>SF Bay Burmese Community to host 8888 23 year Event in solidarity

>

ဆန်ဖရန်ဘေးဧရိယာ မြန်မာဒီမိုကရေစီအင်အားစု ၈လေးလုံး ၂၃နှစ် တစုတစည်းတည်း ဦးတည်ကြမည်
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၆၊ ၂၀၁၁
          ဇူလိုင်လ ၁ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာရောက် မြန်မာဒီမိုကရေစီရေး လှုပ်ရှားနေကြသော တိုင်းရင်းသားများ၊ အစုအဖွဲ့များ၊ လုပ်ငန်းများ၊ မိသားစုများ လက်လှမ်းမီသမျှ ဖိတ်ခေါ်ပြီး ၈ လေးလုံး ၂၃ နှစ် သို့ရည်ရွယ်သည့် အစည်းအဝေးတရပ် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ပဏမအဖြစ် ဇွန်လ ၂၆ ရက် ကလည်း ကျင်းပခဲ့ပြီး ဖြစ်သည်။
          ၈ လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနားတရပ်ကို ဘေးဧရိယာတွင်တိုင်းရင်းသား၊ မြန်မာပြည်ဖွားအားလုံးနှင့် တစုတစည်းတည်း အတူတကွ ကျင်းပကြရန် ဆွေးနွေးကြသည်။ မပြီးဆုံးသေးသော မြန်မာပြည် ဒီမိုကရေစီရေးနှင့် အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲ၏ အထင်ကရ ၈ လေးလုံး အရေးတော်ပုံစိတ်ဓာတ်များ ထာဝရ ရှင်သန်စေရန်နှင့် လက်ဆင့်ကမ်းနိုင်ရေးအတွက် မိမိတို့ ဒီမိုကရေစီရေး တယောက်တလက် လုပ်ဆောင်နေသူတိုင်းတွင် တာဝန်ရှိကြကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ မိမိတို့ရောက်ရှိနေသည့် နေရာဒေသတွင် ညီညွတ်မှု လေးစားမှု ဖော်ဆောင်ရန်၊ တစုတစည်းတည်းဖြင့် မြန်မာပြည်၏ အရေးကိစ္စများကို ထောက်ခံအားပေးဆောင်ရွက်ကြရန်နှင့် မိမိတို့ ရေရှည်လက်တွဲပြီး မြန်မာပြည်အရေးကိစ္စများ ပြင်ဆင်ကြရန် အခြေခံမူများ ချမှတ်ပြီး ကျင်းပကြရေး သဘောထားများ ပေးကြသည်။
          ထိုသို့ အခမ်းအနားတရပ်ကို စတင်အကောင်အထည်ဖော်ကြရန်အတွက် အခမ်းအနား၏ အခြေခံဦးတည်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရာဇ၀တ်မှုများကို ဖော်ထုတ် ကန့်ကွက်၊ တရားစီရင်နိုင်ရေးတို့ကို အခမ်းအနားတွင် တင်ဆက်ကြမည်ဖြစ်ပြီး ထိုအချက်များအခြေခံ၍ အများပြည်သူတို့ ၀ိုင်းဝန်းပါဝင်လာကြရန် စည်းရုံး လှုံ့ဆော်သွားကြမည်ဟု ဆုံးဖြတ်ကြသည်။
          အခမ်းအနားအဖြစ် သြဂုတ် ၆ စနေနေ့ ဥက္ကလံမြို့တွင် ဘာသာပေါင်းစုံက ၀တ်ပြုဆုတောင်း ကောင်းမှုပြုခြင်း၊ အခမ်းအနားကျင်းပခြင်း၊ ပြခန်း ပြပွဲများ တင်ဆက်ခြင်းနှင့် သြဂုတ် ၈ တနင်္လာနေ့ ဘာကလေးမြို့တွင် ၈ လေးလုံး နှစ်ပတ်လည် ဘားမားဒေး အလံတင်အခမ်းအနားသို့ တက်ရောက်ကြခြင်းတို့ကို ၀ိုင်းဝန်း စုပေါင်း ဆွေးနွေးပြီး ဆောင်ရွက်သွားကြမည်ဟု သဘောတူကြသည်။ တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၏ သဘောထားများ၊ တင်ဆက်မှုများကိုလည်း လိုက်လံ ရယူ ဖိတ်ခေါ် ကြိုဆိုပြီး အများပြည်သူ၏ လှုပ်ရှားမှုအဖြစ် ဖော်ကျူးမည်ဖြစ်သည်။
          ယခုလက်ရှိတွင် မြန်မာ၊ ရခိုင်၊ ကရင်၊ ကချင်၊ ကရင်နီ၊ မွန်၊ ချင်း၊ ရှမ်း အစရှိသည့် တိုင်းရင်းသားမိသားစုများ၊ ဘေးဧရိယာရှိ ABSSF, BADA, BAWA, NLD – LA (ဆန်ဖရန်ဘေးဧရိယာ), လူ့ဘောင်သစ်ပါတီဝင်များ၊ သုံးရောင်ခြယ် အဖွဲ့ဝင်များ စတင်ပါဝင်ကြသည်ကို တွေ့ရသည်။ အဖွဲ့အစည်းများကို တိုက်ရိုက်ကိုယ်စားပြုခြင်း မရှိသော်လည်း တိုင်းရင်းသားမိသားစုမျာအနေဖြင့်၎င်း၊ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ပါဝင်လက်တွဲကြရန် လိုက်လံဖိတ်ခေါ်လျက်ရှိသည်ဟု ဆိုသည်။ သတင်းပြန်ကြားရေး လုပ်ငန်းများလုပ်ကိုင်ရန်အတွက် မိုးမခမီဒီယာက ဒေသံခံအဖြစ် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည် ဖြစ်သည်။
          လက်ရှိဆက်သွယ်ရန် ၈လေးလုံး ၂၃ နှစ် အခမ်းအနားဖြစ်မြောက်ရေး ကော်မီတီတရပ်ကို ဖွဲ့စည်းထားပြီဖြစ်၍ လုပ်ငန်းတာဝန်ခံများအဖြစ် ပဏာမဆက်သွယ်ရန် ကိုခိုင်ကျော် (925-207-5696)က အခမ်းအနားရေးရာ၊ ကိုအောင်ဇာနည် (661-345-7935) က စည်းရုံးရေးရာ၊ ကိုမောင်ရစ် (510-851-6501) က ပြန်ကြားရေးရာ၊ မအေးရည်ဋ္ဌေး (510-712-4946) က ဘဏ္ဍာရေးရာ တို့ကို သတ်မှတ်ထားသည်။ 

(Photo Credit – http://burmadigest.info/2008/07/12/unforgettable-8888/ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts