>Import Tax now reduced to 7 % by Burmese Regime

>

ပို့ကုန် အပေါ်ကောက်ခံခွန် ၁၀ ရာနှုန်းမှ ၇ ရာနှုန်းသို့လျော့
ခင်သန့်စင်၊ ရန်ကုန်
ဇူလိုင်၂၊ ၂၀၁၁
ပြည်ပပို့ကုန်မှ ရရှိသည့် ၀င်ငွေပမာဏအပေါ်မှ ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းကောက်ခံနေခြင်းအား ၇ ရာခိုင်နှုန်းသို့လျော့ချလိုက်သည့် သတင်းများ ယနေ့ထွက်ပေါ်လျက်ရှိပြီး ရန်ကုန်မြို့မှ လှိုင်သာယာ စက်မှုဇုန် ကော်မီတီ ဥက္ကဌ ဦးမြတ်သင်းအောင်ကလည်း အဆိုပါသတင်း မှန်ကန်သည်ဟု အတည်ပြုပြောဆိုခဲ့သည်။
ပြည်ပပို့ကုန် ၀င်ငွေမှ အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံသည်ဟု ယေဘုယျအားဖြင့် ဆိုသော်လည်း အမှန်တကယ်တွင်မူ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုများ၊ ၀န်ဆောင်မှုများ၊ နိုင်ငံခြားငွေဖြင့် လစာဝင်ငွေသာမကပဲ ပြည်ပမှ လူမှုရေးအကူအညီများအတွက် လွှဲလာသည့်ငွေကိုလည်း အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်မထုတ်ယူမီ ၁၀ ရာခိုင်နှုန်းဖြတ်တောက်ကောက်ခံ လျက်ရှိသည်ဟု နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်းများက ပြောသည်။
လွန်ခဲ့သည့် မေလ ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် အစည်းအဝေး တခု၌ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဦးဝင်းမြင့် (ယခင် အသင်းချုပ် ဥက္ကဌ။ ဓာတ်ပုံ တွင်ရှူ။ ) က  အဆိုပါ ပို့ကုန်ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ လျော့ချပေးမည်ဟု ကတိပေးပြောကြားခဲ့ဖူးပြီး နှစ်လ၀န်းကျင် အကြာတွင် ယခုကြေညာ အသိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုလများအတွင်း မြန်မာကျပ်ငွေနှင့်လဲလှယ်သည့် ဒေါ်လာငွေ တန်ဖိုး ၂၀ ရာခိုင်းနှုန်းကျော် ကျဆင်းခြင်း ကြောင့် စိုက်ပျိုးရေး ထွက်ကုန်များနှင့် ရေလုပ်ငန်းထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် တွက်ခြေမကိုက်သဖြင့် ပို့ကုန်သိသိသာသာ ကျဆင်းလျက်ရှိသလို အဆိုပါ စီးပွားရေး နယ်ပယ်မှ ထုတ်လုပ်သူများအနေဖြင့်လည်း လာမည့်လများတွင် အကျိုးဆက်ကို ခံစားလာရမည့် အလားအလာရှိနေသည်ဟု ထုတ်လုပ်သူနှင့် စီးပွားရေး လေ့လာသူများက ပြောသည်။
အစိုးရသစ် အာဏာမလွှဲယူမီ နှစ်ဆန်းပိုင်း လွှတ်တော်တွင် ပို့ကုန်ဝင်ငွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံခြင်းကို ပြင်ဆင်စဉ်းစားပေးပါရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တင်ပြဆွေးနွေးခဲ့သော်လည်း ထိုစဉ်က ငြင်းဆိုခဲ့ပြီး လအနည်းငယ်အကြာတွင် ယခုလို ၃ ရာခိုင်နှုန်းလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts