>treasure of my life, poems from my heart – 23

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၃)
တင်မိုး
ဇူလိုင် ၂၊ ၂၀၁၁



“—မာန်တဖီဖီ ဟန်တချီချီနဲ့ စစ်ချီ သီချင်းတွေချည်းပဲ ဆိုနေတဲ့နှုတ်ဖျားက နှလုံးသားကိုအေးမြစေတဲ့ ချိုးဖြူကလေးရဲ့တေးကို ဆိုချင်ပါ့မလား—“


၁။
အို … ထွီ …။
တလောကလုံး ဖုံးလေတဲ့အမှောင်။

ဘယ်ကြည့်ကြည့် … အမှောင်တွေသာ ဖုံးနေလေရဲ့။ ဒီအမှောင်ကိုပျောက်အောင် ငါတို့တတွေ ကြိုးပမ်းရဦးမယ်။ ကိုယ်စွမ်းဉာဏ်စွမ်း အစွမ်းရှိသမျှ အသုံးချပြီး အမှောင်ညတွေကို တိုက်ထုတ်ရဦးမယ်။

အင်း … ကိုယ့်မွေးရာတိုင်းပြည်ကို ပြန်လည်အောက်မေ့ တမြည့်မြည့် လွမ်းဆွတ်မိသေးတော့။
အသက်ကလည်း တရွေ့ရွေ့ကြီးပြင်း၊ ငါ့သီချင်းတွေလည်း ခံစားမှုသစ် အားမာန်သစ်တွေမှ ပေးနိုင်ပါ့မလား မသိ။

င့ါမှာလည်း သားသမီးရတနာတွေသာမက မြေးရတနာတွေ ထွန်းကားခဲ့ပြီ။ မျိုးဆက်သစ်တွေ ပေါက်ဖွား လာခဲ့ပြီ။ ဒီမျိုးဆက်သစ်တွေအတွက် အမှောင်ညတွေကို ကလောင်မချဘဲ ဆက်လက် တိုက်ပွဲဝင်ရပေဦးမယ်။

ဒီလိုအတွေးစကလေး ၀င်းခနဲ လက်ခနဲ ၀င်လာတော့ ဒီကဗျာကလေးကို ရေးမိပေသပေါ့။ မိုးပွင့်၊ မိုးဥ၊ စန္ဒရာ၊ မာယာ စတဲ့ မြေးတို့တခေတ် ထွန်းသစ်နိုင်ရေး ကလောင် သွေးမိပြန်ပါရဲ့။

ထီးကျိုးကလေးနဲ့မြေးအဖိုး

ထီးကျိုးကလေး ချိုင်းညှပ်ပြီး
ဟီးနိုးဘတ်စ်ပေါ်မှာ
မိုးတိုးမတ်တတ် လိုက်ပါရင်း
ရန်ကုန်မှာ ကျင်လည်ခဲ့ရတဲ့ဘဝ
လွမ်းပါလှသလေ။

ထီးကျိုးကလေးနဲ့ မြေးအဖိုး
ဘ၀မှာ ဇီးရိုးပေမယ့်
ဟီးရိုးလို့စိတ်ထင်
ကလောင်တချောင်းနဲ့
အောင်မောင်းသံတလွင်လွင်နဲ့
တိုက်ပွဲဝင်ဖို့ ပြင်လေဦးမှ
သမီးတို့ မြေးတို့ဘဝ
အရေးတော်လှပေလိမ့်။

ဆံဖြူသွားကျိုးပေမဲ့
ငါ့ကလောင်မကျိုးသေး
တမျိုးသားလုံး နိုးကြားဖို့
ကြိုးစားပြီး ကြေးစည်ထုရဦးမယ်
ယခုလို အခါမျိုးမှာ
ကဗျာမိုးတွေက ကျည်ဆံဖြစ်ပြီး
ပြည်လှန်ပစ်လိုက်ချင်စမ်းပါဘိ
မျိုးဆက်သစ်လူငယ်အပေါင်း
အို … ခွပ်ဒေါင်းတို့လေ …။

၂။
ပြည်ပရောက်ခါမှ သွားလိုက်ရတဲ့ခရီး။ ကိုယ့်နိုင်ငံသားဆွေမျိုးများက ပျူပျူငှာငှာဖိတ်ခေါ်ပြီး ကဗျာပွဲတော်၊ စာပွဲတော် ကျင်းပကြတယ်။

ကိုယ်ကလဲ လေယာဉ်ခရီးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာမဟုတ်။ ဖုတ်တထောင်းထောင်း လှည်းလမ်းကြောင်းက လာခဲ့တယ်။ မန်ကျည်းရိပ်၊ ထနောင်းရိပ်မှာ ချွေးမသိပ်တသိပ် အေးရိပ်ခိုခဲ့တယ်။ ခုတော့ လှည်းလမ်းကြောင်းက ခွာခဲ့ရပြီ။ လေယာဉ်ခရီး တ၀ီးဝီးနဲ့ မစီးချင် မစီးရဲလည်း စီးနေရပြီ။ ပျံချင်တိုင်း ပျံသန်းနေရပြီ။ ဒါပေမယ့် ငါ့တိုင်းပြည် ငါ့နိုင်ငံဆီသို့ ပျံသန်းလို့မရ။ ခရီးတထောက်နားလို့ မရပါကလား။

နယူးယောက်ခ် တိုကျို
အော်စလို လန်ဒန်
ပျံချင်တိုင်းပျံစမ်း
ကိုယ့်နိုင်ငံ ကိုယ့်မြို့ဆီကိုတော့
ပြန်လို့မရ ငါ့ဘ၀။

ကမ္ဘာတ၀န်းမှာ
ငါအလွမ်းဆုံးရိပ်မြုံ
ရွှေတိဂုံစေတီရှိရာ
ကိုယ့်ပြည်ကိုယ့်ရွာသို့
ဘယ်ခါကျမှ ပျံနိုင်ပါ့
လေယာဉ်ဘယ်တော့ဆိုက်နိုင်ပါ့။

သည်မှာ မင်္ဂလာဒုံ
သည်မှာ ရွှေတိဂုံလို့
အာရုံညွတ်တမ်း
စိတ်ကပဲမှန်းလိုက်ရ
အိမ်ပြန်လမ်းစ မှုန်ပျပျ။

အာဇာနည် “စု”၊ ဗမာပြည်လူထုအတွက်
လာပါပြီ … ယခု လမ်းသစ်ဖောက်နေဆဲ
ဝမ်းမြောက်ဖွယ်သတင်းစောင့်ရင်း
အလင်းထောင့်ပြင်ပတနေရာက
ရွှင်ပျစွာ ကြိုဆိုနေမိတယ်။

ဒေါ်စုကိုပဲ ပုံပြီးအားကိုးမိ။ ဒေါ်စုသည်သာမျှော်လင့်ချက်။ ဒေါ်စုသည်သာ အလင်းရောင်။ ဒေါ်စု အညာမြေ ခရီးဆန့်တဲ့သတင်းတွေ နားထောင်ရင်း တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းကလေးကို မျှော်မှန်းကြည့်မိတယ်။ သွေးစွန်းနေတဲ့လက်တွေက သံလွင်ခက်ကလေးကို ကိုင်ချင်ပါ့မလား။ မာန်တဖီဖီ ဟန်တချီချီနဲ့ စစ်ချီ သီချင်းတွေချည်းပဲ ဆိုနေတဲ့နှုတ်ဖျားက နှလုံးသားကိုအေးမြစေတဲ့ ချိုးဖြူကလေးရဲ့တေးကို ဆိုချင်ပါ့မလား။

၃။
ဒီတခေါက် အမေရိကကိုရောက်တော့ ခါတိုင်းနဲ့မတူ အပူက ပြင်းနေတယ်။ ဇွန်၊ ဇူလိုင်လတွေမှာ တံခွန် ထူအောင် အပူဖြိုင်ဖြိုင်ကျနေပါကလား။ သစ်ပင်တွေက စိမ်းမြမြ၊ ချားလ်မြစ်ကမ်းစပ်က ဟားဗဒ် တက္ကသိုလ်ကလည်း လှမှလှ။ မြန်မာ့နွေကာလကို သတိရမိပါသေးရဲ့။ နေရှိန်ကလည်းတိုက်၊ ခြင်ကလည်းကိုက်၊ ချွေးပြိုက်ပြိုက်ကျ။ “အမလေး” တရတဲ့ အညာက နွေရာသီကိုတော့ ဘယ်နိုင်ငံကမှ လိုက်လို့မမီနိုင်။ ဒီလိုဝန်းကျင်၊ ဒီလိုခံစားမှုတွေ ဆက်စပ်ပြီး အတွေးက တဖျပ်ဖျပ်။ စစ်ဖိနပ်သံတွေ ကြားယောင်ယောင်၊ မိုးခေါင်ခေါင်မှာ မျိုး မအောင်နိုင်တဲ့စိုက်ခင်းပျိုးခင်းတွေဆီ အာရုံရောက်လိုရောက်နဲ့ ရောက်တတ်ရာရာ တွေးမိတယ်။ မိုးဖြိုင်ဖြိုင်ရွာပါစေလို့ ဆုတောင်းမိတယ်။

စစ်မိုးသံ တခြိမ်းခြိမ်း
ချွေးသံတွေ အလိမ်းလိမ်းနဲ့
လေစိမ်းကလေးမှ မတိုက်
သူမတူ ပူအိုက်တဲ့ငါ့တို့မြေ
လွတ်လပ်မိုးခေါင်ပလေ။

ကျတ်တီးကုန်း ကျောက်စရစ်မှာ
ပင်သစ်တွေ ဘယ်လိုပျိုး
ရွှေမိုးတွေ ဖြိုင်ဖြိုင်ရွာစေဖို့
ယာခင်းစောင့်တဲ့ ဖိုးအောင်ကျော်
မိုးခေါ်လို့ပေး ခေါ်လို့ပေး
ငါ့စိတ်တတွေးတွေး။

ယာခင်းစောင့်နတ်ဖြစ်တဲ့ အောင်ကျော်နတ်ကို မိုးခေါ်ခိုင်းတဲ့ ရှေးကတေးတစ ၀င်ရောက်လာတယ်။

လွတ်လပ်မိုးခေါင်နေတဲ့ မြန်မာနိုင်ငံအတွက် မိုးခေါ်လို့ပေးကြပါလို့ တောင်းချင်တဲ့ဆန္ဒ
မီးလျှံထသည့်နှယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၁)၊ သြဂုတ် ၂၀၀၂



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts