>Kyaw Thu – FFSS Yangon Activity (14th July 2011)

>

 
 သေမင်းမှတ်တိုင်
ကျော်သူ
ဇူလိုင် ၁၉၊ ၂၀၁၁
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ မောင်ဖြစ်သူ ဦးဝင်းမြင့် အသက် (၅၆)နှစ်သည် ၁၂.၇.၂၀၁၁ (အင်္ဂါ)နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီး ၁၄.၇.၂၀၁၁ (ကြာသပတေးနေ့) ညနေ (၄း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသဂြိုလ်ခြင်း အခမ်းအနားကို စည်ကားစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 
ဒေါ်သန်းမြင့်အောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး၊ သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအပြင် အနာကြီးရောဂါ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လူငယ်ပြုပြင်ရေးလုပ်ငန်းရပ်များကို စွမ်းစွမ်းတမံလုပ်ဆောင်ပေးနေသော ပရဟိတမိခင်တဦး ဖြစ်သည်နှင့်အညီ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ ကျိုက်ထိုမြို့နယ် နယ်ခံမြို့မိမြို့ဖ မိတ်ဆွေ သူငယ်ချင်းများ၊ လူမှုရေး အသင်းအဖွဲ့၊ စာပေ၊ ဂီတ နယ်ပယ် အသီးသီးတို့မှ စည်ကားသိုက်မြိုက်စွာ ဦးဝင်းမြင့်၏ နောက်ဆုံးခရီးကို လာရောက်လိုက်လံပို့ဆောင် အားပေးစကားများ ပြောကြားခဲ့ကြသည်။

 

ယင်းနေ့တွင် သာသနာ့ဂုဏ်ရောင်ကျောင်းထိုင်ဆရာတော် (ခြောက်ထပ်ကြီး ဘုရားကြီးတိုက်) ဘဒ္ဒန္တဇ၀န (ယောဆရာတော်) သက်တော် (၇၃) နှစ်၊ ၀ါတော် (၅၃) ၀ါ၏ အန္တိမဈာပန အခမ်းအနားအား ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးလုပ်ကိုင်ခဲ့၍၎င်း၊ ဆရာမ ဒေါ်သန်းမြင့်အောင်၏ မောင်ဖြစ်သူ ဦးဝင်းမြင့်၏ ဈာပနအခမ်းအနားနှင့် တိုက်ဆိုင်နေ၍၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဆရာတော် ဘဒ္ဒန္တ ဇ၀န (ယောဆရာတော်)၏ အန္တိမဈာပန အခမ်းအနားအား ကူညီဖေးမခွင့် မပြုလုပ်ခဲ့ရချေ။
တနှစ်တခါ၊ မွေးနေ့ပါ၊
လူမှာခေါ်ရိုးရှိ။
တကယ်ပြောင်းတာ ရုပ်နာမ်ပါ၊
 ခန္ဓာမမြဲသိ။
ရုပ်နာမ်ဓမ္မ မမြဲကြ၊
ခဏခဏ ပြောင်းနေ၏။
သေမင်းမှတ်တိုင် နောက်တတိုင်၊
ရင်ဆိုင်ရောက်လာ၏။
(ယောဆရာတော်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts