>Letters from Michigan 76

>

မစ်ရှီဂန်ကပေးတဲ့စာ(၇၆)
အောင်ဝေး
ဇူလိုင် ၉၊ ၂၀၁၁

“—နယ်ချဲ့ အစိုးရကမှ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောင် တထောင်ထဲမှာ၊ ပြီးတော့ ရန်ကုန်မှာ အတူစုပြီး ထားခဲ့သေးတယ်—”


မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့များလည်း သာပါစ…။ မုတ်သုံမိုးများလည်း ရွာပါစ…။
ဒီမှာတော့ ကောင်းကင်ပြာတဲ့ ခါမီနွေရာသီ။ နေခြည်ကလည်း လွတ်လပ်ပါရဲ့။ လေပြည်ကလည်း လွတ်လပ်ပါရဲ့။ အဲဒီ လွတ်လပ်တဲ့ အခြေအနေအောက်ကနေ ရွှေပြည်ကြီးဆီ မျှော်ငေးကြည့်လိုက်ပြန်တော့ မလွတ်လပ်သေးတဲ့ ဘ၀အသင်္ချေ၊ ပင်ပန်း ဆင်းရဲကြီးစွာ ရုန်းကန် လှုပ်ရှားနေရတဲ့ ပြည်သူတွေရဲ့ရုပ်ပုံလွှာကို မြင်ယောင်မိလာပါတယ်။

ဒီအထဲကမှ အကျဉ်းထောင်နံရံ သံတိုင်တွေကြား ရောက်နေရတဲ့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့မျက်နှာတွေက၊ အဝေးက ကျနော်တို့အတွက် ပိုပြီး စိတ်ထိခိုက် ကြေကွဲစရာ ဖြစ်ရပါတယ်ဗျာ။

မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူး၊ မရှိပါဘူးလို့မျက်စိမှိတ် နားပိတ်ပြီး ကုန်းအော် ငြင်းဆန်နေတဲ့ န၀တ၊ နအဖ စစ်အစိုးရ တဖြစ်လဲ၊ အခုနောက်ပေါက် ရွှေကြာပင် အရပ်သား အစိုးရ ဆိုတာကလည်း နိုင်ငံရေးအကျဉ်းသားမရှိဘူး လို့ ကယောင်ကတမ်း အော်ဟစ် ငြင်းဆန်နေပြန်ပြီ ကိုဒေါင်း…။
မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားတွေရှိနေကြောင်းဟာ တခြား ဘာမှ အများကြီးအစားကြီး သက်သေ ထိုးပြနေစရာ မလိုပါဘူး။ ကျနော်တို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့ တင်ပဲ ဒီအချက်ကို ကောင်းကောင်း သက်သေပြလို့ ရနေပါပြီဗျာ။

ဒီကနေ့ နောက်တက်လာတဲ့ အရပ်သားအစိုးရလက်ထက်တိုင် မြန်မာပြည် တနံတလျား အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်း (၂၂၀၀)ကျော် ဖမ်းဆီး ချုပ်နှောင်ခံနေရဆဲပါ။ ဒါကို ကမ္ဘာကလည်း သိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက၊ မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အဖွဲ့ က မနိုဘယ်အေးက၊ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ငြင်းဆိုတဲ့ အစိုးရသစ်ရဲ့သဘောထားကို ကန့်ကွက် ရှုတ်ချကြောင်း အစိုးရသစ်ရဲ့ သမ္မတထံကို အတိအလင်း စာတစောင်ပေးပို့ခဲ့တယ် ဆိုတဲ့ သတင်းလည်း ကြားလိုက်မိပါရဲ့။

ကိုဒေါင်းရေ… အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ ဒီအကြောင်း ပြောမိလေတော့၊ ဟိုး … လွန်ခဲ့တဲ့ ဗြိတိသျှ ကိုလိုနီခေတ်တုန်းက အင်းစိန်ထောင်ကြီးကိုတောင် ပြန်ပြီးလွမ်းရတော့မလို၊ တမ်းတရတော့မလို ဖြစ်နေပြီဗျာ။
၁၃၀၀ပြည့်အရေးတော်ပုံကြီးပြီးတော့ ၁၉၃၉-၄၀ အရှေ့ ဖျားမှာဗြိတိသျှတို့ရဲ့စင်ကာပူ ခံတပ်ကြီးကို ဂျပန်တွေက ချိုးပစ်လိုက်တဲ့အချိန်၊ အင်္ဂလိပ်အခက်-ဗမာ့အချက် ဆိုပြီး ဖြစ်လာတဲ့အခါ မဟုတ်လား။

အဲဒီကာလမှာ အင်္ဂလိပ် နယ်ချဲ့  အစိုးရက မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်ထားခဲ့တာပေါ့ ။ ဦးနု ထောင်ထဲမှာ။ သခင်သန်းထွန်း ထောင်ထဲမှာ။ သခင်စိုး ထောင်ထဲမှာ။ သခင်ဗဟိန်း ထောင်ထဲမှာ။ အပြင်မှာဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းတို့ လောက်ပဲ ကျန်တော့တာလေ။
ဂျပန်က ရှေ့ တိုးချီတက်လာနေပြီ။ အင်္ဂလိပ်အစိုးရအခြေအနေမလှတော့ဘူး။ ဒီအချိန်မှာ မြန်မာ့ လွတ်လပ်ရေး အတွက် ထောင်ထဲ ရောက်နေတဲ့ ခေါင်းဆောင်တွေ စဉ်းစားကြ၊ ဆွေးနွေးကြ တိုင်ပင်ကြပြီ။ ထောင်ထဲက ခေါင်းဆောင်တွေကြားမှာ အယူအဆ (၃)မျိုး ထွက်ပေါ်လာတယ်။
သခင်သန်းထွန်းနဲ့ သခင်စိုးတို့က ဘယ်လို။ ဦးနုက ဘယ်ပုံ။ သခင်ဗဟိန်းက ဘယ်သင်း။ နောက်တော့ ဘယ်လိုတွေ ဆက်ဖြစ်လာတယ်။ ဒါတွေကို လူတိုင်း သိပြီးကြပါပြီ။ ဒါတွေ ထားလိုက်တော့…။

“—ကိုလိုနီခေတ်တုန်းက အင်းစိန်ထောင်ကြီးကိုတောင် ပြန်ပြီးလွမ်းရတော့မလို၊ တမ်းတရတော့မလို ဖြစ်နေပြီဗျာ–”

ကျနော်ပြောချင်တာက ဗြိတိသျှအစိုးရ၊ ကိုလိုနီနယ်ချဲ့ အစိုးရကမှ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောင် တထောင်ထဲမှာ၊ ပြီးတော့ ရန်ကုန်မှာ အတူစုပြီး ထားခဲ့သေးတယ် ဆိုတာကိုပါ။ နောက်တော့မှသာ ဂျပန်ဝင်လာလို့ အင်္ဂလိပ်တို့ အောင်မြင်စွာ ဆုတ်ခွာတဲ့ အခါကျတော့မှ၊ ဆိုပါတော့ သခင်စိုး ဆိုရင် အင်းစိန်ထောင်ကနေ မြင်းခြံထောင်အထိ ပါသွားခဲ့တယ်။ အဲဒီခေတ်က သခင်စိုးရဲ့“အင်းစိန်စစ်တမ်း” တို့၊ “မြင်းခြံစစ်တမ်း” တို့ ဆိုတာ အင်မတန် ထင်ရှားတဲ့ နိုင်ငံရေးစာတမ်းတွေ ဖြစ်ခဲ့တာမဟုတ်လား။

ကျနော်ပြောချင်တာအဲဒါပါ။ တိုင်းတပါးသား နယ်ချဲ့ သမားက၊ မြန်မာ့နိုင်ငံရေးသမား၊ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေကို နေရာ တနေရာတည်းမှာ စုစုဝေးဝေး ထားခဲ့လို့၊ မြန်မာ့လွတ်လပ်ရေး အတွက် အဲဒီ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ခေါင်းချင်း ဆိုင်နိုင်ခဲ့တယ်။ ဆွေးနွေး ငြင်းခုံနိုင်ခဲ့တယ်။ လမ်းစ ရှာနိုင်ခဲ့တယ်လို့ ဆိုရမယ် မဟုတ်လား။

အခုတော့ ဒီလို မဟုတ်ပြီ ကိုဒေါင်းရေ…။ ဒီကနေ့ စစ်အစိုးရပဲပြောပြော၊ အရပ်သားအစိုးရပဲ ဆိုဆို၊ တိုင်းပြည်နဲ့ လူမျိုးကို စစ်ကျွန်ပြုဖိနှိပ် ညှဉ်းပန်းနေတဲ့ မြန်မာအစိုးရတွေဟာ၊ ဒီကနေ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်တခုထဲမှာ စုမထားရဲဘူး။ ရန်ကုန်မှာ စုမထားရဲဘူး။ သရဲဘောကြောင်တဲ့ အစိုးရပီပီ၊ နိုင်ငံရေး အကျဉ်းသားတွေကို တကွဲတပြား၊ ကစဥ့်ကလျား ဖြစ်အောင်၊ အင်မတန် ဝေးလံ ခေါင်ဖျားလှတဲ့ နယ်စွန်နယ်ဖျားက အကျဉ်းထောင်တွေဆီကို ခွဲပို့ခဲ့တာပဲ မဟုတ်လား။

နိုင်ငံရေးအကျဉ်းသားမရှိတဲ့ထောင် ဆိုတာ မြန်မာပြည်မှာ မရှိတော့ဘူး လို့တောင် ပြောရတော့မယ် ထင်ပါရဲ့ကိုဒေါင်း။ ကျနော် လက်လှမ်းမီသလောက်၊ ကျောင်းသား နိုင်ငံရေး အကျဉ်းသားတွေကိုပဲ ပြောကြည့်ရင်တောင်၊ ကိုမင်းကိုနိုင် ကျိုင်းတုံထောင်ထဲမှာ။ ကိုကိုကြီး မိုင်းဆတ်ထောင်ထဲမှာ။ ကိုအံ့ဘွယ်ကျော် ကသာထောင်ထဲမှာ။ ကိုဌေးကြွယ် ဘူးသီးတောင်ထောင်ထဲမှာ။ ကိုပြုံးချို ကော့သောင်းထောင်ထဲမှာ။ ကိုဂျင်မီ၊ ကိုမြအေး တောင်ကြီးထောင်ထဲမှာ။ ကိုမင်းဇေယျ လားရှိုးထောင်ထဲမှာ။ မနီလာသိန်း သရက်ထောင်ထဲမှာ။ မမီးမီး ကသာထောင်ထဲမှာ။ ပြောရင်ဆုံးမှာ မဟုတ်တော့ဘူး ကိုဒေါင်း…။

ရှစ်ဆယ့်ရှစ် ဗကသကို ပြောပြီးရင်၊ ၂၀၀၇ ဗကသကို မပြောဘဲ ချန်ခဲ့လို့ မရဘူးဆိုတော့၊ ကျော်ကိုကို တောင်ကြီးထောင်။ ဒီငြိမ်းလင်း ခန္တီးထောင်။ စည်သူမောင် ဘူးသီးတောင်ထောင်။ ရဲမြတ်ဟိန်း ကလေးထောင်။ မဟန်နီဦး လားရှိုးထောင်။ ဒါ အကုန်မဟုတ်သေးဘူး ကိုဒေါင်း…။

ဒီစာရင်းတွေဟာ ကမ္ဘာမကျေ၊ ဥဒါန်းမကြေတဲ့ စာရင်းတွေပါ။ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြိမ်ကြိမ် တောင်းဆိုနေပါတယ်။ NLD နဲ့ အတိုက်အခံတွေကလည်း အခါခါ တောင်းဆိုနေပါတယ်။ တနိုင်ငံလုံးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို လိုလား တောင့်တနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်စေချင်ရင်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် စေနိုင်တဲ့ စိတ်ဓာတ်နဲ့ အင်အားမျိုးကို ကျနော်တို့ စုစည်း ထူထောင်ရမယ်။ ဒီနေရာမှာ အရေး အကြီးဆုံးက ကျနော်တို့ စည်းလုံး ညီညွတ်ဖို့နဲ့ ရဲဝံ့ စွန့်စားဖို့ပဲ မဟုတ်လား ကိုဒေါင်းရေ…။

အားလုံး ကြောက်ရွံ့ ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

အောင်ဝေး
ဇွန် ၂၈-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts