>Albany Burmese Community Thagyan

>

အော်ဘာနီမြို့ရှိမြန်မာတိုင်းရင်းသားမိသားစုများ၏ ၇ ကြိမ်မြောက်ရိုးရာသင်္ကြန်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

မိုးမခ၊ ဇူလိုင် ၈၊ ၂၀၁၁ (ဓာတ်ပုံ – အော်ဘာနီနဲ့ နယူးယောက် ပြည်သူ့ဂုဏ်ရည်အဖွဲ့)

အော်ဘာနီမြို့မြန်မာတိုင်းရင်းသားမိသားစုများ၏ ၇ ကြိမ်မြောက်ရိုးရာသင်္ကြန်ပွဲကို ဇူလိုင်လ ၃ ရက်၊ တနင်္ဂနွေနေ့က Riverfront Park တွင်ကျင်းပခဲ့ရာ ရပ်နီးရပ်ဝေးမှ ဧည့်ပရိသတ် တထောင်ဝန်းကျင်ခန့် လာရောက်ဆင်နွဲခဲ့ကြသည်။ အော်ဘာနီမြို့တွင်ရိုးရာသင်္ကြန်ပွဲကို ၂၀၀၅ ခုနှစ်ကစတင်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၇ ကြိမ်မြောက်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြစ်စေရန်အတွက် မြို့ခံလူငယ်မောင်မယ်များရဲ့ ယိမ်းအကများ၊ မြို့ခံဒိုးပတ်အဖွဲ့၏ သံချပ်များနှင့် သီချင်းများ၊ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာအကများဖြင့်ဖျော်ဖြေခဲ့ကြကြောင်းနှင့် ယူတီကာမြို့ကလူငယ်မောင်မယ် များကလည်း အဆို၊ အကများဖြင့် လာရောက်အားဖြည့်ပေးခဲ့ကြကြောင်းသိရှိရသည်။

နေ့ခင်း ၁၂ နာရီ မှ ညနေ ၅ နာရီကျော်အထိ ကျင်းပခဲ့သောသင်္ကြန်ပွဲတွင် လာရောက်ဆင်နွဲခဲ့ကြသောဧည့်ပရိသတ်များကို မြို့ခံတိုင်းရင်းသားမိသားစုများက ဒန်ပေါက်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ဝက်သားဒုတ်ထိုး၊ ထမင်းဟင်းအစုံ၊ အသားကင်များ၊ မုန့်လက်ဆောင်း၊ မုန့်ဟင်းငါး၊ ဘူးသီးကြော်၊ ပဲပင်ပေါက်ကြော်၊ ဆီထမင်း၊ ကျောက်ကျော၊ လက်ဘက်ရည်၊ အချိုရည်များ၊ သစ်သီးစုံ စသည့်အစားအစာမျိုးစုံအလျံပယ်ဖြင့် စေတနာသဒ္ဓါတရား ထက်သန်စွာဧည့်ခံကျွေးမွေးခဲ့ကြသည်။

၂၀၀၅ ခုနှစ်မှယခုချိန်ထိသင်္ကြန်ပွဲများကို ဒေသခံတိုင်းရင်းသားများစုပေါင်းဖွဲ့စည်းထားသော ရိုးရာသင်္ကြန်ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ် ဧပြီလသင်္ကြန်ကာလတွင် နီးစပ်ရာမိတ်ဆွေများစုစည်း၍ အိမ်တအိမ်တွင် မြန်မာပြည်အလွမ်းပြေသင်္ကြန်ပွဲ အဖြစ်ဆိုကြတီးကြရာမှ နောက်တနှစ်ကစပြီး Riverfront Park တွင်အော်ဘာနီမြို့သင်္ကြန်ပွဲ နှစ်စဉ်ကျင်းပလာခဲ့ကြောင်း ပွဲစီစဉ်သူတဦးဖြစ်သူ ကိုထွန်းထွန်းကပြောပါသည်။

ယခုကဲ့သို့ ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ်မပျက်မကွက် ကြိုးစား ကျင်းပနေကြခြင်းမှာ မြန်မာပြည်အလွမ်းပြေအဖြစ်သာမက အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားကြီးပြင်းလာကြသော မိမိတို့၏မျိုးဆက်များ မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်မကင်းဝေးစေရန်၊ သင်္ကြန်ပွဲကိုအခြေပြု၍ မိမိတို့တိုင်းရင်းသားများစုစည်းမိစေရန်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကိုပါဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်း ပွဲစီစဉ်သူနောက်တဦးဖြစ်သူ ကိုလေးညိုကပြောပါသည်။

အော်ဘာနီမြို့သင်္ကြန်ပွဲကိုရောက်သွားတာ မြန်မာပြည်ပြန်ရောက်သွားသကဲ့သို့ခံစားရကြောင်း၊ မြန်မာ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များကို လွန်ခဲ့သောအနှစ် ၂၀ ကျော်က မြန်မာပြည်တွင်တွေ့ရှိခဲ့ရသည့်အတိုင်း မပြောင်းမလဲပြန်လည်တွေ့ရှိရကြောင်းနှင့် ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းထားနိုင်သည့်အတွက် ဂုဏ်ယူမိကြောင်း၊ မြို့ခံများကလည်း မိမိငယ်စဉ်မြန်မာပြည်တွင် နေခဲ့စဉ်က မြန်မာ့ဓလေ့ထုံးစံအတိုင်း ခင်ခင်မင်မင်နှင့် ဖော်ဖော်ရွေရွေ၊ ရင်းရင်းနှီးနှီးရှိကြသည့်အတွက် ဝမ်းသာကြည်နူးမိကြောင်း၊ နောင်နှစ်များတွင်လည်း အော်ဘာနီမြို့သင်္ကြန်ပွဲကို မပျက်မကွက်သွားရောက်ဆင်နွဲဦးမည်ဖြစ်ကြောင်း နယူးယောက်မြို့ကသွား ရောက်ခဲ့သူတဦးကပြောပါသည်။

ယခုနှစ်သင်္ကြန်ပွဲကို အော်ဘာနီမြို့ပြည်သူ့ဂုဏ်ရည်မိသားစုများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းလုပ်အားပေးခြင်း၊ အစားအသောက်များ လှူဒါန်းကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် ဝင်ရောက်ဆင်နွဲခဲ့ကြကြောင်းသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts