>Ashin Pyinnyar Nanda – Help Support Baydar Institute

>

ဗေဒါအင်စတီကျုကို ကယ်တင်ကြပါ
အရှင်ပညာနန္ဒ
ဇူလိုင် ၂၄၊ ၂၀၁၁
ရန်ကုန်မြို့မှာ အခမဲ့ပညာသင်ကြားပေးနေတဲ့ ဗေဒါအင်စတီကျုကျောင်းဟာ ရန်ပုံငွေအခက်အခဲကြောင့် ဆက်ဖွင့်ဘို့ အခက်အခဲဖြစ်နေတယ်ဆိုတာ ကြားသိရလို့ စိတ်မကောင်းဖြစ်မိပါတယ်။
ဒီကျောင်းကနေ လူငယ်တွေအတွက် သမိုင်း နိုင်ငံရေးသိပံ္ပ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာဖြစ်လို့ ကျောင်းရပ်ဆိုင်းသွားမှာကို တာဝန်ရှိသူတွေအနေနဲ့ လိုလားမှာ မဟုတ်သလို ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ၀မ်းနည်းပက်လက်ဖြစ်နေကြမှာပါ။ တကယ်တော့ ဒီကျောင်းလေးဟာ အာဏာပိုင်တွေ ဖိအားပေး နှောင့်ယှက်နေတဲ့ကြားထဲက ကြံ့ကြံ့ခံ ရပ်တည်နိုင်အောင် ကြိုးစားရုန်းကန်ရင်း လိမ်ဖယ်လိမ်ဖယ် သွားနေရတာပါ။
အဲဒီလို အခက်အခဲတွေကြားကနေ လူငယ်တွေကို ရှားရှားပါးပါးပညာတွေ သင်ကြားပေးနေတဲ့ ဒီကျောင်းလေး ပြိုကျပျက်စီးသွားမှာကို မလိုလားတာကြောင့် ကျောင်းလေး ဆက်လက်ရပ်တည်နိုင်ဘို့ မိမိ စွမ်းနိုင်သမျှ လုပ်ဆောင်ပေးဖို့ သန္နိဋ္ဌာန် ချလိုက်သလို ဒီကျောင်းလေးရဲ့သမိုင်းလေးနဲ့ လုပ်ဆောင်ချက်တွေကို အများသိနိုင်ဖို့ ထပ်ဆင့်ဝေငှလိုက်ပါတယ်။
ဗေဒါသင်တန်းကျောင်းကို နိုဝင်ဘာ (၂၀) ရက် ၂၀၁၀ရွေးကောက်ပွဲအပြီးနဲ့  ဒေါ်အောင်းဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း အနာဂတ်လူငယ်များရဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးဖို နဲ့ လူငယ်များကိုအခြေခံပြီး နိုင်ငံရေးနဲ့ပက်သက်တဲ့ အသိပညာ ဗဟုသုတတိုးပွားဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။
ဒီကျောင်းလေး စဖွင့်တော့ မူလရှိခဲ့တဲ့နေရာမှာ ၁၂ပေ ၁၆ ပေ အခန်းလေးကို ငှားပြီး ဖွင့်လှစ်ခဲ့ရပါတယ်။ အဲဒီမှာကျောင်းစဖွင့်လို့ မကြာခင်မှာပဲ အိမ်ရှင်ကို အိမ်မငှားဖို့ အာဏာပိုင်တွေက ဖိအားပေး ခြိမ်းခြောက်တဲ့အတွက် နောက်လိပ်စာတခုကို ပြောင်းရွေ့ခဲ့ရပါတယ်။ ခုဆိုရင် ကျောင်းလေးရဲ့ သက်တမ်းဟာ   (၉) လ နီးပါး ရှိခဲ့ပါပြီ။ ကျောင်းစဖွင့်တဲ့ သက်တမ်းကာလအတွင်းမှာ အပတ်စဉ် (၆) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဘာသာရပ် (၁၁) မျိုး သင်ကြားပို့ချပေးခဲ့တာ တွေ့ရပါတယ်။ ခု ခုနှစ်ကြိမ်မြောက် မှာတော့ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အဆင်ပြေရင်တော့ ဆက်လက်ဖွင့်နေအုံးမှာပါ။ ဆက်ပြီး ဖွင့်ဖြစ်ခဲ့ရင်တော့ အဌမအပတ်စဉ် က စပြီး န၀မ အပတ်စဉ် သင်တန်းကာလကို (၂) လ သတ်မှတ်ထားပြီး နာရီအားဖြင့် (၇၀၀) ကျော် ကြာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်ကြားပေးမယ့်ဘာသာရပ်တွေကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သမိုင်း စတဲ့ ဘာသာရပ် (၂၁) မျိုးကို သင်ကြားပေးမှာဖြစ်ပါတယ်။
သင်ကြားပေးရတဲ့ ရည်ရွယ်ချက်ကတော့
၁။ ပညာလူ့အဖွဲ့အစည်း တည်ဆောက်ရန်၊
၂။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရန်၊
၃။ အမှန်တရားကို သိရှိနားလည်တဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းတွေ ပေါ်ထွက်လာစေရန်တို့ ဖြစ်ပါတယ်။
အဲဒီလို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ စေတနာ့ဝန်ထမ်းတွေက ကြိုးစားလုပ်ဆောင်နေပေမယ့် အာဏာပိုင်ဆိုသူတွေက နည်းမျိုးစုံနဲ့ လိုက်လံ နှောင့်ယှက်နေတာတွေဟာ တကယ့်ကို အောက်တမ်းကျပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေပါ။ ပြည်သူကို အသိပညာ အတတ်ပညာပေးတဲ့ လုပ်ငန်းတွေကို ကိုယ်တိုင်လည်းမလုပ် ၊သူများလုပ်တာလည်းမကြိုက်တဲ့သူဆိုလို့  ကမ္ဘာမှာ ဦးသိန်းစိန် စစ်အစိုးရပဲ ရှိမှာပါ။
ဒီနေရာမှာ ငါးရားငါးဆယ်ဇာတ်တော်ထဲက အာရာမဒူသက ဇာတ်တော်ကို သတိရမိပါတယ်။
ဇာတ်တော်က ဒီလိုပါ။
ဗာရာဏသီပြည်မှာ ဥယျာဉ်စောင့်တယောက်က နက္ခတ်ပွဲလမ်းသဘင် သွားကြည့်ချင်လို့ ဥယျာဉ်ထဲမှာနေတဲ့ မျောက်တွေကို သူ့ကိုယ်စား သစ်ပင်ရေလောင်း ခိုင်းပါတယ်။ မျောက်ခေါင်းဆောင်က သူ့တပည့်ငယ်သားတွေ ကိုပြောတယ်။
“ရေဆိုတာ တန်ဖိုး ရှိတယ် အလကားမဖြုန်းတီးကြနဲ့၊  ဘယ်သစ်ပင် ရေဘယ်လောက် လောင်းရမယ်ဆိုတာ သစ်ပင်အမြစ်ကို နှုတ်ကြည့်ကြ၊ အမြစ်တိုတဲ့အပင်ကို ရေနည်းနည်းလောင်းပြီး၊ အမြစ်ရှည်တဲ့အပင်ကို ရေများများလောင်း …”
ဖို့ညွန်ကြားပါတယ်။ လက်အောက်ငယ်သား မျောက်တွေလည်း ဆရာကြီးခိုင်းတဲ့အတိုင်း သစ်ပင်အမြစ်တွေ နှုတ်ကြည့်ပြီး ရေလောင်းကြပါတယ်။ မျောက်တွေ သစ်ပင်တွေနှုတ်ပြီး ရေလောင်းနေတာကို ဘုရားအလောင်းပညာရှိက တွေ့လို့ ဘာကြောင့်သစ်ပင်တွေကို နှုတ်ပြီး ရေလောင်းနေကြတာလည်းလို့ မေးကြည့်ပါတယ်။
သူတို့လည်း မသိဘူး … ခေါင်းဆောင်မျောက်ကြီးက အဲဒီလိုလုပ်ရမယ်ဆိုလို့ လုပ်နေတဲ့အကြောင်း ပြန်ဖြေပါတယ်။ မျောက်တွေ အဖြေကိုကြားတော့ ဘုရားအလောင်း ပညာရှိကြီးက ပြောပါတယ်။
အို …   လူမိုက်တို့ (မျောက်မိုက်တို့ )
ပညာမရှိတဲ့သူတွေဟာ သူတပါးအကျိုးစီးပွားဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်တော့ လုပ်တာပါပဲ တဲ့။ ဒါပေမဲ့ အကျိုးရှိတဲ့လုပ်ငန်းတွေကို အကျိုးရှိအောင်မလုပ်တတ်တာကြောင့် ဘယ်သူမှ အကျိုးမဖြစ်တဲ့အပြင် အခြားသူတွေ ပိုပြီးဒုက္ခရောက်တတ်တဲ့အကြောင်း၊ လူမိုက်တွေဟာ အကျိုးရှိတဲ့လုပ်ငန်းတွေကို မလုပ်နိုင်ကြောင်းနဲ့ အကျိုးမဲ့အလုပ်တွေကိုသာလုပ်ဖို့ ကျွမ်းကျင်ကြကြောင်း ဟောပြပါတယ်။
စစ်အစိုးရအဆက်ဆက်ကို ကြည့်လိုက်ရင် မျောက်တွေ သစ်ပင်ရေလောင်းနေတာနဲ့ တူနေတာကို တွေ့ရပါတယ်။ အကျိုးရှိတဲ့အလုပ်တွေကို သူတို့လည်း မလုပ်သလို သူတပါးလုပ်တာတွေကိုလည်း ပျက်စီးအောင် ဖျက်ဆီးနေတာတွေကို ကြည့်ရင် လူမိုက်တွေဖြစ်နေတာ ထင်ရှားပါတယ်။
ဘာဘဲဖြစ်ဖြစ် လူမိုက်တွေ အနှောင့်အယှက်ပေးနေတဲ့ကြားထဲက ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေတဲ့ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့စေတနာကတော့ တကယ့်ကို လေးစားစရာ၊ အားကျစရာ အတုယူစရာပါ။ သူတို့လုပ်ဆောင်ချက်တွေ အဆင်ပြေအောင်ပံ့ပိုးပေးဖို့ ပြည်တွင်း ပြည်ပမှာ ရှိနေကြသူတွေက တတတ်တအား ပါဝင်ကူညီကြမယ်ဆိုရင်တော့ ကျောင်းလေးက ဆက်လက် ရပ်တည်နေအုံးမှာ ဖြစ်လို့ စေတနာရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။ ။
အရှင်ပညာနန္ဒ   (ဂျူလိုင်၊ ၁၀၊ ၂၀၁၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts