။ နေအိမ်အကျယ်ချုပ်ခံခဲ့ရတဲ့ကာလတွေအပါအဝင် (၇) နှစ်ကျော် (၈) နှစ်ကာလအတွင်းမှာ အခုနယ်ခရီးစဉ်ဖြစ်တဲ့ ပုဂံ-ညောင်ဦးခရီးကို ပထမဦးဆုံးအကြိမ်သွားရောက်ခဲ့တဲ့အန်တီရဲ့ စိတ်ခံစားမှုလေးကို သိခွင့်ရမယ်ဆိုရင် ကျနော်တို့တွေလည်း သိချင်ပါတယ်ခင်ဗျာ့။ နောက်တချက်က ဒီခရီးစဉ် နဲ့ပတ်သက်ပြီးတော့ အန်တီအနေနဲ့ ဘာတွေများပြောပြချင်စရာ ရှိပါသလဲဆိုတာကို ပြောပြပါလားခင်ဗျာ။


အဖြေ ။ ။ ပုဂံ-ညောင်ဦးခရီးစဉ်မှာ အဓိကတွေ့ရှိခံစားခဲ့ရတာကတော့ အန်တီတို့ရဲ့နိုင်ငံ မိုးခေါင်ရေရှားဒေသက ပြည်သူတွေ ဘယ်လောက် ပင်ပင်ပန်းပန်း ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရတယ်ဆိုတာပါပဲ။ နောက် ပြီးတော့ အဲဒီဒေသကို စိမ်းလန်းစိုပြေအောင်လုပ်ဖို့ ဘယ်လောက်လိုနေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေအပြင် ပုဂံမှာဘုရားဖူးခဲ့ရတာတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတခုလည်း ကျင်းပပြီးပြီမို့ ကိုလင်း အောင်တို့လည်း အခုဆိုလို့ရှိရင် ကြားသိကြပြီးပြီလို့ထင်ပါတယ်။ နောင်မှာတော့ ခရီးစဉ်နဲ့ပတ်သက်လို့ ဆောင်း ပါးတပုဒ်လောက်တော့ရေးမယ်လို့ ရည်ရွယ်ထားပါတယ်။

…. ….. ….


မေးသူ ။ ။ မမေလီအောင် (ကချင်ပြည်နယ်)

မေးခွန်း ။ ။ ဟုတ်ကဲ့ အန်တီစု။ ကျမ မမေလီအောင်ပါ။ ဒီတရုတ်နယ်စပ်မှာ ကချင်ဒုက္ခသည်တွေကို ကူညီ စောင့်ရှောက်နေတဲ့သူတယာက်ပါ။ ကျမတို့ဒီ တရုတ်နယ်စပ်တ်လျှောက်မှာ ပြီးခဲ့တဲ့ ဇွန်လ (၉) ရက်နောက် ပိုင်း ကစပြီးတော့ ဖြစ်တဲ့တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ဘက်ကို စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးလာတာတွေ ရှိတယ်။ ထွက်ပြေးလာတဲ့လူတွေက အခု ကိုယ့်ရပ်ကိုယ်ရွာကိုလည်း ပြန်လို့မရကြဘူး။ မပြန်ရဲကြဘူး။ အဲလိုမျိုး ဖြစ်နေလို့ ကျမတို့ ပြည်ပမှာရောက်နေတဲ့ ကချင်အသိုင်းအဝိုင်းပေါ့။ ဒါတွေကတော့ ကိုယ်တတ်နိုင် သလောက် တော့ ဝိုင်းဝန်းပြီးတော့ ကူညီစောင့်ရှောက်နေပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးမှကြာလာရင်တော့ ကျမတို့မှာ မ တတ်နိုင်တော့ဘူး။ ပြီးတော့ နိုင်ငံခြားမှာရောက်နေတဲ့ ကချင်အသိုင်းအဝိုင်းအစုတွေကလည်း ကုလသမဂ္ဂကို တောင်းဆိုတာတွေ ဘာတွေရှိတယ်။ လာပြီးတော့ကူဖို့။ ဒါပေမယ့် ခုထက်ထိတော့ ဘယ်အဖွဲ့အစည်းမှ ဒီနယ်စပ် တလျှောက်ကိုရောက်လာတာမရှိသေးဘူး။ ဆိုတော့ ကျမတို့ကို ကူညီနိုင်မယ့်နည်းလမ်းတွေ ပြီးတော့ကူညီနိုင် မယ့်သူတွေကိုပြောပေးဖို့နဲ့ အန်တီစုဆီ လည်း ကျမတို့ တ်ခုခုအဖြေကို ကျမတို့ကြားသိချင်တယ်ရှင့်။


အဖြေ ။ ။ ကချင်ပြည်နယ်က ထွက်ပြေးသွားရတဲ့ဒုက္ခသည်တွေရဲ့အခက်ခဲတွေ အကြောင်းကြားရလို့ စိတ်မ ကောင်းပါဘူး။ မမေလီအောင်ပြောကြားချက်ကိုအခြေခံပြီး သင့်တော်မယ်ထင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေ ကို ဒုက္ခသည်တွေရဲ့အခြေအနေသက်သာစေဖို့အတွက် အမြန်ဆုံးပြောပေးပါ့မယ်။ ပြည်ပရောက် ကချင်တိုင်းရင်း သားများက ကိုယ့်နိုင်ငံမှာကျန်ရစ်ခဲ့တဲ့သူတွေနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို မမေ့မလျော့ကူညီပေးနေကြတာကို သိရလို့ အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူပါတယ်။

…. ….. ….


မေးသူ ။ ။ မယဉ်းဟန်ဖ (ထိုင်းနိုင်ငံ)

မေးခွန်း။ ။ မင်္ဂလာပါ အန်တီစု။ ကျမနာမည် ယဉ်းဟန်ဖပါ။ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ရှမ်းအမျိုးသမီးတဦး ပါရှင့်။ ကျမတစ်ခုမေးချင်တာကတော့ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်တတ်လာတဲ့အချိန်မှာ သူဟာ ဒီမိုကရေ စီအစိုးရဖြစ်အောင်လုပ်ဆောင်သွားမယ်၊ နောက်ပြီးတော့ ပြန်လည်သင့်မြတ်ရေးအတွက် အလုပ် လုပ်ဆောင် သွားမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အခုပြောတဲ့အတိုင်း လက်တွေ့မှာမဟုတ်ဘူးပေါ့နော်။ နိုင်ငံတကာမှာတော့ သူက အဲလိုမျိုးပြောခဲ့ပေမယ့် လက်ရှိအခြေအနေမှာ အခုဆိုလို့ရှိရင် ကျမတို့ရှမ်းပြည်မှာ ကချင်ပြည်မှာ နောက် ပြီးတော့ တိုင်းရင်းသားနယ်မြေတွေထဲမှာ တိုက်ပွဲတွေ ဆက်တိုက် ဆက်တိုက်ဖြစ်နေတယ်။ ပြည်သူလူထုတွေ လည်း ဒုက္ခတအားရောက်နေတယ်။ ဒုက္ခသည်တွေအများကြီးပဲ တောထဲမှာ ခိုလှုံနေရတယ်ပေါ့နော်။ အဲဒါ ကြောင့် အခုဒီိလို တိုက်ပွဲတွေ မရပ်မနားဖြစ်နေတာကို ဦးသိန်းစိန်ကြောင့်ဖြစ်တာလား။ ဒါမှမဟုတ် ဦးသိန်းစိန်ရဲ့ နောက် ကွယ်ကလူတွေရဲ့ကြောင့်လားပေါ့နော်။ ဒီလိုအခြေအနေဖြစ်ရတာ ဘာကြောင့်လဲဆိုတာ အန်တီစုအနေ နဲ့ ဘယ်လိုမြင်လဲ။ ကျမတို့သိချင်တယ်လေ။


အဖြေ ။ ။ အန်တီက လက်ရှိအစိုးရရဲ့အတွင်းရေးတွေကိုမသိတာကြောင့် ဘယ်သူတွေ ဘယ်လို ဆုံးဖြတ်တယ် ဆိုတာ မပြောနိုင်ပါဘူး။ ပြောနိုင်တာကတော့ ဘယ်သူပဲဆုံးဖြတ်ဆုံးဖြတ် ပြည်သူတွေကိုမထိခိုက် မနစ်နာစေ မယ့် ဆုံးဖြတ်ချက်တွေဖြစ်ဖို့က အရေးကြီးပါတယ်။ အန်တီတို့နိုင်ငံမှာ လွတ်လပ်ရေးရကတည်းက ပြည်တွင်း စစ်မီး လုံးဝငြိမ်းတယ်ဆိုတာ တခါမှမရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ နိုင်ငံတနိုင်ငံ တကယ်တိုးတက်ဖို့ဆိုတာ လည်းမဖြစ်နိုင်ပါဘူး။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပြည်တွင်းပဋိပက္ခတွေကို နိုင်ငံရေး နည်း နဲ့သာ ဖြေရှင်းဖို့တောင်းဆိုနေတာ ဖြစ်ပါတယ်။

…. ….. ….


မေးသူ ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူနိုင်ငံ)

မေးခွန်း ။ ။ ဒေါ်စု ခင်ဗျာ့။ ကျနော်ကတော့ တင်မောင်ဝင်းပါ။ ကျနော် အခုတွေ့နေရတာက ဒီဦးသိန်းစိန်ရဲ့ အစိုးရကို အခုရက်ပေါင်း ၁၀၀ ရှိတဲ့အခါမှာ မကျေမနပ်နဲ့ ပြောဆိုဝေဖန်မှုတွေကို တွေ့နေရပါတယ်။ သူတို့ကို နည်းနည်းလေးများ အချိန်ပေးပြီးတော့စောင့်ကြည့်ပြီးတော့မှ ဝေဖန်မှုတွေပြုလုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ သင့်တော်မလားလို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ်လိုများထင်ပါသလဲခင်ဗျာ့။ နောက်တခု ကတော့ ကျနော်တို့ ဒီပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့လည်း ဒီ NLD ရဲ့ ပါတီရပ်တည်မှုနဲ့ပတ်သက်ပြီး တော့ အမိန့်ကြော်ငြာစာတွေဘာတွေ ထုတ်နေတာကို တွေ့နေရပါတယ်။ နောက်တခါ ဒေါ်စုအနေနဲ့ကလည်း လွတ်မြောက်လာပြီးတဲ့အခါမှာဆိုလို့ရှိရင် NLD ရဲ့ စည်းရုံးရေးအင်အား၊ နောက် နိုင်ငံတကာကနေပြီးတော့ NLD အပေါ်မှာထားရှိတဲ့သဘောထားတွေက အင်မတန်မှကို တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုအနေနဲ့ ခရီးထွက်ခဲ့တယ်ဆိုလို့ရှိရင် အစိုးရနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးတော့ အခုလို တိုးတတ်မှုတွေ ရရှိနေတဲ့အခြေအနေတွေများ ဆုံးရှုံးနေမလားလို့ ကျနော်တို့ယူဆမိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ် လိုများ သဘောထားပါသလဲခင်ဗျာ့။


အဖြေ ။ ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့်အဝေဖန်ခံဖို့ အဆင် သင့် ဖြစ်ရမှာပါ။ ရက် ၁၀၀ ပဲဖြစ်ဖြစ်၊ ၁၀ ရက်ပဲဖြစ်ဖြစ်၊ ရက် ၁၀၀၀ ပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ ဝေဖန်ချက် တွေကို ရင်ဆိုင်ရမှာ ဒီမိုကရေစီရဲ့သဘောတရားပါပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အများရဲ့ဝေဖန်သုံးသပ် ပိုင်ခွင့်ကို လက်ခံရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း မိမိကိုယ်ကို ခုခံပြောဆိုပိုင်ခွင့်တွေက ရှိပြီးသားမဟုတ် လား။ ကျမအနေနဲ့ နိုင်ငံရေးအလုပ်သဘောတရားအရ သင့်တင့် သလို ခရီးထွက်တာဟာ တာဝန်တခုဖြစ်သလို၊ လုပ်ပိုင်ခွင့်တခုလည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘယ်သူနဲ့မှ ထိပ်တိုက်ရင်ဆိုင်ချင်လို့လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကိုကိုကို တွေ့ဆုံးပြီး ညှိနှိုင်းဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

…. ….. ….


မေးသူ ။ ။ ကိုအောင်ဆန်း (ကမ္ဘောဒီးယားနိုင်ငံ)

မေးခွန်း။ ။ အမေစု ခင်ဗျာ။ အမေစု လွတ်မြောက်လာတာနဲ့ပတ်သက်ပြီးတော့ ဂုဏ်ယူဝမ်းမြောက် ကြောင်းပြော ပါရစေ။ ကျနော်ကတော့ အောင်ဆန်းပါ။ ကမ္ဘောဒီးယားမှာနေပါတယ်။ အမေစု မြန်မာပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်ဆိုတာ ကျနော်တို့ ငြင်းမရတဲ့အချက်ပါပဲ။ ဒါပေမယ့် အမေစုရဲ့နောက်မှာ ဆက်ခံ မယ့် အမေစုလိုမျိုး ပြည်သူကို မေတ္တာထားနိုင်မှု၊ ဦးဆောင်ပေးနိုင်တဲ့ နိုင်ငံရေးအတွေးအခေါ်၊ နောက်ပြီးတော့ ကမ္ဘာနဲ့ဆက်ဆံရေး စတဲ့ အရေးကြီးနိုင်ငံရေး ကိစ္စရပ်တွေ လုပ်ဆောင်ပေးရုံမကဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စတွေကိုပါ ဦးဆောင်မှုပေးနိုင်မယ့် အမေစုနောက်မှာ ဆက်ခံမယ့်ခေါင်းဆောင် ကျနော်တို့ ပြည်သူက လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ အမေစုတို့ NLD ပါတီအနေနဲ့ နောင်တတ်လာမယ့်ခေါင်းဆောင်ကို ပြည်သူတွေနဲ့ ဘယ်လိုမျိုးမိတ်ဆက်ပေးဖို့ စီစဉ်ထားလဲဆိုတာကို သိပါရစေ။


အဖြေ ။ ။ အများလက်ခံတဲ့ ခေါင်းဆောင်ဆိုတာ အဖွဲ့အစည်းတစ်ခုက ရာထူးဆက်ခံရေးစနစ်နဲ့ ဖော်ထုတ်ပေး လို့ မရပါဘူး။ တတ်နိုင်တလောက် လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေ အရည်အချင်းပြည့်လာအောင် ကြိုးစားပြီးတော့၊ ပံ့ပိုးပေးနေပြီးတော့ ဒီမျိုးဆက်သစ်တွေထဲကနေပြီးတော့ ခေါင်းဆောင်တယောက်သာမက ခေါင်းဆောင်များ စွာ ထွက်ပေါ်လာဖို့ ရည်ရွယ်ပါတယ်။ အဓိကကတော့ မိမိကိုယ်တိုင် တာဝန်သိစိတ် ပညာ၊ ဗဟုသုတ၊ ဇွဲဝီရိယတို့ကို လေ့ကျင့်ယူရမှာပါ။ ပတ်ဝန်းကျင်အခြေအနေက အထောက်အကူမျှသာ ဖြစ်ပါတယ်။


(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts