News Features အောင်ဒင်

Aung Din – Burmese Regime’s Parliament in Perspective (20)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၄၊ မေလ ၉ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်(၂၀)
အောင်ဒင်၊ မေ ၁၃၊ ၂၀၁၃


အပိုင်း (၂၀) လွှတ်တော်နှင့် နိုင်ငံရေးအကျဉ်းသား၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းသူအကျဉ်းသား ၉၃ ယောက်ကို အကျဉ်းထောင်များကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်၊ အဲဒီ ၉၃ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပါဝင်တယ်လို့လဲ သိရပါတယ်၊ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) များအတွက် ဝမ်းသာကြည်နူးရပြီး ကျန်ရှိနေသေးတဲ့ နိုင်/ကျဉ်းများလဲ အမြန်ဆုံးပြန်လည်လွတ်မြောက်ကြဖို့ မျှော်လင့်မိပါတယ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွါးအတွက် နိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ကြိုးစားကြသူများ အကျဉ်းထောင်ကြီးများထဲမှာ ဘဝနိဂုံးမချုပ်စေချင်ပါ၊
ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ယူတဲ့ အချိန်ကစပြီး လွတ်ငြိမ်းချမ်းသာခွင့်တွေ အကြိမ်ကြိမ်ပေးခဲ့လို့ အကျဉ်းသားထောင်ပေါင်းများစွာ အကျဉ်းထောင်ကြီးများထဲက ပြန်လည်လွတ်မြောက်ခဲ့ကြပါတယ်၊ အဲဒီလိုလွတ်မြောက်ကြသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ထောင်လောက်ပါဝင်ခဲ့ကြပါတယ်၊ ရဲဘော်ရဲဘက် နိုင်ငံရေးလှုပ်ရှားသူတွေ အကျဉ်းထောင်ထဲက လွတ်မြောက်လာတာကို ကြိုဆိုဝမ်းမြောက်ပေမည့် သူတို့ကို ပြန်လွှတ်ပေးတဲ့ပုံစံကို သဘောမကျပါ၊ ဘာကြောင့်လဲဆိုတော့ (၁) အစိုးရက မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဇာဂနာ၊ ဦးခွန်ထွန်းဦး၊ အရှင်ဂမ္ဘီရ၊ စုစုနွေး၊ နီလာသိန်း အပါအဝင် နိုင်ငံရေးလှုပ်ရှားသူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပြီး ပြန်လွှတ်ပေးတာမဟုတ်ပါ၊ ရာဇဝတ်မှုနဲ့ အကျဉ်းကျတဲ့ သာမန်အကျဉ်းသားများအဖြစ်နဲ့ပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာပါ၊ (၂) လွှတ်ပေးတာကလဲ ချွင်းချက်မရှိလွှတ်ပေးတာမဟုတ်ပါ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ပုဒ်မခွဲ (၁) အရ လက်ရှိပြစ်ဒါဏ်မှ ကြွင်းကျန်ကာလများကို အကန့်အသတ်နဲ့ သက်သာခွင့်ပြုတာပါ၊ ဒီတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရမကြိုက်တာလုပ်မိလို့ရှိရင်၊ သမ္မတက စိတ်တိုင်းမကျရင် ရဲက ဝါရမ်းမပါပဲ ပြန်ဖမ်းခွင့်ရှိပြီး ထောင်ထဲမှာ အရင်ကျွေးကျန်ပြစ်ဒါဏ်ကာလကို ပြစ်ဒါဏ်အသစ်နဲ့ပေါင်းပြီး ဆက်လက်ခံစားရမှာပါ၊
 ဒါကြောင့် မင်းကိုနိုင်တို့လို ၂၀၀၇ ခုနှစ်မှာ ထောင်ဒါဏ် ၆၅နှစ်နဲ့ ၆လကျပြီး ၂၀၁၂ခုနှစ်မှာ လေးနှစ်ကျော်ကျော်ထောင်ထဲမှာနေပြီး ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ပုခုံးပေါ်မှာ ကျွင်းကျန်ပြစ်ဒါဏ်ကာလ နှစ် ၆၀ကျော်က လေးပင်စွာတင်ကျန်နေပါသေးတယ်၊
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီ၊ နိုင်ငံရေးသဘောထားမတူညီသူများကိုလဲ ညှိနှိုင်းဆွေးနွေးပြီး တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နေပြီလို့ နိုင်ငံတကာလှည့်ပြီး ကြွေးကျော်နေတဲ့ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေရှိကြောင်း အသိအမှတ်မပြုတာ ကျေနပ်စရာမရှိပါ၊ နိုင်ငံရေးအမြင်မတူသူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ဖန်တီးထားတဲ့ မတရားတဲ့ဥပဒေတွေ၊ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေရှိနေသ၍၊ ယင်းဥပဒေများကို အသုံးချပြီး ဖမ်းဆီးထောင်ချထားသူတွေရှိနေသ၍ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေမှာပါ၊
ဒီတော့ ခေတ်အဆက်ဆက်က အာဏာရှင်အစိုးရတွေ ဖန်တီးခဲ့တဲ့ မတရားတဲ့ ဥပဒေတွေ ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများရှိတာကို ဝန်မခံသေးသ၍၊ နိုင်ငံရေးအကျဉ်းသားများကို ရာဇဝတ်အကျဉ်းသားများနဲ့ရောပြီး အကန့်အသတ်နဲ့ လွှတ်ပေးတာကိုလဲ နိုင်ငံတကာအရေးယူမှုလျှော့ချရေး နည်းပိရိယယ်တစ်ခုအဖြစ် ကျင့်သုံးနေသ၍၊ မြန်မာနိုင်ငံ ဒီမိုကရစီလမ်းကြောင်းပေါ်ရောက်နေပြီဆိုတာ အပြည့်အဝယုံကြည်နိုင်စရာ ရှိမှာမဟုတ်ပါ၊
အစိုးရက နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တွန့်ဆုတ်နေချိန်မှာ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော်က နိုင်ငံရေးအကျဉ်းသားများရှိကြောင်းဝန်ခံအသိအမှတ်ပြုရေး၊ နိုင်ငံရေးအကျဉ်းသားဆိုတာကို တရားဝင်အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ သမ္မတကို တောင်းဆိုရေး၊ နိုင်ငံရေးအကျဉ်းသားများ နောင်မှာမရှိတော့အောင် မတရားတဲ့ ဥပဒေတွေ၊ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းရေး၊ စတာတွေကို ဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း ထောက်ပြချင်ပါတယ်၊
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မီတီ
နိုင်ငံတော်သမ္မတရုံးကနေ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့နေ့စွဲနဲ့ “လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မီတီ” ကို ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းခေါင်းဆောင်ပြီး အစိုးရဝန်ကြီးဋ္ဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားကြောင်း သတင်းထုတ်ပြန်ပါတယ်၊ အဲဒီသတင်းကို ဖတ်ရတော့ ဝမ်းသာမိပါတယ်၊ ဝမ်းသာရတာက ဒီသတင်းမှာ “နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒါဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး” ဒီကော်မီတီကို ဖွဲ့စည်းတယ်လို့ ဖော်ပြထားလို့ပါ၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို သတင်းထုတ်ပြန်ချက် မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုစလုံးမှာ သုံးစွဲထားလို့ပါ၊ အင်္ဂလိပ်ဘာသာနဲ့ သတင်းထုတ်ပြန်ချက်မှာ နိုင်ငံရေးအကျဉ်းသား (Political Prisoners) ဆိုတဲ့ စကားလုံးအပြင် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ (Prisoners of Conscience) ဆိုတဲ့ စကားလုံးကိုပါ သုံးစွဲဖော်ပြပါတယ်၊ ဒါဟာဖြင့် မြန်မာအစိုးရက  နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို ပထမဆုံးအကြိမ် တရားဝင်သုံးစွဲတာဖြစ်ပါတယ်၊ တစ်ခါ အဲဒီသတင်းထုတ်ပြန်ချက်မှာပဲ “နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိနိုင်ငံရေးအကျဉ်းသားများအား စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေးညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ်တွေ့ရှိချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြသွားရမည်” ဆိုပြီး ကော်မီတီရဲ့ လုပ်ငန်းတာဝန်များကို ရှင်းလင်းဖော်ပြထားပါတယ်၊
ဒါပေမည့်လည်း သိပ်မကြာခင်မှာပဲ ဒီကော်မီတီနဲ့ ပါတ်သက်ပြီး သံသယဖြစ်စရာတွေ စတင်တွေ့ရှိလာရပါတယ်၊ ပထမဆုံး သံသယဖြစ်စရာက အဖွဲ့ဝင်များရဲ့ အမည်စာရင်းကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမပြုတာပါ၊ ဒီကော်မီတီမှာ အဖွဲ့ဝင် ၁၆ ယောက်ပါဝင်ပါတယ်၊ အစိုးရဘက်က ဥက္ကဋ္ဌ ဝန်ကြီးဦးစိုးသိန်း၊ အတွင်းရေးမှူး သမ္မတရုံး ဒု-ဝန်ကြီး ဦးအောင်သိန်း၊ အဖွဲ့ဝင်များအဖြစ် ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စောဝင်း၊ အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဋ္ဌေး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးကြည် နဲ့ မြန်မာအီးဂရက် (Myanmar Egress) မှ ဦးလှမောင်ရွှေ အပါအဝင် ၉ ယောက်ပါဝင်ပါတယ်၊
အရပ်ဘက်အဖွဲ့အစည်းများဘက်က ဦးဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအသင်း)၊ ဦးညိုထွန်း (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်)၊ ဦးရဲအောင် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၊ ဦးကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသားများ) နဲ့ ဦးဇာဂနာ တို့ ၅ ဦးပါဝင်ပြီး နိုင်ငံရေးပါတီများဘက်က ဦးညဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) တို့ ၂ဦးပါဝင်ကြပါတယ်၊ ဒီအဖွဲ့ဝင်စာရင်းကို အခြားကော်မရှင်များလို အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်းမပြုပါ၊ ဒီလို အဖွဲ့ဝင်အမည်စာရင်းမကြေညာတာကိုက ဒီကော်မီတီအပေါ် အစိုးရရဲ့ အလေးအနက်ထားမှုအပေါ် သံသယရှိစရာ ဖြစ်လာပါတယ်၊
သတင်းထုတ်ပြန်ပြီး နှစ်ပါတ်ကျော်အကြာမှာ ကော်မီတီရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဋ္ဌာန (Myanmar Peace Center) မှာ ကျင်းပပါတယ်၊ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ၁၆ရက်နေ့မှာကျင်းပပါတယ်၊ အဲဒီအစည်းအဝေးတွေ ကျင်းပမှာကိုလဲ သတင်းထုတ်ပြန်ခြင်းမပြုပါ၊ သက်ဆိုင်သူကော်မီတီဝင်တစ်ဦးချင်းဆီကို ဖိတ်စာပို့အကြောင်းကြားတာပဲရှိပါတယ်၊ အစည်းအဝေးကျင်းပတာကို သတင်းထောက်တွေ တက်ရောက်သတင်းယူခွင့်မရှိသလို ဘာတွေဆွေးနွေးတယ်ဆိုတာကိုလဲ အစိုးရမှ သတင်းထုတ်ပြန်ခြင်းမရှိပါ၊ ဒါဟာဖြင့် အစိုးရဟာ ဒီကော်မီတီရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့ပါတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကို ဖော်ပြနေပါတယ်၊
ပထမအစည်းအဝေးမှာ “နိုင်ငံရေးနှင့် ဆက်စပ်၍ပြစ်ဒါဏ်ကျခံနေရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသား” ဟု အကြမ်းအားဖြင့်သတ်မှတ်ခဲ့ကြပြီး ပိုပြီးတိကျတဲ့ အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြပါတယ်၊ ဒုတိယအစည်းအဝေးမတိုင်ခင် မတ်လ ၁၃ရက်နေ့မှာ ကော်မီတီမှာပါတဲ့ အရပ်ဘက်အဖွဲ့အစည်းများက

အခြားလူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲကနေ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်ကို အများသဘောတူ သတ်မှတ်နိုင်ခဲ့ပါတယ်၊ အဲဒီအဓိပ္ပာယ်သတ်မှတ်ချက်ကို မတ်လ ၁၆ရတ်နေ့မှာ ကျင်းပတဲ့ ကော်မီတီ ဒုတိယအကြိမ်အစည်းအဝေးမှာ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များက တင်ပြပေမည့် အစိုးရကိုယ်စားလှယ်များက လက်ခံဆွေးနွေးခြင်းမပြုပါ၊
ပထမအစည်းအဝေးမှာ အရပ်ဘက်အဖွဲ့အစည်းများက သူတို့ပြုစုထားတဲ့ လက်ကျန်နိုင်ငံရေးသမားများအမည်စာရင်းကို သူတို့ရှိနေတဲ့ အကျဉ်းထောင်များရဲ့ အမည်နဲ့တကွ အစိုးရဘက်မှ စိစစ်နိုင်အောင် တင်ပြကြပါတယ်၊ စုစုပေါင်း ၄၁၀ ဦးရှိတယ်လို့ သိရပါတယ်၊ ဒုတိယအစည်းအဝေးမှာ အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဋ္ဌေးက ၄၁၀ ထဲက ၂၁၉ ဦးကိုသာ အကျဉ်းဦးစီးရဲ့ စာရင်းများထဲမှာ ရှာဖွေတွေ့ရှိကြောင်း၊ ၁၉၆ယောက်က ပြစ်ဒါဏ်ကျအကျဉ်းသားများဖြစ်ပြီး ၂၃ယောက်က အမှုရင်ဆိုင်နေဆဲ အချုပ်သားများဖြစ်ကြောင်း အကြောင်းပြန်ပါတယ်၊ ဝန်ကြီးဦးစိုးသိန်းက ပြစ်ဒါဏ်ကျအကျဉ်းသား ၁၉၆ယောက်ထဲက ၈၇ယောက်ကို လွှတ်ပေးဖို့ သမ္မတထံကို တင်ပြမယ်လို့ ပြောပါတယ်၊
အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များက လွှတ်မည့်သူများကို နိုင်ငံရေးအကျဉ်းသားအဖြစ်အသိအမှတ်ပြုပြီး လွှတ်ပေးဖို့ နဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားများကိစ္စကို အကျဉ်းဦးစီးဋ္ဌာနမှတ်တမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုကြပါတယ်၊ ဧပြီ ၂၃ရက်နေ့မှာ လွှတ်တဲ့ အကျဉ်းသား ၉၃ ယောက်ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား ၅၉ယောက်ထဲမှာ လွှတ်ပေးဖို့တင်ပြမယ်ဆိုတဲ့ ၈၇ယောက်စာရင်းထဲက ၁၉ ယောက်ပဲပါဝင်ပါတယ်၊ ၄၀ က ဦးခွန်ထွန်းဦးတင်ပြတဲ့ ရှမ်းပြည်နယ်တပ်မတော်(တောင်ပိုင်း) (SSA-South)က တပ်သားများဖြစ်ပြီး အစောပိုင်းက အစိုးရဘက်က ပြန်လွှတ်မပေးနိုင်ဘူးလို့ ငြင်းဆန်ထားခဲ့တာပါ၊ အားလုံးကိုလဲ ရာဇဝတ်အကျဉ်းသားများအနေနဲ့ပဲ အကန့်အသတ်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ်၊ လွှတ်တဲ့အချိန်ကာလကိုလဲ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွါးရေးပိတ်ဆို့မှုကို စစ်တပ်ဆိုင်ရာကလွဲပြီး ကျန်အားလုံးကို အပြီးတိုင်ရုတ်သိမ်းပေးဖို့ ဆုံးဖြတ်ချိန်နဲ့ တိုက်ဆိုင်ပြီး လွှတ်ပေးခဲ့ပါတယ်၊
နိုင်ငံတော်သမ္မတရဲ့ ဧပြီလ ၁ ရက်နေ့၊ ရေဒီယိုမိန့်ခွန်းမှာလဲ “နောက်ထပ်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်အောင် အကျဉ်းသားစိစစ်ရေးကော်မီတီတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက်ရှိပါသည်” လို့ ပြောပါတယ်၊ “နိုင်ငံရေးအကျဉ်းသား” လို့ မသုံးပါ၊ ဒီအချက်တွေကို ကြည့်ခြင်းဖြင့် နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ “လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မီတီ” ကို ဝန်ကြီးဦးစိုးသိန်းခေါင်းဆောင်ပြီး ဖွဲ့စည်းခဲ့ပေမည့် အစိုးရကိုယ်တိုင်က ဒီကော်မီတီအပေါ်မှာ အလေးအနက်မရှိတာ၊ ပွင့်လင်းမြင်သာမှုမရှိတာ၊ အစိုးရကိုယ်တိုင်က “နိုင်ငံရေးအကျဉ်းသားများ” လို့အသိအမှတ်မပြုချင်တာတွေ့ရပါတယ်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးကို အစဉ်တစိုက်တောင်းဆိုနေတဲ့ အမေရိကန်အစိုးရကျေနပ်အောင်သာ ဒီကော်မီတီကို ဖွဲ့စည်းတာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို  ရာဇဝတ်အကျဉ်းသားများနဲ့ရောပြီး အခါအားလျော်စွာ အကန့်အသတ်နဲ့ လွှတ်ပေးတာကိုလဲ နိုင်ငံတကာဖိအားတွေလျှော့ချအောင်လုပ်တဲ့ နည်းဗျူဟာတစ်ခုအနေနဲ့ ဆက်လက်ကျင့်သုံးနေဆဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်၊

နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်များ
၁၉၈၀ ခုနှစ်မှာ နိုင်ငံတော်ကောင်စီ အမိန့်အမှတ် ၂/၈၀ နှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးခဲ့ပါတယ်၊ ထိုစဉ်က အကျဉ်းဦးစီးဋ္ဌာန၏ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်ကောင်စီက အောက်ပါအတိုင်း  နိုင်ငံရေးအကျဉ်းသား အဓိပ္ပယ်ဖွင့်ဆိုပေးခဲ့ပါတယ်၊
(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ
(ခ) ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကိုဆန့်ကျင်သော ပြစ်မှုများ
(ဂ) ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများနှင့်ပတ်သတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ
(ဃ) ၁၉၅၀-ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ ဥပမာ- ပုဒ်မ ၅(ည)
(င) နိုင်ငံတော်ကိုဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ ပုဒ်မ ၁၀(က)၊ ၁၀(ခ) နှင့်
(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ အားလုံးသည် “နိုင်ငံရေးပြစ်မှု” ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် (Parliamentary Assembly, Council of Europe) ရဲ့ ၃၃ကြိမ်မြောက်အစည်းအဝေးမှ နိုင်ငံရေးအကျဉ်းသား ဆိုသည်ကို အဓိပ္ပယ်သတ်မှတ်အတည်ပြုသည့် ဆုံးဖြတ်ချက် ၁၉၀၀ (၂၀၁၂) [Resolution 1900 (2012)] ကှို ပြဌန်းခဲ့ပါတယ်၊ ယင်း ဆုံးဖြတ်ချက်အရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံး နှင့် အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားသော နိုင်ငံများအားလုံးက “ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များအားလုံးကို အောက်ပါအကြောင်းပြချက်များဖြင့် ညင်းပယ်ခြင်း ခံရသော ပုဂ္ဂိုလ်ကို နိုင်ငံရေးအကျဉ်းသား” ဟုသတ်မှတ်ကြပါတယ်၊
အဲဒီအကြောင်းပြချက်တွေက
(က) အကယ်၍ အာဏာပိုင်တို့က လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာသဘောတူညီမှုများဆိုင်ရာ ဥရောပညီလာခံ [European Convention on Human Rights and its Protocols (ECHR)] တွင် ပြဌန်းထားသော အခြေခံအခွင့်အရေးဆိုင်ရာ အာမခံချက်များ၊ အထူးသဖြင့် လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့် နှင့် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဖော်ပြခွင့် နှင့် လွတ်လပ်စွာသတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် ဖွဲ့စည်းခွင့်များကို ချိုးဖောက်၍ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ဖမ်းဆီး၊ ထိန်းသိမ်း၊ အကျဉ်းချထားလျင်၊
(ခ) အကယ်၍ လူတစ်ယောက်သည် မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ခြင်းမရှိပဲ နိုင်ငံရေးအကြောင်းပြချက်သက်သက်ဖြင့် ဖမ်းဆီး၊ ထိန်းသိမ်း၊ အကျဉ်းချခံရလျင်၊
(ဂ) အကယ်၍ [(အာဏာပိုင်တို့၏) နိုင်ငံရေးရန်ညှိုးကြောင့်] လူတစ်ယောက်အား အပြစ်ရှိသည်ဟူသော ဆုံးဖြတ်ချက်ဖြင့်ချမှတ်ထားသော ပြစ်ဒါဏ်သည် စွတ်စွဲထားသော၊ သံသယရှိသော ပြစ်မှုကြောင့်ချမှတ်သင့်သည့် ပြစ်ဒါဏ်ထက် ပိုမိုများပြားနေလျင်၊
(ဃ) အကယ်၍ [(အာဏာပိုင်တို့၏) နိုင်ငံရေးရန်ညှိုးကြောင့်] လူတစ်ယောက်အား အပြစ်ရှိသည်ဟူသော ဆုံးဖြတ်ချက်ဖြင့်ချမှတ်ထားသော ပြစ်ဒါဏ်သည် အလားတူပြစ်မှုကို ကျူးလွန်သော အခြားသူများရရှိသည့် ပြစ်ဒါဏ်ထက် ပိုမိုများပြားနေလျင်၊
(င) အကယ်၍ အာဏာပိုင်တို့၏ နိုင်ငံရေးရန်ညှိုးကြောင့် လူတစ်ယောက်သည် မတရား၊ မမျှတသော တရားစီရင်မှုဖြင့် ပြစ်ဒါဏ်ချမှတ်ခြင်းခံရလျင်၊
လွှတ်တော်နှင့် နိုင်ငံရေးအကျဉ်းသား
မြန်မာနိုင်ငံမှာ (၁) နိုင်ငံရေးအမြင်မတူသူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ဖန်တီးထားတဲ့ မတရားတဲ့ဥပဒေတွေ၊ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေရှိနေသေးတာမို့၊ (၂) ယင်းဥပဒေများကို အသုံးချပြီး ဖမ်းဆီးထောင်ချထားသူတွေရှိနေသေးတာမို့ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိခဲ့၊ ရှိဆဲ၊ ရှိနေဦးမှာပါ၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က မတရားတဲ့ ဥပဒေများကို ဖျက်သိမ်း၊ ပြင်ဆင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအကျဉ်းသားဆိုတာကိုလဲ အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ တာဝန်ရှိပါတယ်၊
အစိုးရက နိုင်ငံရေးအကျဉ်းသားများရှိတာကို အသိအမှတ်ပြုဖို့ ပျက်ကွက်နေချိန်မှာ ပြည်ထောင်စုလွှတ်တော်က နိုင်ငံရေးအကျဉ်းသားများကိစ္စအရေးယူဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်၊ အခုဆိုရင် ဒေါက်တာဇော်မြင့်မောင်၊ ဒေါ်စန္ဒာမင်း၊ ဦးဇေယျာသော်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးသိန်းဆွေ စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေကြပါပြီ၊ သူတို့တွေလဲ အခြားသော နိုင်ငံရေးအကျဉ်းသားတွေလိုပဲ ရာဇဝတ်အကျဉ်းသားများနဲ့ အတူ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာပါ၊ သူတို့ရဲ့ ပုခုံးပေါ်မှာ ကျွင်းကျန်သောပြစ်ဒါဏ်နှစ်များက လေးပင်ကြီးမားစွာ တွဲလွဲခိုနေဆဲပါ၊ သူတို့နဲ့ ဘဝတူ၊ အကျဉ်းကျနေဆဲ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံရေးအကျဉ်းသားအဖြစ် တရားဝင်အသိအမှတ်ပြုခံရဖို့၊ ပြီးတော့ ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်ကြဖို့၊  နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုဖို့ လွှတ်တော်ထဲမှာ နည်းလမ်းတကျ ဥပဒေကြမ်းတွေ၊ အဆိုတွေတင်သွင်းပြီး ကြိုးစားကြရင်ဖြင့် သိပ်ကောင်းမှာပါ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက အများစုအားနဲ့ ကန့်ကွက်လို့ သူတို့ကြိုးစားမှုတွေ အရေးနိမ့်ခဲ့ရင်တောင်မှ ကြိုးစားတဲ့အတွက် အားလုံးက သူတို့ကို ကျေးဇူးတင်ကြမှာပါ၊

လေးစားစွာ၊
အောင်ဒင်
ဧပြီလ ၂၅၊ ၂၀၁၃
(မှတ်ချက်၊ ဒီဆောင်းပါးကို ဧပြီလ ၂၅ရက်နေ့မှာ ရေးပြီး ပြည်သူ့ခေတ်ကိုပို့ပါတယ်၊ ပြည်သူ့ခေတ်က မေလ ၉ရက်နေ့မှာ ဖော်ပြပါတယ်၊ ပြည်သူ့ခေတ်ဂျာနယ်မထွက်ခင် မေလ ၈ရက်နေ့မှာ အစိုးရက နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ညာစာအမှတ် ၄၃/၂၀၁၃ နဲ့ “လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေးကော်မီတီ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကြောင်း” ကို အဖွဲ့ဝင် ၁၉ယောက်အမည်စာရင်းနဲ့ ထုတ်ပြန်ပြီး အဲဒီကြေညာချက်က ပြည်သူ့ခေတ်ထွက်တဲ့နေ့နဲ့ တစ်ရက်တည်း မေလ ၉ရက်နေ့သတင်းစာတွေမှာ ဖော်ပြပါတယ်၊ မေလ ၁၁ရက်နေ့မှာကျင်းပတဲ့ ကော်မီတီရဲ့ တတိယအကြိမ်အစည်းအဝေးကိုလည်း သတင်းထောက်များကို တက်ရောက်သတင်းယူခွင့်ပြုတယ်လို့ သိရပါတယ်၊ ဒီအခြေအနေသစ်တွေကို မူလဆောင်းပါးမှာ ပြင်ဆင်ဖော်ပြဖို့ အချိန်မမီခဲ့ပါ၊)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts