>2PP – 7th July Poem

>

အပ္ပမာဒ ပြန်တမ်း
2PP
ဇူလိုင် ၇၊ ၂၀၁၁

ခံစားချက် ဆိုတာ..
ကားဆီဖြည့်သလို ဖြည့်လို့ရတဲ့အရာ မဟုတ်ဘူး ။
ရေစီးကြောင်း ဆိုတာ…
ခုတ်ထစ်ဖြတ်ပိုင်းလို့ရတဲ့အရာ မဟုတ်ဘူး ။
သမိုင်း ဆိုတာ…
စားပြီးပစ်လိုက်လို့ ရတဲ့ ကျွတ်ကျွတ်အိတ်ခွံ မဟုတ်ဘူး ။

ငါတို့သမိုင်းထဲက အဲဒီနေ့
မျိုးဆက်လှိုင်း အဆက်ဆက်မမေ့ဘူး …။
ငါတို့မမေ့ဘူး
“ဇူလှိုင် (၇) ရက်နေ့ကို ” ။

အဲဒီ သမိုင်းကို မသိဟန်ဆောင်နေရင်တော့
ဆွံ့အနေတဲ့ အကန်းဘဲ
မျက်စိကန်းသူ မမြင်ပေမယ့်
အလင်းဟာ အလင်းပဲ…။

မမြဲခြင်းတွေက ထာဝရမြဲတယ်…
မီးနီပြတားမရတဲ့ သင်္ခါရသဘော …
အတ္တငွေ့တထောင်းထောင်းထလို့
ကိုယ်စိုက်ခဲ့ သမျှ ကိုယ်ပြန်ရိတ်သိမ်းဖို့ မမေ့နဲ့ …။

အဆုံးသတ်တစ်နေ့ ဆိုတာ ရှိတယ်
“ကောင်းကင်နဲ့ မြေကြီး ကဲ့သို့
လူမိုက်နဲ့ တရားသဘော …ဝေးတယ်”။
ဘုရားဟောတွေက
ခေတ်အဆက်ဆက် သွေးထွက်အောင်မှန်တယ်ဆိုတာ….
မမေ့နဲ့ …။ ။

(၆) ရက်နေ့ ၊ ဇူလှိုင်လ ၊ ၂၀၁၁ ခုနှစ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts