>Tu Maung Nyo – Regime’s Consultant can only sing at the NLD HQ

>

NLD ဌာနချုပ် မှာ ဒေါက်တာဦးမြင့် သီချင်းပဲဆိုပါ မဟောပါနဲ့ တဲ့လား
တူမောင်ညို
ဇူလိုင် ၁၆၊ ၂၀၁၁
         သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေး ဒေါက်တာ ဦးမြင့် NLD ဌာနချုပ်ရုံးမှာဟောပြောမယ့် “ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲ” အစီအစဉ် ပျက်သွားတယ်၊ ဖျက်လိုက်ရတယ် စတဲ့သတင်းတွေကြားရပါတယ်။
        လွန်ခဲ့တဲ့နှစ် ၂၀၁၀ ဒီဇင်ဘာ၂ ရက်နေ့က NLD ဌာနချုပ်မှာ ကျင်းပတဲ့ “ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့”  အထိမ်းအမှတ် အခမ်းအနားမှာ ဒေါက်တာဦးမြင့် ဂီတာတီးပြီး သီချင်းဆိုခဲ့ပါတယ်။ ဒေါက်တာဦးမြင့်ဟာ အဲဒီအချိန်တုန်းက သမ္မတ အကြံပေး မဖြစ် သေးဘူး။ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့လည်း မဖွဲ့စည်းရသေးဘူး။ ဒီတော့ NLD ဌာနချုပ်ကိုသွားနိုင်ပါတယ်။ အခမ်းအနားမှာ ပါဝင် တက်ရောက်ပြီး သီချင်းဆိုနိုင်ခဲ့ပါတယ်။
        ၂၀၁၁ မတ်လ ၃၀ ရက်နေ့မှာ (နအဖ)စစ်အစိုးရကို ဖျက်သိမ်းပြီး ၊ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့  ဖွဲ့စည်းခဲ့ပါတယ်။
      ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၄ ရက် အမိန့်ကြေညာစာအမှတ် (၁/၂၀၁၁) ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါက်တာ ဦးမြင့်  သမ္မတ အကြံပေးဖြစ်လာပါတယ်။
၂၀၁၁ ခုနှစ်၊ မေလ၂၀ ရက်နေ့ကနေ ၂၂    ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ”မှာ အဓိကစာတမ်း (Theme Paper) ဖြစ်တဲ့ “ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလမ်းပြစာတမ်း” ကို ဒေါက်တာဦးမြင့် ကိုယ်တိုင် ဖတ်ကြားခဲ့တာပါ။
အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲကို သမ္မတကြီးဦးသိန်းစိန် တက်ရောက်နားထောင်ခဲ့ပါတယ်။
ဒါ့အပြင် NLD ရဲ့နိုင်ငံရေးလှုပ်ရှားမှုအားလုံးဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ဇွန်လ ၂၈ ရက်နေ့စွဲနဲ့ ပြည်ထဲရေးဝန်ကြီး က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
အဲဒီလိုအခြေအနေတွေအောက်မှာ  သမ္မတရဲ့အကြံပေးပုဂ္ဂိုလ်တစ်ဦးက “ဥပဒေအရရပ်တည်ခွင့်မရှိတော့သည့် နိုင်ငံရေး ပါတီဟောင်းတစ်ခရဲ့ အမိုးအောက်မှာ၊ ဌာနချုပ်မှာ သွားရောက်ဟောပြောတာကို ခွင့်မပြုနိုင်ပါဘူး။ တရားမဝင်အဖွဲ့အစည်းတစ် ရပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုဖြစ်နေပါတယ်။
 ဟောပြောမှုက တရားမဝင်အဖွဲ့အစည်းနဲ့ဆက်သွယ်မှုမြောက်နေပါတယ်။ “တည်ဆဲဥပဒေ”  နဲ့ညှိစွန်းနေပါတယ်။
ဒါကြောင့် ဟောပြောပွဲ အစီအစဉ်ပျက်သွားတယ်၊ ဖျက်သိမ်းလိုက်ရတယ်။ အကြံပေးပုဂ္ဂိုလ်ဟာ တည်ဆဲဥပဒေကို နာခံ ရပါတယ်။
တစ်ချက်ခုတ်နှစ်ပြတ်ဆိုသလို ဒီအချက်က NLD နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ အခြားသောနိုင်ငံရေးပါတီ အဖွဲ့အစည်း တွေနဲ့ လူပုဂ္ဂိုလ်တွေကိုပါ သတိပေးလိုက်တာ/ တားမြစ်ပိတ်ပင်လိုက်တာ/ ခြိမ်းချောက်လိုက်တာလည်းဖြစ်ပါတယ်။
သမ္မတအကြံပေးအဖွဲ့ဆိုတာကိုလေ့လာကြည့်တော့ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာဆိုပြီး ခွဲခြားထားပါတယ်။ စုစုပေါင်း ၉ ဦးရှိပါတယ်။ နိုင်ငံရေးနဲ့ ဥပဒေရေးရားအကြံပေးသူတွေဟာ ယခင်(နဝတ-နအဖ) စစ်အစိုးရရဲ့ လက်အောက်ငယ်သား စစ်ဘက် နယ်ဘက်ဝန်ထမ်းဟောင်းတွေဖြစ်နေပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရအဖို့ သေဆိုသေ ရှင်ဆိုရှင်မယ့် အကြံပေးတွေလို့ ပြောရင် ရနိုင်ပါတယ်။
ဒါကြောင့်လည်း ကုလသမ္မတအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်မီးယား လာစဉ်က “နိုင်ငံရေးအကျဉ်းသားမရှိဘူး” ၊ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အသင့်တော်ဆုံးနေရာဟာ လွှတ်တော်ဖြစ်တယ်” ဆိုတဲ့ စကားတွေကို နိုင်ငံရေးနဲ့ ဥပဒေရေးရာအကြံပေးတွေက အားတက်သရော ပြောဆိုခဲ့တာ ဘာမျှမဆန်းပါဘူး။
“အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ” ကို ဇွတ်အတင်းရယူထားသူတွေကို ဘယ်သူက ဘာအကြံပေးနိုင်မှာမို့လဲ။ နွားရှေ့ထွန်ကျူးတာသာဖြစ်တော့မှာပေါ့။
မင်းလိုလိုက်မင်းကြိုက်ဆောင်သူလား၊ တကယ့်အကြံပေးပုဂ္ဂိုလ်လား။
အကြံပေးဆိုတာ တိုင်းပြည်နဲ့ လူထုအကျိုး ရှေ့ရှုပြီး တိုင်းပြည်ဖြတ်သန်းခဲ့တဲ့ အတိတ်၊ ပစ္စုပ္ပန်ခရီးကို ပညာမျက်စိနဲ့ မြော်မြင်၊ ထိုးထွင်း၊ ဆန်းစစ်ပြီး အနာဂတ်အတွက် အကြံကောင်းဉာဏ်ကောင်းတွေကို ဖော်ထုတ်ဆွေးနွေး တင်ပြကြရမယ့်သူတွေ မဟုတ်ပါလား။ အမှန်နဲ့အမှား၊ အကျိုးနဲ့အပြစ်၊ အပြုနဲ့အဖျက် စတာတွေကို ရဲရဲဝံ့ဝံ့ ဆွေးနွေး အကြံပြုကြရမယ့်သူတွေ မဟုတ်ပါလား။
(နအဖ) စစ်အစိုးရကလည်း ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်အမှတ် (၃/၉၇) နဲ့ (Advisory Group) အကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့ဖူးပါတယ်။
အဲဒီအကြံပေးအဖွဲ့မှာ ဒုတိယဗိုလ်ချုပ်ကြီး (၁၃) နဲ့ ဗိုလ်ချုပ် (၁) ဦး စုစုပေါင်း (၁၄) ပါဝင်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး (၁၃) ဦးထဲမှာ မူလ (နဝတ) အာဏာသိမ်းအဖွဲ့ဝင်များဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ရဲကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်အောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ချစ်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဘ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့် စသဖြင့်ပါဝင်ပါတယ်။
သူတို့ ဘယ်လိုအကြံတွေပေးကြသလဲဆိုတာ တိုင်းပြည်နဲ့လူထုကမသိသလို၊ အဲဒီအကြံပေးအဖွဲ့ ဘယ်လိုဖျက်သိမ်းလိုက် သလဲ ဆိုတာလည်း တိုင်းပြည်နဲ့လူထုက မသိလိုက်ပါဘူး။
စစ်အာဏာရှင်စနစ်အောက်မှာ အကြံပေးအဖွဲ့ဆိုတာ ဘေးပို့ချောင်ထိုး နှစ်သိမ့်လိုက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတဲ့ ကောက်ချက်တော့ချလို့ရပါတယ်။
အာဏာကို ချုပ်ကိုင်ထားနိုင်တဲ့ အောက်မှာ အတုအပ၊ ဆင်တူရိုးမှား သဏ္ဍာန်မျိုးစုံဖန်တီးနိုင်တယ်၊  လှည့်စားနိုင်တယ် ဆိုတဲ့ အချက်ကို ကျနော်တို့သတိရှိကြဖို့နဲ့ မျက်စေ့မလည်ဖို့ပါဘဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts