>Tu Maung Nyo – No Way out According to Regime’s Law


>

စစ်အာဏာရှင်ရဲ့ ဥပဒေ ဆိုတာအောက် လုံးပါးပါးကုန်ကြလိမ့်မယ်
တူမောင်ညို
ဇူလိုင် ၈၊ ၂၀၁၁
မူလအခြေအနေ ဆိုတာ
ဇူလိုင်လ ၇ ရက်နေ့ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၉) “KIA အဖွဲ့ က မီးရထားလမ်းနဲ့ တံတားတွေ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့တယ်” ဆိုတဲ့ သတင်း ဖေါ်ပြထားပါတယ်။
ဒီသတင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရဲ့ “မူလအခြေအနေ နီးပါး ရောက်ရှိခဲ့ပြီ” ဆိုတဲ့ စကား ချေဖျက်ပစ်လိုက်ပြီး၊ “KIA နဲ့ အပစ် မရပ်နိုင်သေးဘူး” ဆိုတဲ့ အချက်ကို သက်သေ ပြသနေပါတယ်။

မန္တလေး – မြစ်ကြီးနား မီးရထားလည်း ပုံမှန် မပြေးဆွဲနိုင်သေးဘူး။ ကချင်ပြည်နယ် အတွင်းက ပြည်သူများလည်း ကြောက်ရွံ့ စိုးရိမ်မှုတွေ ဆက်လက ရှိနေဆဲပါ။ တပြည်လုံး ပြည်သူ လူထုကြီးက ဒီအရေးအတွက် ရတက်မအေး ဖြစ်နေရဆဲပါ။ ပြည်သူလူထုကြီး တစ်ရပ်လုံးက တကယ့် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်ကြသူတွေပါ။
“ဘယ်အစိုးရ လက်ထက်မှာမှ မရရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေး” ဆိုတာရဲ့ တကယ့် သရုပ်မှန်ကို ပြည်သူ လူထုက လက်ငင်း လက်တွေ့ သိမြင်နေခဲ့ကြပြီပဲ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ရုရှားခရီးစဉ် (၂၅ ဇွန်) ထွက်ခွာသွားပြီးတဲ့နောက်၊ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပြည်ထဲရေးဝန်ကြီးက “အကြောင်းကြားစာ” ( ၂၈ ဇွန်) ပေးပို့ ပါတယ်။
တပြိုင်နက်ထဲမှာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ“လွှတ်တော် အထူး အစည်းအဝေး” တွေ (၂၈ ဇွန်) စတင် ကျင်းပ ခဲ့ပါတယ်။ ထူးခြားတဲ့အချက်က လွှတ်တော် အစည်းအဝေးတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပတာမဟုတ်ပါဘူး။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့ရဲ့ လွှတ်တော် အထူး အစည်းအဝေး(ပထမနေ့)ကို ဇွန်လ ၂၈ရက်နေ့မှာ စတင် ပါတယ်။
ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က ဇွန်လ ၂၉ ရက်နေ့မှာစတင်တာပါ။
ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသ ကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာတော့ ဇွန်လ ၃၀ ရက်နေ့မှ စတင် ကျင်းပါတယ်။
ကရင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး(ပထမနေ့)ကို ဇူလိုင်လ၄ရက်နေ့မှာစတင်ခဲ့ပြီး။ မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး(ပထမနေ့) ကိုတော့ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ပါတယ်။

ပိတ်လိုက် ဖွင့်လိုက် လွှတ်တော်
နောက်တစ်ချက်က ဇူလိုင်လ (၁) ရက်နေ့ မှာ “ရုပ်သိမ်းတယ်” လို့ သတင်းစာမှာ ဖေါ်ပြထားတဲ့ “စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေး (စတုတ္တနေ့) ” ကို “တည်” ပြီး ပြောရမယ် ဆိုရင် အထူး အစည်းအဝေးတွေဟာ ၄ ရက်ပဲ ကျင်းပ ပုံပေါ်ပါတယ်။ ဒါပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးနဲ့ တစ်နေ့ထဲကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေး (စတုတ္တနေ့) ကိုတော့ “ရပ်နား” လို့ ပဲ သတင်းမှာ ဖေါ်ပြထားပြန်ပါတယ်။ “ရုပ်သိမ်း” နဲ့ “ရပ်နား” တာ မတူပါဘူး။ ရုပ်သိမ်းတာက ပြီးဆုံးပြီ ဆိုတဲ့သဘောပါ။ ရပ်နားတာတော့ ရှေ့ဆက်ဦးမယ် ဆိုတဲ့သဘော ပါဝင်ပါတယ်။ ထားပါတော့။
ဒါ့အပြင် ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေးကိုလည်း ပထမနေ့နဲ့ ဒုတိယနေ့ ကျင်းပတဲ့သတင်းကိုပဲ ဖေါ်ပြပြီး တတိယနေ့နဲ့ စတုတ္တနေ့ သတင်းတွေ ဖေါ်ပြတာ မတွေ့ရတော့ပြန်ပါဘူး။
ဇူလိုင်လ ၄ ရက်နေ့က ပထမနေ့ အစည်းအဝေး စတင်တဲ့ ကရင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး သတင်းကတော့ ဒုတိယနေ့အထိ ဖေါ်ပြထားသော်လည်း ယခု ဆောင်းပါးရေးတဲ့နေ့ ( ၈ ဇူလိုင်) အထိ တတိယနေ့နဲ့ စတုတ္တနေ့ အစည်းအဝေး ကျင်းပတဲ့ သတင်း ဖေါ်ပြတာ မတွေ့ရပါဘူး။

အထူးအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ
၂ ခုတွေ့ပါတယ်။
ပထမတစ်ခုက တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွေအားလုံးမှာ တစ်ပုံစံတည်း လုပ်ကြရတဲ့ “ဝန်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်း” တာ ဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုထဲကြောင့် အထူး အစည်းအဝေး ခေါ်တာ မဟုတ်လောက်ပါဘူး။
ဒုတိယတစ်ခုက “အဆို” တင်ပြ ဆုံးဖြတ်တာ ဖြစ်ပါတယ်။
အဆိုတင်ပြ ဆုံးဖြတ်တာမှာလည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာပဲ တွေ့ရပြီး ကျန်တဲ့ တိုင်း ဒေသကြီးများနဲ့ ပြည်နယ်တွေမှာတော့ အဆိုတင်တာမတွေ့ရပါဘူး။ နောက်ဆုံးမှ ကျင်းပနေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွေမှာ အလားတူ အဆိုမျိုးတွေ တင်နိုင်ဖွယ်ရှိပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေကြီးသနဲ့ ရှမ်းပြည်နယ်တို့မှာ တင်ပြတဲ့ အဆိုတွေကတော့ အောက်ပါ အတိုင်းပါပဲ။

ကချင်ပြည်နယ်လွှတ်တော် (တတိယနေ့)
“ကချင်ပြည်နယ်သူ ပြည်နယ်သားများ၏ ပကတိ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီ ရရှိမှုတို့ကို ဟန့်တားနှောင့်ယှက်သော လုပ်ရပ်များအား ရပ်ဆိုင်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူတို့ ၏ အကျိုးစီးပွား ဖော်ဆောင်ရေးအဆို”
(အဆိုတင်သွင်းသူ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ဦးအင်ဖရောင်းဂမ် )

စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် (တတိယနေ့)
“ကချင်ပြည်နယ်အခြေစိုက် KIAအဖွဲ့၏ ကချင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ် ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း ၊ ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း ၊ ဟန့်တား နှောင့်ယှက်ခြင်း၊ ပြည်နယ်အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အရပ်သားများအား KIA မှ ဖမ်းဆီး ခေါ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း”
(အဆိုတင်သွင်းသူ – စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) မှ ဦးစန်းမောင် )

ရှမ်းပြည်နယ် လွှတ်တော် (ပထမနေ့)
“ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သို့ ရောက်ရှိရန် တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးပါသည့် အတွက် လက်ရှိ
နိုင်ငံတော်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေကြသောကိစ္စရပ်များ ရပ်တန့်ပြီး အမြင်မတူညီမှုများကိုလူထုနည်းဖြင့် လွှတ်တော် တွင်ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြရန် ”
(အဆိုတင်သွင်းသူ – ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွန့် )

အကယ်၍ ကရင်ပြည်နယ်တွေနဲ့ မွန်ပြည်နယ် လွှတ်တော်တွေမှာ အဆိုတွေ တင်ခဲ့မယ် ဆိုရင်လည်း အလားတူ အဆိုမျိုး သာလျှင် ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဘယ် အဖွဲ့အစည်းတွေကို ဦးတည်ချက် ထားလိမ့်မယ် ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါ။
ဒီလိုပုံစံအတိုင်းသာ ဆိုရင် “အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် အထူး အစည်းအဝေး” တွေပါ ဆက်လက် ကျင်းပသွားမယ့် သဘော ရှိနေပြီး၊ ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေးပါ ခေါ်နိုင်တဲ့ အနေအထား ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အဆိုတွေ ကြည့်လိုက်တာနဲ့ ဘယ်သူတွေကို ဦးတည်ပြီး ဘယ်လို ရည်ရွယ်ချက်ထားသလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါတယ်။
(NLD) (KIA) (SSA) တို့ကို ဦးတည်နေပါတယ်။

ဘောလုံးကွင်းထဲကနေ လွှတ်တော်ထဲ ၀င်လာတဲ့ လူစု
တကယ်တော့ ဒီအဆိုတွေဟာ တချိန်က ကြံ့ဖွံ့အသင်းက ပြည်နယ်နဲ့တိုင်း အသီးသီးက ဘောလုံးကွင်းတွေထဲမှာ ကျင်းပခဲ့တဲ့ “လူထု အစည်းအဝေးပွဲ” ဆိုတာတွေမှာ တင်တဲ့ အဆိုတွေပဲ ဖြစ်ပါတယ်။
အခု“လွှတ်တော်” တွေ ရှိလာတော့၊ လွှတ်တော်ထဲမှာလည်း ကြံ့ဖွံ့ပါတီက လက်ဝါးကြီးအုပ် အများစု နေရာ ရရှိထားလေ တော့ လွှတ်တော်ထဲမှာ တင်ပြတဲ့ အဆိုတွေ ဖြစ်လာတာပါ။ သိပ် မထူးဆန်းပါဘူး။
တပြည်လုံးက မျှော်လင့် တောင့်တနေတဲ့“အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆို/ပြည်တွင်း ငြိမ်းချမ်းရေး” အဆိုတွေတော့
ဖြစ်လာမှ မဟုတ်တာတော့ သေချာပါ။
အဲဒီလို အဆိုမျိုး တင်ရင်လည်း “ဦးဗညားအောင်မိုး တင်သွင်းခဲ့ဖူးတဲ့ အဆိုလိုပဲ” အရှုံးနဲ့အဆုံးသတ်ရမှာပါ။
ကြံ့ဖွံ့ဘက်က တင်တဲ့ အဆိုကိုလည်း ကန့်ကွက် ပယ်ချနိုင်မှာ မဟုတ်ပါဘူး။
လွှတ်တော်ထဲမှာ သူတို့က အများစု။ လွှတ်တော် အားလုံးရဲ့ ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌတွေဟာ ကြံ့ဖွံပါတီက ချည်းပဲ ဖြစ်တယ်။
ဒီအဆိုတွေကိုသာ တင်ပြီး ဆုံးဖြတ်လုပ်ကိုင်နေကြမယ် ဆိုရင်တော့ “လွှတ်တော်တွေ” ထဲမှာလည်း ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အလားအလာ/အဖြေရှာနိုင်မယ့်အလားအလာမတွေ့ရပါဘူး။

အဓိကကျတဲ့ပြဿနာက
“နိုင်ငံရေးပါတီ ဖျက်သိမ်းဖို့/ အပစ်အခတ် ရပ်စဲဖို့/ (BGF)ဖွဲ့ဖို့/ လက်န က်ချဖို့” မဟုတ်ပါဘူး။
နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ ဖြစ်ပါတယ်။
ဒီမိုကရေစီ အခွင့်အရေး ပြည့်ပြည့်ဝဝ ရှိမယ် / တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် ခိုင်မြဲတဲ့ အာမခံချက် ရှိမယ် ဆိုတဲ့ အဖြေကိုသာ ပီပီပြင်ပြင် ရရှိမယ် ဆိုရင် ကျန်တဲ့ ပြဿနာတွေဟာ ငှက်ပျောသီး အခွံနွှာသလောက်တောင် မခက်ခဲနိုင်တော့ပါဘူး။
ဒီအချက်ကို (ဖဆပလ) အစိုးရကနေ (နဝတ-နအဖ) စစ်အစိုးရအထိ အစိုးရအဆက်ဆက်က ရှောင်လွှဲခဲ့ကြပြီး။ အပြုတ် တိုက်ရေး/ သောင်းကျန်းသူ ချေမှုန်းရေး/ လက်နက်ချရေးပဲ လုပ်ခဲ့တယ်။
ဒီတော့ ပြည်တွင်းစစ်လည်းမရပ်စဲနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးလည်း မတည်ဆောက်နိုင်ခဲ့ဘူး။
တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ မွဲပြာကျခဲ့ရတယ်။
ဦးသိန်းစိန် အစိုးရသစ်ကလည်း (နဝတ-နအဖ) စစ်အစိုးရရဲ့ အမွေခံလို့ ပြောနေတာပဲ။ (နဝတ-နအဖ) စစ်အစိုးရ ခင်း ပေးတဲ့ လမ်းပေါ် လျှောက်နေတာလို့ ပြောနေလေတော့ ဘာအဖြေမှ ရနိုင်ဖို့ လမ်းမမြင်ပါဘူး။

လူထုအစွမ်းနဲ့ ဖော်ဆောင်ရမယ့် သော့ချက်
ပြဿနာရဲ့သော့ချက်က “ဒီမိုကရေစီ အခွင့်အရေးပြည့်ပြည့်ဝဝရှိရေး / တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ခိုင်မြဲတဲ့ အာမခံချက်ရှိရေး” ဆိုတဲ့ အချက်သာလျှင် ဖြစ်တယ်။
ဒီအချက်ကိုရဖို့ တမျိုးသားလုံး တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ပါဝင် ဆွေးနွေး ဆုံးဖြတ်နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကြီး တစ်ခု လိုအပ်တယ်။
ဒီလို ဆွေးနွေးပွဲကြီး ဖြစ်ဖို့လည်း တပြည်လုံး ပြည်သူ လူထု စွမ်းပကားနဲ့မှသာ စွမ်းဆောင်နိုင်ပါလိမ့်မယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀ဂ) နဲ့ အဲဒီ အခြေခံဥပဒေရ ဖွဲ့စည်းထားတဲ့ “လွှတ်တော်” တွေထဲမှာ “ဒီမိုကရေစီ အခွင့်အရေး ပြည့်ပြည့် ဝဝ ရှိရေး / တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ခိုင်မြဲတဲ့ အာမခံချက်ရှိရေး” ဆိုတဲ့ အချက်တွေကို ဘယ်တော့မှ ရနိုင်ပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀ဂ)နဲ့ “လွှတ်တော်” တွေထဲကနေ တဖြည်းဖြည်းချင်း ချဲ့ယူသွားမယ်/ ပြုပြင် ပြောင်းလဲယူသွား မယ်လို့ ပြော ပြောနေတဲ့ သူတွေကို ပြောချင်ပါတယ်။
အဲဒီ အခြေခံဥပဒေ ဘောင်ထဲမှာ အဲဒီ လွှတ်တော်ထဲမှာ ခင်ဗျားတို့သာ တဖြည်းဖြည်းနဲ့ လုံးပါး ပါးသွားပါလိမ့်မယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts