>Book and Letter from IBMO & ABMA submitted to visiting Sayadaw Gyis from Burma

>

 ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသနှင့်တကွ ဆရာတော်ကြီးများထံ
အမေရိကန်ပြည်ရောက် မြန်မာသံဃာ့အဖွဲ့အစည်း ၂ရပ်ထံက စာအုပ်နှင့် ပန်ကြားလွှာ ဆက်ကပ်
မိုးမခ၊ ဇူလိုင် ၁၁၊ ၂၀၁၁
            ဆန်ဖရန်ဘေးဧရိယာသို့ မြန်မာပြည်က ဆရာတော်သံဃာတော်ကြီးများ ခေတ္တရောက်ရှိနေခိုက် အမေရိကန်ပြည်ရောက် သံဃာအဖွဲ့အစည်း ၂ ခု ဖြစ်သော သာသနဥသျှောင်အဖွဲ့ နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့၏ သံဃာတော်များ ထုတ်ဝေသော စာအုပ် တအုပ်နှင့် ပန်ကြားလွှာတစောင်ကို အဆိုပါသံဃာတော်များ၏ ခွင့်ပြုချက်ဖြင့် မိုးမခမီဒီယာက ကိုယ်စားဆက်ကပ်ပေးခဲ့သည်။ 
            သာသနဥသျှောင်အဖွဲ့က ထုတ်ဝေသော “သံတိုင်နောက်က မှတ်တမ်းများ” အမည်ရှိ စစ်အစိုးရဖမ်းဆီးထောင်ချ နှိပ်စက်ခြင်းခံခဲ့ရသော အကျဉ်းကျခဲ့သည် သံဃာတော်များ၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ် နှင့် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဇူလိုင်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော  နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်သို့ လျှောက်ထားချက် ပန်ကြားလွှာကို ဆရာတော်ကြီးများဖြစ်ကြသော ဗန်းမော်ဆရာတော်ကြီး ဦးကုမာရာဘိဝံသ၊ မစိုးရိမ်ဆရာတော်ကြီး ဦးရာဇာဓမ္မာဝံသ၊ ဓမ္မဘေရီဆရာတော်ကြီး ဦ၀ီရိယနှင့်တကွ ဘေးဧရိယာက ဘုန်းတော်ကြီးကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ချီးမြှင့်ကြသူ သံဃာတော် ဆရာတော်များထံ ဆက်ကပ်ခဲ့ခြင်း ဖြစ်သည်။

            သံတိုင်နောက်က မှတ်တမ်းများ စာအုပ်တွင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးတော်ပုံအတွင်းက ဖမ်းဆီးခြင်း ခံရသည်ဟု ကောက်ယူရရှိသော သံဃာတော်များနှင့် သီလရှင်များစာရင်းကို ထည့်သွင်းထားသည်။

သံဃာ့တပ်ပေါင်းစုအဖွဲ့၏ သံဃာတော်များ၏ ပန်ကြားလွှာတွင် နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အယူအဆမတူသူတို့ သင့်မြတ်စွာ လက်တွဲပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်၊ အယူအဆကွဲလွဲမှုများကြောင့် ဖမ်းဆီးချူပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများနှင့် ရဟန်းသံဃာတော်များ လွတ်မြောက်စေရန် နိုင်ငံတော်အစိုးရသစ်ကို မေတ္တာရပ်ခံပေးပါရန် လျှောက်ထားပန်ကြားထားသည်။
သံတိုင်နောက်ကမှတ်တမ်းများ စာအုပ်ကို စီစဉ်ထုတ်ဝေသူ သာသနဥသျှောင်အဖွဲ့က ဆရာတော် ဦးပညာနန္ဒက ဆရာတော်ကြီးများထံ အဆိုပါစာအုပ် ဆက်ကပ်ခွင့်ရသည့်အတွက် ၀မ်းမြောက်ကြောင်း မိုးမခသို့ ပြောကြားပြီး သံဃာ့တပ်ပေါင်းစု၏ ပန်ကြားလွှာကို ပြန်ကြားထုတ်ပြန်သူ ဆရာတော်ဦးပညာဇောတကလည်း ယခုလို အဝေးရောက်သံဃာတော်များ၏ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် အချုပ်အနှောင်မှ အားလုံး လွတ်မြောက်ရေးအတွက် မိမိတို့၏ စုစည်းညီညွတ်သော မေတ္တာရပ်ခံချက်ကို စာဖြင့် လျောက်ထားခွင့်ရသည့်အတွက် အားရကြောင်း ထုတ်ဖော်ပြောဆိုသည်။

မြန်မာပြည်တွင်းက သီလ၊ ပညာ၊ သမာဓိ၊ သိက္ခာ အစစအရာရာ ပြည့်စုံကြီးမားသော ဆရာတော်ကြီးများ သာသနာပြုခရီးထွက်လာသည့်ခိုက် ကြုံကြိုက်ရခဲလှသော အချိန်ကာလတွင် မိမိတိုအနေဖြင့် သူတော်ကောင်းတရားများ နာကြားခွင့်၊ အားထုတ်ခွင့်ရသည်အတွက် ပီတိဖြစ်ကြရသည့်နည်းတူ ဆင်းရဲဒုက္ခ အလုံးစုံကို ရင်ဆိုင်နေရသော မြန်မာပြည်တွင်းက အားနည်းသူ ပြည်သူလူထုတို့အတွက်လည်း မိမိတို့က ထိုသူတို့ကိုယ်စား ဆန္ဒထုတ်ဖော်ပြောဆိုပြီး ဆရာတော်ကြီးများကို ဆည်းကပ်လျောက်ထားခွင့်ရသည်မှာလည်း ရခဲသည့် အခွင့်ဖြစ်သည်ဟု ဆရာတော်များက တညီတညွတ်တည်း ပြောကြားကြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts